Wednesday, September 10, 2014

ယခုနှစ်အတွင်း ပြည်တွင်း၌ လူကုန်ကူးခံရသူ ၁၅၃ ဦးအထိ ရှိလာပြီး တရုတ်နိုင်ငံသို့ အများဆုံး လူကုန်ကူးခံနေရကာ အဓမ္မလက်ထပ်ရန်စေခိုင်းမှု အများဆုံးဖြစ်



၂ဝ၁၄ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်အထိ ပြည်တွင်း၌ လူကုန်ကူးခံရသူဦးရေ ၁၅၃ ဦးအထိရှိလာပြီး တရုတ်နိုင်ငံသို့အများ ဆုံး လူကုန်ကူးခံရကာ လူကုန်ကူးခံရမှုများမှာ ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားနှိမ်နင်းရေးရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ စက်တင်ဘာ ၉ ရက်တွင် စုံစမ်းသိရသည်။ 



ထိုသို့ လူကုန်ကူးခံမှုများထဲတွင် အမျိုးသမီးများအား အဓမ္မလက်ထပ်ရန်စေခိုင်းမှုမှာ အများဆုံးဖြစ်ပြီး ၄၈ မှုအထိ ပါဝင်ခဲ့ကာ အဓမ္မခိုင်းစေမှု ၁၄ မှုနှင့် ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု ၁ဝ မှုတို့ ပါဝင်လာခဲ့ကြောင်း သိရသည်။ 

ယင်းကဲ့သို့ လူကုန်ကူးခံခဲ့ရသည့်သူများအနက်မှ မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၇၇ ဦးတို့အား ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ယခုနှစ် ရှစ်လတာကာလအတွင်းဖြစ်ပွား


ခဲ့သည့် လူကုန်ကူးမှုစုစုပေါင်းမှာ ၇၂ မှု ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူဦးရေ ၁၅၃ ဦး အထိရှိလာကာ အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၁ဝ၈ ဦးတို့ ပါဝင်ကြောင်းလည်း သိရသည်။ 

အဆိုပါအမှုများထဲမှ လူကုန်ကူးမှုများအား ပြုလုပ်ခဲ့သည့် တရားခံစုစုပေါင်းမှာ ၂၁ဝ ဦးရှိပြီး ယင်းအနက် အမျိုးသားတရားခံ ၆၅ ဦးနှင့် အမျိုးသမီးတရားခံ ၇၉ ဦးတို့ကိုသာ ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံ ၆၉ ဦးမှာ ထွက်ပြေးလွတ်မြောက်နေသေးကြောင်း


လည်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဇန်နဝါရီ မှ ဩဂုတ်လအထိ စာရင်းဇယားများအရ သိရသည်။ 

“လူကုန်ကူးမှုဖြစ်စဉ်တွေထဲမှာ တရုတ်နိုင်ငံကို လူကုန်ကူးခံရတာတွေ အများဆုံးဖြစ်နေတယ်။ လူကုန်ကူးခံရတဲ့သူတွေ တချို့က တရုတ်မယားအဖြစ် လုပ်ရမယ်ဆိုတာ သိသိကြီးနဲ့ သွားတာတွေရှိတယ်။ အဲလိုသွားပြီး အဆင်မပြေမှ ပြန်ပြီး ထွက်ပြေးလာတာတွေ များတယ်။ အဓိက အဲဒီလိုသွားတဲ့ အမျိုးသမီးတွေက ကိုယ်နိုင်ငံမှာလုပ်ကိုင်ပြီးရတဲ့ငွေကြေးထက် ငွေကြေးပိုရတဲ့ တခြားနိုင်ငံကိုသွားပြီး အလုပ်လုပ်လိုကြတာဖြစ်တယ်။ အဲလိုသွားဖို့ ဆက်သွယ်ပေးတဲ့ ပွဲစားတွေကလည်း ကောင်းတဲ့သူ နည်းသလောက်ပဲ။ မသွားခင် တစ်ဖက်နိုင်ငံမှာ နေထိုင်ရမယ်လို ပြောတဲ့ပုံစံက တစ်မျိုး၊ အဲဒီကိုရောက် သွားတော့ နေထိုင်ရတာကတစ်မျိုး ဖြစ်နေတယ်။ 

အဲဒီလိုအဖြစ်မျိုးတွေ မကြုံတွေ့ရအောင် မြန်မာအမျိုးသမီးလေးတွေအနေနဲ့ အလွယ်ငွေကြေးရတဲ့လမ်းစဉ်ကို ဘဝနဲ့ရင်းပြီး မလိုက်မိစေဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ လူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုအနေနဲ့လည်း လူကုန်ကူးခံရတဲ့သူကို ပြန်လည်ကယ်ဆယ်နိုင်ဖို့အတွက် အခြားတပ်ဖွဲ့စုတွေ ပူးပေါင်းချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်”ဟု ရှမ်းပြည် နယ်တောင်ပိုင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ တာဝန်ရှိသူ ဒုရဲမှူးမြင့်ဝင်းက စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ 

အဆိုပါ လူကုန်ကူးမှုအများဆုံးဖြစ်ပွားနေသည့်ဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ၃၃ မှု အထိဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် ရှစ်မှုစီ၊ တနင်္သာရီတိုင်းတွင် ခြောက်မှု၊ ကချင်ပြည်နယ်တွင် ငါးမှု၊ ဧရာဝတီတိုင်းတွင် လေးမှု၊ မွန်ပြည်နယ်၊ နေပြည်တော်နှင့် ပဲခူးတိုင်းတို့တွင် နှစ်မှုစီ၊ မကွေးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် တစ်မှုစီဖြစ်ပွားခဲ့ကာ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူကုန်ကူးမှုဖြစ်ပွားခြင်း မရှိခဲ့ကြောင်းလည်း စာရင်းဇယားများအရ သိရသည်။ 



၂ဝ၁၄ ခုနှစ် ပဉ္စမအကြိမ်မြောက် “နှလုံးသားမှ စကားသံများ မျှဝေခံစားကြစို့လား” ခေါင်းစဉ်ဖြင့် လူကုန်ကူးခံရခြင်းမှ ပြန်လည်လွတ်မြောက်လာသူ တွေ့ဆုံနွေးပွဲအား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အနီးရှိ Summit Park View ဟိုတယ်၌ ဩဂုတ် ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ပြုလုပ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List