Wednesday, September 10, 2014

တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ နယ်မြေအငြင်းပွားမှု ထိပ်တိုက်ဆွေးနွေးမည်


လွန်ခဲ့တဲ့ရက်ပိုင်းက ထိတွေ့ပစ်ခတ်ခဲ့ကြတဲ့  ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တို့ဟာ မကြာခင်ရက်ပိုင်းအတွင်း ထိပ်တိုက်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ဆွေးနွေး ပွဲကို  ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ  စက်တင်ဘာ ၁၁ ရက်နေ့ စတင် မှာဖြစ်ပြီး ပအိုဝ်းတပ်ဖွဲ့က တာဝန်ရှိသူတွေလည်း လာရောက်နေကြပြီလို့ ရှမ်ပြည်တပ်မတော်တောင် ပိုင်းအဖွဲ့ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။

တိုင်းရင်းသား ၂ ဖွဲ့က ခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ လင်းခေးခရိုင် မောက်မယ်မြို့နယ် ကတူးကြီးဒေသ နယ်မြေအငြင်းပွားမှု ကိစ္စတွေကို ဆွေးနွေးကြမှာပါ။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းက သူတို့ အုပ်ချုပ်ရေးနယ်မြေမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို) ကို အရင်က လှုပ်ရှားခွင့်ပြုခဲ့ပေမယ့် ပီအန်အယ်လ်အိုက အစိုးရနဲ့ အပစ်ရပ်ပြီး တဲ့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေရာမှာ သွားရောက်လှုပ်ရှားဖို့ တိုက်တွန်းပြီး ဆက်လှုပ်ရှားခွင့် မပေးတော့တာကို အကြောင်းကြားခဲ့ ပါတယ်။

ဒါပေမယ့် တဖက်ကလည်း အစိုးရက အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ပီအန်အယ်လ်အို အဖွဲ့ကို အဲဒီ ကဒူးကြီးဒေသမှာ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ လှုပ်ရှားနယ်မြေ သတ်မှတ်ပေးခဲ့ပါတယ်။

ဒီအခြေအနေမှာ   ပီအန်အယ်လ်အိုဘက်က တပ်စခန်းဆောက်ဖို့ ပြင်ဆင်တဲ့အတွက် စက်တင်ဘာ ၃ ရက်နေ့က နှစ်ဘက်တပ်အကြား ၂ နာရီကြာ ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မောက်မယ်မြို့နယ်ထဲက ကတူးကြီးကျေးရွာအုပ်စုထဲမှာ ကျေးရွာငယ်ပေါင်း ၆၀ ကျော်ရှိပြီး ဒေသခံတွေက စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပါတယ်။

ဒီဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဒုဥက္ကဋ္ဌ ၁ ဗိုလ်ချုပ်စိုင်းယီ့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့  ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့  ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒါ့အပြင် နှစ်ဖွဲ့စလုံးဘက်က မဟာမိတ်တပ်တွေ ဖြစ်ကြတဲ့ ကေအန်ပီပီ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီတူး နဲ့ ၀ အမျိုးသားအဖွဲ့ချုပ်က တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူး ညီလူတို့ပါ ပါဝင်မယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့က ထိပ်ပိုင်း ခေါင်းဆောင် တွေကြားမှာတော့ နဂိုကတည်းက ရင်းနှီးခင်မင်ကြပြီး တပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား အဖွဲ့တွေ အချင်းချင်းမို့  ငြိမ်းချမ်းတဲ့နည်းနဲ့ ပြေလည်အောင် ညှိနှိုင်းဆွေးနွေးနိုင်မယ်လို့ ၂ ဘက်စလုံးက မျှော်လင့်နေကြပါတယ်။

DVB

No comments:

Post a Comment

My Blog List