Monday, September 08, 2014

ရှမ်းမြောက်ဒေသများတွင် စီမံချက်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးနေ


ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း တိုင်းရင်းအများစုနေထိုင်ရာဒေသများတွင် လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနမှ မိုးပွင့်(၆) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြားများထုတ်ပေးလျှက်ရှိကြောင်း မြို့နယ် ဦးစီးမှူး ဦးလေးမောင် က ပြောသည်။

“ အခုလိုတိုင်းရင်းသားတွေ တကယ်လိုအပ်နေတဲ့ မှတ်ပုံတင်ကတ်ပြားတွေကိုကျေးလက်ဒေသတွေအထိ ကွင်းဆင်းပြီးတော့လုပ်ပေးနေရတာက တိုင်းရင်းသားတွေ အေးအေးချမ်းချမ်းနေရပြီးတော့၊ နိုင်ငံသား တစ်ယောက် အခွင့်အရေးတွေကို ရရှိခံစားနိုင်ဖို့အတွက်လုပ်ပေးရတာပါ” ဟု ၄င်းကပြောသည်။

အဆိုပါ မိုးပွင့်စီမံချက်ကို ၂၀၁၁ခုနှစ်၊ အစိုးရသစ်လက်ထက်မှစတင်ကာ စီမံချက်များဖြင့်လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး၊ လက်ရှိ စီမံချက်အဆင့် (၆)အထိတိုးမြှင့်ကာ တိုင်းရင်းသား ကျေးလက်ဒေသများအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရည်ရွယ်ပြီးဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

“ အခုလိုမှတ်ပုံတင်တွေလာလုပ်ပေးတဲ့အတွက် အရမ်းဝမ်းသာတယ်၊ တိုင်းရင်းသားတွေဖြစ်တဲ့အတွက် ရုံးတွေဘာတွေ သွားရမှာနားမလည်ဘူး၊ကြောက်တာလည်းပါတယ်၊ ပိုက်ဆံလည်းမတတ်နိုင်တော့ ဒီအတိုင်းပဲနေလိုက်တာ၊ သူတို့ အခုလိုလာလုပ်ပေးတော့ ခရီးသွားတာရော၊တစ်ခုခုလိုအပ်လို့မှတ်ပုံ တင်ပြဆိုရင်လည်း ပြနိုင်ပြီ၊ ကျွန်တော်တို့လိုတခြားရွာတွေမှာလည်း အခုလိုထပ်ပြီးလုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့တိုင်းရင်းသားတွေအတွက် အရမ်းဝမ်းသာစရာကောင်းတာပေါ့” ဟုလားရှိုးမြို့နယ် နမ့်စမ်ကျေးရွာတွင် နေထိုင်သူ တအာင်းပလောင်တိုင်းရင်းသားမိုင်းသာအောင်ကပြောသည်။

မိုးပွင့်အဆင့် (၆)စီမံချက်ဖြင့်ဆောင်ရွက်နေသောရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့နယ်အတွင်း စုစုပေါင်း မှတ်ပုံတင် (၃)သိန်းကျော် ပြုလုပ်ပေးခဲ့ပြီး၊စက်တင်ဘာလအတွင်းလားရှိုးမြို့နယ် အတွင်းတွင် ရှမ်း၊ ပလောင်၊ ၀၊ ကချင်စသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ (၆၀၀)ကျော်အားမှတ်ပုံတင်များပြုလုပ်ပေးခဲ့ပြီး၊တိုင်းရင်းသားများနှင့်သွေးနှောတဲ့သူများအားလည်းခွဲခြားမှုမရှိပဲအထောက်အထားပြည့်စုံပါကမှတ်ပုံတင် ပြုလုပ်ပေးလျှက်ရှိကြောင်း၊ကမ္ဘာလှည့်ခရီးသွားများအတွက်လည်း မြန်မြန်ဆန်ဆန်နှင့် ဗီဇာရရှိနိုင်ရန် အတွက် စီစဉ်ဆောင်ရွက် လျှက်ရှိကြောင်း၊ မြို့နယ်ဦးစီးမှူးဦးလေးမောင်မှ ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ မိုးပွင့်အဆင့် (၆)စီမံချက်ဖြင့်လားရှိုးမြို့နယ်အတွင်းမှတ်ပုံတင်ကတ်ပြားများရရှိနိုင်ရန် ဆောင် ရွက်ပေးနေသော်လည်း၊ လားရှိုးမြိုနယ်အတွင်းရှိ အချို့တိုင်းရင်းသားဒေသများတွင် မှတ်ပုံတင်ပြုလုပ်ရန် ခက်ခဲမှုများရှိနေကြောင်းသိရသည်။

မနုဿဇေယျာ(လားရှိုး)
The Myanmar Age

No comments:

Post a Comment

My Blog List