Friday, September 12, 2014

ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတည်ဆောက်နေချိန်တွင် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနှင့် အထက်အောက် ဘောလီဘောပုတ်နေမှုများကို ရှောင်ရှားရမည်ဟု သူရဦးရွှေမန်း ပြောကြား



ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတည်ဆောက်နေချိန်တွင် အပြောတစ်မျိုး၊ အလုပ်တစ်မျိုး နှင့် အထက်အောက် ဘောလီဘော ပုတ်နေမှုများကို ရှောင်ရှားရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသည်။ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
“တာဝန်ရှိပြီး တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်နိုင်ပါလျက်နဲ့ အောက်ကတင်ပြလျှင် အထက်ကိုလွှဲလိုက်၊ အထက်ကလာလျှင် အောက်ကိုလွှဲလိုက်တဲ့စနစ်၊ ယခင်ပြောနေကျ စကားအရဆိုလျှင် ဘောလီဘောပုတ်နေမှုများကို ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကောင်းအောင် တည်ဆောက်ဆောင်ရွက်နေတဲ့ ယခုလိုအချိန်ကာလမှာ ရှောင်ရှားကြရမယ်။အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မဖြစ်ဖို့လိုတယ်။ စေတနာမှန်ဖို့နဲ့ လုပ်နည်းတွေ မှန်ကြဖို့လိုပါတယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ဆက်လက်၍ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက“ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြတဲ့ ကျွန်ုပ်တို့တွေ အသိရှိရှိ၊ သတိရှိရှိ လုပ်ကြဖို့နဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေများအတိုင်း ပါဝင်ဆောင်ရွက်ကြဖို့လည်း လိုအပ်ပါ တယ်”ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်ခဲ့ကြသည့် ကိစ္စရပ်များသည် လွှတ်တော်၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် တာဝန်များကို ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ဥပဒေပြုလွှတ်တော်များသည် ဥပဒေပြုရေးအပြင် ပြည်သူများ နိစ္စဓူဝတွေ့ကြုံခံ စားနေရသော အခက်အခဲများကို ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

ယခု လွှတ်တော်အစည်းအဝေးမှစပြီး ရှေ့လွှတ်တော်အစည်းအဝေးများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် အခြားအရေးကြီးဥပဒေများ၊ ဘဏ္ဍာရေး ကိစ္စများကို ဆွေးနွေး ညှိနှိုင်းဆုံးဖြတ်ရမည် ဖြစ်သည့်အတွက် ကိုယ်စားလှယ်များအနေဖြင့် အလုပ်များစွာရှိမှာဖြစ်ကြောင်း၊ အလုပ်များကို အောင်မြင်အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် အချိန်ကိုလေးစားတန်ဖိုးထားကာ စနစ်တကျစီမံသွားမှာဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

လွှတ်တော်အစည်းအဝေး ကာလအတွင်း ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးမည့်မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်း များကို ဒေသနှင့် တစ်နိုင်ငံလုံးအတွက် အကျိုးရှိစေရန်အတွက် ချင့်ချိန်သုံးသပ်ဆောင်ရွက်သွားရန် လိုအပ်ပြီး ထို့အတူ ကိုယ်စားလှယ်များ၏ အခွင့်အရေးကို မှန်မှန်ကန်ကန် ရယူဆောင်ရွက်ရမည်ဖြစ်သည့်အပြင် အခြားကိုယ်စားလှယ်များ၏ အခွင့်အရေးကို မထိခိုက်ရန် သတိပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

စက်တင်ဘာ ၁၁ ရက်က နေပြည်တော်၌ ပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment

My Blog List