Tuesday, September 09, 2014

ဆီးရီးယားနှင့် အီရတ်ရှိ နိုင်ငံခြား တိုက်ခိုက်ရေးသမားများအရေး လုံခြုံရေးကောင်စီတွင် အိုဘားမား ဆွေးနွေးရန်စီစဉ်



အီရတ်နှင့် ဆီးရီးယားတို့ရှိ တိုက်ခိုက်ရေး တပ်ဖွဲ့များထံသို့ နိုင်ငံခြားသားများ သွားရောက် ပူးပေါင်းနေသည့် ခြိမ်းခြောက် မှုနှင့် ပတ်သက်ပြီး စက်တင်ဘာ(၂၄)ရက်တွင် ကျင်းပမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားကိုယ်တိုင် ဦးဆောင် ဆွေးနွေးသွားမည်ဟု သိရှိရသည်။
အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ(၈)ရက်တွင် အဆိုပါသတင်းကို အတည်ပြု ပြောဆိုခဲ့သည်။ လက်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ကဲ့သို့ စစ်သွေးကြွ အုပ်စုများတွင် နိုင်ငံတကာမှ လာရောက်ပူးပေါင်းသည့် တိုက်ခိုက်ရေးသမားများ တိုးပွားလာနေသည့် ခြိမ်းခြောက်မှုကို တုံ့ပြန်ကိုင်တွယ်ရေး ဗျူဟာနှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီတွင် အလေးအနက် ဆွေးနွေးဖွယ် ရှိနေသည်။

အိုဘားမားက လုံခြုံရေးကောင်စီ အစည်းအဝေးကို ဦးဆောင်ဆွေးနွေးမည့် အချိန်သည် ကုလသမဂ္ဂ၏ နှစ်ပတ်လည် အထွေထွေ ညီလာခံနှင့်လည်း တိုက်ဆိုင်နေသည်။ “အစီအစဉ် သတ်မှတ်တဲ့ နေ့ရက်ကို ပြောင်းလဲလိုက်တာပါ”ဟု အမည်ဖော်မပြသည့် အမေရိကန် အရာရှိက ဆိုသည်။ “နိုင်ငံရပ်ခြားက တိုက်ခိုက်ရေးသမားတွေကို နိုင်ငံတကာက ဘယ်လိုပူးပေါင်း ကိုင်တွယ်မလဲဆိုတဲ့ ဖြေရှင်းချက်တွေကို အဓိက ဦးတည် ဆွေးနွေးသွားမှာပါ။ တိုက်ခိုက်ရေးသမားတွေ ကို တွန်းလှန်ဖို့၊ အဲဒီကို သွားပူးပေါင်းမယ်လို့ ယူဆရတဲ့ သံသယရှိသူတွေကို တားဆီးဖို့ရယ် နည်းလမ်းတွေကို ရှာဖွေရ ပါမယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်၏ ထောက်လှမ်းရေးဌာန ထိပ်သီး အရာရှိတစ်ဦးက ဆီးရီးယားတွင် သမ္မတ ဘာရှာအာဆက်ဒ်၏ အစိုးရကို တွန်းလှန်တိုက်ခိုက်နေသည့် တပ်ဖွဲ့ များထံ သွားရောက်ပူးပေါင်းသည့် နိုင်ငံစုံမှ တိုက်ခိုက်ရေးသမား (၁၂၀၀၀)ခန့် ရှိနေပြီး ယင်းတို့အနက် ဥရောပမှာ (၁၀၀၀)ကျော်နှင့် အမေရိကန်မှ (၁၀၀)ကျော်တို့ ပါဝင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီ အစည်းအဝေး တစ်ရပ်တွင် အိုဘားမားက ကြီးမှူးခြင်းသည် ယခုတစ်ကြိမ် ဒုတိယမြောက် ဖြစ်သည်။ (၂၀၀၉)ခုနှစ်က ၎င်းသည် နျူကလီးယားလက်နက် တိုးမြှင့်မှု တားဆီးရေး ကဏ္ဍအတွက် လုံခြုံရေးကောင်စီကို ဦးဆောင် ဆွေးနွေးခဲ့ဖူးသည်။

Ref: Channelnewsasia
7Day News Journal

No comments:

Post a Comment

My Blog List