Sunday, September 07, 2014

ယခုဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံမှုမှ ကျပ်ဘီလျံ ၅၀၀၀ ရရှိရန် ဆောင်ရွက်နေ ပြီး သြဂုတ်လကုန်အထိ လုပ်ငန်းကြီးများထံမှ အခွန်ကောက်ခံရမှု မပါဝင်သေးဘဲ ကျပ် ၁၁၀၀ ဘီလျံကျော်အထိ ကောက်ခံရရှိထား


၂ဝ၁၄-၂ဝ၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံရရှိမှုအဖြစ် ကျပ်ဘီလျံ ၅ဝဝဝ အထိရရှိရန် ဆောင်ရွက်နေပြီး ဘဏ္ဍာနှစ်အစဖြစ်သည့် ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ လုပ်ငန်း ရှင်ကြီးများထံမှ အခွန်ကောက်ခံရမှု မပါဝင်သေးဘဲ ကျပ် ၁၁ဝဝ ဘီလျံကျော်အထိ ရရှိထားပြီးဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ သူရဦးသောင်းလွင်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားသည်။

လုပ်ငန်းကြီးများထံမှ ဝင်ငွေကြေညာလွှာအား ကောက်ခံရာတွင် ယခုနှစ် ဇွန်လကုန်အထိ ကောက်ခံခဲ့ပြီး လက်ရှိအချိန်တွင် လုပ်ငန်းကြီးများ၏ ဝင်ငွေကြေညာလွှာအား စိစစ်နေဆဲသာဖြစ်ကြောင်း သူရ ဦးသောင်းလွင်က ဆက်လက်ပြောကြားသည်။

လက်ရှိကောက်ခံ ရရှိထားသည့် အခွန်ဘီလျံ ၁၁၅၄ ဘီလျံခန့်သည် မင်္ဂလာဈေး၊ ယုဇနပလာဇာကဲ့ သို့သော သာမန် ရောင်းဝယ်ဖောက်ကားနေသော လုပ်ငန်းများထံမှဖြစ်ပြီး အခွန်ကောက်ခံမှု စိစစ်ကြပ် မတ်ရေး ဘုတ်အဖွဲ့၏ စိစစ်ကြပ်မတ် ကောက်ခံမှုကြောင့် ယမန်နှစ် ဘဏ္ဍာနှစ်၏ ဩဂုတ်လကုန်ပိုင်း ထက် ကျပ်သန်း ၂ဝဝ ကျော် ပိုမိုကောက်ခံနိုင်ခဲ့ကြောင်း သူရဦးသောင်းလွင်က ရှင်းလင်းပြောကြား သည်။

“ဘီလျံ ၁၁ဝဝ ကျော်ဆိုတာ အကြီးကြီးတွေ မပါသေးဘူး၊ အသေးလေးတွေဆီက ကောက်ထားတာ။ အကြီးကြီးတွေဆီက ဝင်ငွေခွန်ကြေညာလွှာ တောင်းထားတယ်။ ပြီးမှဘယ်လောက် ကျသင့်မယ်ဆိုတာ ဖြတ်ပြီးမှ ကောက်မယ်။ ဒီနှစ်က ပိုရဖို့မှန်းတယ်ဆိုတာက လုပ်ငန်းသစ်တွေလည်း များလာတယ်။ ဆက်သွယ်ရေးကဏ္ဍလို ဝန်ဆောင်မှု အသစ်တွေကနေ အခွန်တွေလည်း ပိုရလာနိုင်ပါတယ်” ဟု သူရဦးသောင်းလွင်က ဆိုသည်။

အာဆီယံနိုင်ငံများအနက် အခွန်ကောက်ခံမှုမှ ရရှိသည့်ငွေသည် တိုင်းပြည်၏ ဂျီဒီပီတွင် ပါဝင်မှု အနိမ့် ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်တွင် ပိုမိုစိစစ်ကောက်ခံနိုင်ခဲ့ပြီး နှစ်စဉ်အခွန် ရရှိငွေများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

အစိုးရသစ်လက်ထက် ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အခွန်အရပ်ရပ် ကောက်ခံရရှိခဲ့မှုတွင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလျံ ၁၅၃၈ ဒသမ ၇၆၆၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလျံ ၂၇၁ဝ ဒသမ ၉ဝ၆ နှင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် ကျပ်ဘီလျံ ၃၄၂ဝ ဒသမ ၇၅၄ ကောက်ခံရ ရှိခဲ့ကြောင်း သိရသည်။

အစိုးရသစ်လက်ထက် မတိုင်မီ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ် အမှန်ကောက်ခံရရှိ ခဲ့သော အခွန်ရငွေ ကျပ်ဘီလျံ ၁၂၂၂ ဒသမ ၈၄၄ နှင့် အစိုးရသစ်လက်ထက် ပထမနှစ်တွင် ကျပ်ဘီလျံ ၃၁၅ ဒသမ ၉၂၂၊ ဒုတိယ နှစ်တွင် ကျပ်ဘီလျံ  ၁၄၈၈ ဒသမ ဝ၆၂ နှင့် တတိယနှစ်တွင် ကျပ်ဘီလျံ ၂၁၉၇  ဒသမ ၉၁ဝ တိုးတက်ရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယခုနှစ်အတွင်း ကျင်းပသည့် အခွန်အများဆုံး ထမ်းဆောင်သူများအား ဂုဏ်ပြုသည့်ပွဲတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်းသုံးသောင်းကျော် ရှိသည့်အနက် ကုမ္ပဏီပေါင်း ၁၅ဝဝဝ ခန့်သာ လတ်တလော အခွန်ဆောင်မှုရှိနေပြီး အခွန်တိမ်းရှောင်မှု များပြားသည့် လုပ်ငန်းအုပ်စု ၆ဝ ခန့်ကို ခေါ်ယူသတိပေးမှု ပြုလုပ်ထားကာ ပညာပေးကာလ ကုန်ဆုံးပါက ထောင် ၁ဝ နှစ်အထိ အမြင့်ဆုံးပြစ် ဒဏ် ချမှတ်နိုင်သည့် အခွန်ဥပဒေဖြင့် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ယခုနှစ် မေလအတွင်းက ပြောကြားသည်။

အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်ရရှိခြင်း ရှိ၊ မရှိ စိစစ်ရန်၊ နိုင်ငံတော်အတွင်း ဆောင်ရွက်နေသည့် ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများမှ အခွန်ကောက်ခံရရှိမှုကို စိစစ်ရန်၊ ရသင့်ရထိုက်သော အခွန်ရရှိရေး၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိ အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ လေ့လာသုံးသပ်မှုများ ဆောင်ရွက်ရန် အခွန်ကောက်ခံမှု စိစစ်ကြပ် မတ်ရေး ဘုတ်အဖွဲ့ ကို ပြည်ထောင်စု အစိုးရအဖွဲ့က ၂ဝ၁၃ ခုနှစ် မေလအတွင်း ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။     

Eleven Media Group

No comments:

Post a Comment

My Blog List