Thursday, September 11, 2014

ထိုင်းစစ်အစိုးရက မူးယစ်ဆေးစွဲသူများကို ပြန်လည်ထူထောင်ရေးဌာနများသို့ပို့ရန် ဘန်ကောက်တွင် ပိုက်စိတ် တိုက်ရှာဖွေလျက်



ထိုင်းစစ်အစိုးရက စက်တင်ဘာ ၉ ရက်မှ စတင်၍ မြို့တော်ဘန်ကောက်တွင် တစ်အိမ်ချင်းစီသို့ ၀င်ရောက်ကာ မိသားစု ၀င်များ၏ ဆီးများကို စစ်ဆေးပြီး မူး ယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိသူများကို ပြန်လည်ထူထောင်ရေးဌာနများသို့ ပို့ပေးလျက်ရှိ ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ ပါဝင်သည့် အဆိုပါ အစီအစဉ် ပထမနေ့တွင် မူးယစ်ဆေးဝါး လက်လီ ရောင်းချသူ ၂၂ ဦးကို ဖမ်းမိခဲ့ပြီး မူးယစ်ဆေး သုံးစွဲ ထားကြောင်း စစ်ဆေးတွေ့ရှိသူ ၈၃ ဦးကို ပြန်လည် ထူထောင်ရေးဌာနသို့ ပို့ခဲ့ကြောင်း ဘန်ကောက်ဒုရဲချုပ်အစ်တီပွန်း ပီရီယာပင်ယိုက ပြောကြားသည်။

“ဆယ်ကျော်သက်တွေ စုဝေးလေ့ရှိတဲ့ နေရာတွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ရောင်းချသူတွေ ရှိနေတယ်လို့ သံသယရှိနေတဲ့ နေရာတွေကို အဓိကပစ်မှတ် ထားပြီး ၀င်ရောက်ရှာဖွေခဲ့ပါတယ်” ဟု အစ်တီပွန်းက ပြောကြားသည်။

ဆီးစစ်ပြီးနောက် မူးယစ်ဆေးသုံးစွဲကြောင်း ၀န်ခံသူများအနက် ပြန်လည်ထူထောင်ရေးဌာနသို့ သွားရန် သဘောမတူ သူများကို တရားစွဲဆိုမည်ဖြစ်ပြီး သဘောတူ သူများကို ဆေးစွဲလူနာအဖြစ် သတ်မှတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုပြုလုပ်သည့် စစ်ဆင်ရေးသည် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နှင်းရေး ရေရှည်အစီအစဉ်အတွက် စမ်းသပ်လုပ်ဆောင်မှု တစ်ခုဖြစ်ပြီး မူးယစ်ဆေးစွဲသူ ၉၀၀ ခန့်ကို ပြန်လည်ထူထောင်ရေးဌာနသို့ ပို့ ရန် ရည်ရွယ်ထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှုများအား ကြီးမားသည့် ပြစ်ဒဏ်ချမှတ်သည့် နိုင်ငံများတွင် ထိုင်းနိုင်ငံလည်းပါ ၀င်နေပြီး အချို့အမှုများတွင် သေဒဏ်အထိ ချမှတ်သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List