Tuesday, September 09, 2014

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ လိုသလား








ယခုနှစ် နိုဝင်ဘာလအတွင်း လွှတ်တော်နှစ်ရပ်တွင်း လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေး ကောက်ပွဲ ကျင်းပပေးမည်ဟု ဆိုသော်လည်း စက်တင် ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မည် မဟုတ်ကြောင်း ကြေညာ ခဲ့သည့်အပေါ် နိုင်ငံရေးပါတီ အသီးသီး ထင်မြင်ယူဆချက်များကို ထုတ်နုတ် ဖော်ပြအပ်ပါသည်။

ဦးဉာဏ်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင်)

ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ဘူးဆိုတော့ နိုင်ငံရေးပါတီတွေမှာ ထိခိုက်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပါတီဆိုတာကတော့ နိုင်ငံရေးအလုပ်ကို ဆက်လုပ်နေဖို့ပဲ လိုတယ်၊ နောက်ပြီး ကော်မရှင်က ရွေးကောက် ပွဲလုပ်မယ် ပြောတာကို သိပ်မယုံခဲ့ပါဘူး။

ဘာလို့လဲဆို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကော်မရှင်က တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ချက် မရှိခဲ့ဘူး၊ အခုမလုပ်ဘူး ပြောလိုက်၊ လုပ်မယ် ပြောလိုက်နဲ့၊ အငြင်းပွားနေတဲ့ ရွေးကောက်ပွဲ နည်းဥပဒေဆိုင်ရာ ညွှန်ကြားလွှာနဲ့ ပတ်သက်ပြီး ဆက်ငြင်းခုံနေရဦးမယ် ထင်တယ်၊ ပြင်သင့်တာတွေ ပြင်ရဦးမှာပါ။
ဦးအေးသာအောင် (ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ)

ပါတီတချို့က ရွေးကောက်ပွဲအတွက် တော်တော်လေး ပြင်ဆင်ထားကြတယ်။ အခု မလုပ်ဘူးဆိုတော့ သူတို့ရဲ့ နစ်နာချက်တွေ ရှိမှာပဲ။ နောက်ပြီး ကျွန်တော်တို့ဆိုရင် ကိုယ်စားလှယ်နှစ်ဦး ရွေးပြီးသွားပြီ၊ သူက မလုပ်ဘူးလို့ ပြောပေမယ့် ဒီဘက်က ပါတီရော ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ သိက္ခာတွေကိုတော့ ထည့်တွက်သင့်ပါတယ်၊

အခုတစ်မျိုး တော်ကြာတစ်မျိုး အမျိုးမျိုး လုပ်နေလို့ မရပါဘူး၊ ကော်မရှင်ဆိုတာ အများပြည်သူ ယုံကြည်လေး စားနိုင်လောက်အောင် လုပ်သင့်ပါတယ်၊ အခုလို ပြောင်းလဲနေတာကတော့ ယုံကြည်မှု ကျဆင်းပြီး အမျိုးမျိုး စဉ်းစားစရာ ဖြစ်ရပါတယ်။

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ)

ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တာဟာ နိုင်ငံရေးပါတီတွေ အတွက် ထိခိုက်နစ်နာတာတွေ ရှိပေမယ့် ကိုယ်စားလှယ်လောင်း ကိစ္စတွေ၊ လုပ်ငန်းစဉ်တွေ၊ ငွေကုန်ကြေးကျ ခံရတာတွေ၊ အဓိကကတော့ စိတ်ဓာတ်ရေးရာပေါ့၊ နောက်ပြီး အခု အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခဲ့ရင် အစိုးရနဲ့ နိုင်ငံရေး ပါတီတွေက နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ အလုပ်များကြတော့မယ်၊ အဲဒါကိုလည်း ထည့်တွက်ရပါမယ်။ တစ်ဖက်က ပြန်ကြည့်ရင်တော့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်လာရင် အလုပ်များနေတဲ့ကြားက မနိုင် မနင်းတွေ ဖြစ်လာနိုင်တယ်။

၂၀၁၅ က လာတော့မှာ ဆိုတော့ ဝင်ရောက်ယှဉ်ပြိုင်ရင်ကို အနည်းဆုံး ကိုယ်စားလှယ်ကြေး သုံးသိန်းကုန် မယ်။ ပါတီငယ်တွေမှာတော့ ဘဏ္ဍာရေး အကျပ်အတည်းအရ ထိခိုက်နိုင်ပါတယ်။ အဲဒီအတွက် မလုပ်တာ လည်း ကောင်းတယ်လို့ ပြောရမယ်။

ဦးစိုင်းလှကျော် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဗဟိုကော်မတီဝင်)

ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ဖြစ်ဘူး ဆိုတာကို ကြိုတင် တွက်ဆပြီးသားပါ။ သုံးလ ကြိုတင် ကြေညာမယ် လို့ ပြောထားကတည်းက နည်းနည်း စဉ်းစားစရာ ဖြစ်နေတာ၊ ကြီးကြီးမားမား ပြင်ဆင်ထားတာတွေတော့ မရှိပါဘူး။ အနည်းနဲ့ အများတော့ နစ်နာတာပေါ့။ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာက PR စနစ် မသုံးခင် နောက်ဆုံး အားစမ်းပွဲတစ်ခု ဆိုပြီး တစ်ဖက်က ပြင်ဆင်ထားတာ ထင်ရှားပါတယ်။ အခု မလုပ်တာကလည်း ကော်မရှင်က ကြိုတင် စီစဉ်ထားပြီးသားပါ။

ဦးလှဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ဗဟိုကော်မတီဝင်)

ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်က ကော်မရှင်ဥက္ကဋ္ဌ သဘော ဖြစ်နေတယ်၊ သူက လုပ်မယ်ပြောလိုက် မလုပ်ဘူး ပြောလိုက်၊ သူ့ဆုံးဖြတ်ချက် ဖြစ်နေတယ်၊ ကျွန်တော့်အမြင်အရ ပြောရ ရင်တော့ ဥပဒေတစ်ရပ် ရှိသင့်တယ်၊ လစ်လပ်မဲဆန္ဒနယ် ဘယ်နှခုရှိရင် ကြားဖြတ်ကို ဘယ်နှလအတွင်း လုပ်ပေးရမယ် ဆိုတာမျိုးကို ပြဋ္ဌာန်းပေးရမယ်။

အခုဟာ လူအပေါ်မှာပဲ မူတည်နေတယ်၊ ၂၀၁၅ နဲ့ နီးလည်း လုပ်ပေးရမှာပဲ၊ မဲဆန္ဒနယ် တစ်ခုအတွက် ကိုယ်စားလှယ် အချိန်အကြာကြီး လစ်လပ်နေတာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး၊ နောက်ဆိုရင်တော့ ဥပဒေ ပြဋ္ဌာန်းနိုင်မှာပါ၊ အခုဟာက အကူးအပြောင်း ကာလထဲမှာ ရောက်နေတာကြောင့် ဒါမျိုးတွေ ဖြစ်နေတာ။

ဦးတင်အေး (ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ)

တချို့ လစ်လပ်မဲဆန္ဒနယ်တွေက လုံခြုံရေး အခြေအနေအရ မဲစာရင်းနဲ့ မဲပေးခွင့်ကိစ္စရပ် အခြေအနေ ကြောင့် ရွေးကောက်ပွဲ ကျင်ပနိုင်ဖို့ ပြန်သုံးသပ်ဖို့ လိုပါတယ်၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်တို့မှာ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အသက်တမျှ အရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေး ကိစ္စတွေ၊ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေး ကိစ္စတွေကို ဆောင်ရွက်နေရ ပါတယ်၊ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ရင် ပါတီခေါင်းဆောင်၊ ပါတီကိုယ်စားလှယ်တွေက မိမိတို့ပါတီ အောင်နိုင်ရေးအတွက် ထပ်မံ ဝန်ပိကြဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲ လုပ်သင့် မလုပ်သင့်ကို နိုင်ငံတော် အကြီး အကဲများနဲ့ တွေ့ဆုံတိုင်ပင် ညှိနှိုင်းပြီးမှ မလုပ်သင့်ဘူးလို့ ဆုံးဖြတ်တာပါ။


The Voice Weekly 

No comments:

Post a Comment

My Blog List