Thursday, September 11, 2014

အစိုးရနှင့်ဆွေးနွေးရန် အန်စီစီတီအဖွဲ့အတွင်း ညှိနှိုင်းလုပ်ဆောင်နိုင်ခဲ့


အစိုးရနဲ့ဆွေးနွေးဖို့အတွက် အန်စီစီတီအဖွဲ့အတွင်း ညှိနှိုင်းစရာရှိတာတွေကို ပြန်လည်ညှိနှိုင်းနိုင်ခဲ့ကြတယ် လို့ အဖွဲ့ဒုတိယဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ဆွေးနွေးပွဲကို မူလက စက်တင်ဘာ ၉ ရက်ကနေ ၁၁ ရက်ထိ ၃ ရက်ကြာ ကျင်းပ သွားဖို့ရှိပေမယ့် စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှာ သဘောတူညီချက် ၇ ချက်ရပြီး ဆွေးနွေးပွဲ အဆုံး သတ်ခဲ့ပါတယ်။

အဖွဲ့ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အသေးစိတ်ပြောဆိုဖို့ ငြင်းဆန်လိုက်ပြီး အဖွဲ့အတွင်း ညှိနှိုင်းစရာရှိတာ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“နောက်တကြိမ်တွေ့ဖို့ ဆွေးနွေးတာဖြစ်တဲ့အတွက် ကျနော်တို့ဘက်မှာ ညှိနှိုင်းရမယ့်အချက်တွေကို ပြန်သုံးသပ်တယ်။ ပြင်ဆင်သင့်တဲ့အချက်တွေ ပြင်တယ်။ ကျနော်တို့ ရပ်တည်ရမယ့် အချက်တွေကိုလည်း တဖက်နဲ့ ညှိနှိုင်းသွားဖို့ သဘောတူညီခဲ့ကြတယ်။”

ဒီတကြိမ် ရန်ကုန်မှာ အစိုးရနဲ့ ဆွေးနွေးတဲ့အခါ အချိန်ယူဆွေးနွေးဖို့ တောင်းဆိုထားတယ်လို့လည်း ပြောပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက ဦးဆောင်ကော်မတီဖွဲ့စည်းရေးကိစ္စ အပါအ၀င် အစိုးရနဲ့ဆွေးနွေးဖို့ အဓိက အရေးကြီး တဲ့အချက် ၃ ခုပဲ ကျန်တယ်လို့ ပြောပါတယ်။

“နံပါတ် ၁ က ဦးဆောင်ကော်မတီဖွဲ့စည်းလုပ်ဆောင်ရန်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ပြီးပြီးချင်း ပြည်ထောင်စုငြိမ်း ချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီဖွဲ့ရမယ်ဆိုပြီး ကျနော်တို့ ပြောတယ်။ သူတို့က ပူးတွဲလည်း မလိုချင်ဘူး၊ ဦးဆောင်လည်း မလိုချင်ဘူး။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲ မှာ ကျနော်တို့ အကြမ်းဖျင်းအားဖြင့် သဘောတူ ထားတာက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ကော်မတီဖွဲ့မယ်ဆိုပြီး ကျနော်တို့ပြောတယ်။ အဲဒီကော်မတီက ဘာဖြစ်မလဲ၊ ဘာတာဝန်ရှိလဲ၊ ဘာလုပ်ပိုင် ခွင့်ရှိလဲဆိုတာ ကျနော်တို့ အတိအကျ မရှိဘူး။ နံပါတ် ၂ က ကြားကာလအစီအစဉ်၊ နံပါတ် ၃ က နိုင်ငံရေး
ဆွးနွေးမှုကို ကျနော်တို့က ၃ ပွင့်ဆိုင်ပုံစံမျိုးလုပ်ချင်တယ်။ သူတို့က ၈ ပွင့်ဆိုင်ပြောတယ်။ ပြီးခဲ့တဲ့ ဆွေးနွေး ပွဲမှာ သူတို့က ၅ ပွင့်ဆိုင်ဖြေလျော့ပေးလိုက်တယ်။ ဆိုတော့ နောက်ထပ် ၂ ပွင့် ထပ်လျော့ဖို့ လိုတာပေါ့။

စက်တင်ဘာ ၁၁ ရက်မှာတော့ အန်စီစီတီအဖွဲ့ဝင်တွေအကြား အလုပ်ရုံဆွေးနွေးပွဲ သဘောမျိုး ဆက် လက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)ဟာ လာမယ့် စက်တင်ဘာ ၂၂ ရက်မှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဖွဲ့အစည်းအဝေး ကြိုတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အစိုးရဘက်က လာမယ့် အောက်တိုဘာလကုန်ပိုင်းမှာ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်နေပြီး ၂၀၁၅ ခုနှစ်ဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ရည်ရွယ်ချက်ထားရှိပါတယ်။

DVB

No comments:

Post a Comment

My Blog List