Wednesday, September 10, 2014

သမိုင်းတရားခံဖြစ်မည့် အလုပ်မျိုးလုပ်မည်မဟုတ်ဟု တိုင်းဧရာဝန်ကြီးချုပ် ဦးသိန်းအောင် ပြော


ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့တွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံနှင့် ပတ်သတ်၍ ပြည်သူများ ဒုက္ခတွေ့စေမည့်ကိစ္စများကို စဉ်းစားမည်မဟုတ်ဘဲ သမိုင်းတရားခံဖြစ်မည့် အလုပ်မျိုးလုပ်မည်
မဟုတ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသိန်းအောင်က ပြောကြားလိုက်သည်။

စက်တင်ဘာလ(၆)ရက်နေ့က မအူပင်မြို့တွင်ပြုလုပ်သော ဧရာဝတီတိုင်းဒေသလုံးဆိုင်ရာ အရပ်ဘက် လူမှု အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲ CSO ဖိုရမ်တွင် ၀န်ကြီးချုပ်က ကျောက်မီးသွေးစက်ရုံ တည်ဆောက်မှုနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဘယ်လောက်ရှိမလဲဆိုသည့် မေးခွန်းများအား ပြည်သူတော်တော်
များများ မေးမြန်းလာမှုအပေါ် ယခု CSO များစုံညီစွာရှိနေတုန်း ရှင်းပြခြင်းဖြစ်သည်ဟု ပြောကြားခဲ့ခြင်း
ဖြစ်သည်။

“၀န်ကြီးချုပ်တစ်ယောက်အနေနဲ့  ကိုယ်ဒေသမှာရှိတဲ့ ပြည်သူတွေ ရောဂါတွေရစေ၊ သေစေ၊ ဒုက္ခတွေ့စေ ဆိုတဲ့ဟာမျိုးကိုတော့ မလုပ်ဘူး။ အဲ့လောက်တော့ သမိုင်းတရားခံ အဖြစ်မခံဘူး။ ဒါမျိုးကိစ္စကို ကျွန်တော် ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ မသေချာဘဲ မလုပ်ဘူး။ ကိုယ့်တိုင်းမှာရှိတဲ့ပြည်သူတွေ ရောဂါအန္တရာယ် မရှိအောင် ဘေးထွက်ဆိုးကျိုးမရှိတဲ့ဟာမျိုးပဲစဉ်းစားမှာ ဖြစ်ပါတယ်။” ဟု ၀န်ကြီးချုပ်ကဆိုသည်။

ကျောက်မီးသွေးစက်ရုံတစ်ခု တည်ဆောက်မည်ဆိုပါက သဘာ၀၀န်းကျင်အပေါ်သက်ရောက်မှု၊ လူမှု ၀န်းကျင် အပေါ်သက်ရောက်မှုတို့ကိုစစ်ဆေးပြီးမှသာ တည်ဆောက်ခွင့် ပြုမည်၊ မပြုမည်ကို စဉ်းစားရ မည်ဖြစ်ပြီး ဒေသခံပြည်သူများကိုလည်း ကွင်းဆင်းရှင်းလင်းသွားမည်ဟု ဦးသိန်းအောင် ကပြောသည်။

ကျောက်မီးသွေးမှ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သတ်၍ ထိုင်းနိုင်ငံမှကျောက်မီးသွေး စက်ရုံ(၂)ရုံအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်းမှ လုပ်ငန်းရှင်(၂၀)ဖြင့် သွားရောက် လေ့လာခဲ့ကြောင်းလည်း ဦးသိန်းအောင်ကပြောသည်။

“ ကျောက်မီးသွေးထုတ်ရင် လေထုညစ်ညမ်းမယ်။ အသက်ရှုကြပ်မယ်။ နောက်ပြီးကျောက်မီးသွေး က ထွက်တဲ့ အမှုန်တွေသည် လူတွေကို အဆိပ်တွေဖြစ်မယ်။ကျွန်တော်တို့လည်း အစကတော့ ဒီလိုနားလည် တယ်။ သို့သော်လည်းပဲ ကမ္ဘာပေါ်မှာတိုးတက်တဲ့နိုင်ငံ ၇၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းသည် ကျောက် မီးသွေးကို သုံးပါတယ်။ အမေရိကန်လည်းသုံးတယ်။ ဂျပန်လည်းပဲ သုံးတယ်။ ထိုင်းလည်းသုံးတယ်။ အင်ဒိုနီးရှားလည်း သုံးတယ်။ နိုင်ငံအတော်တော်များများ သုံးတယ်။နောက်ဆုံးတော့ ကျွန်တော်ပြောသလို အနည်းအကျည်းတော့ ဘေးထွက်ဆိုးကျိုးရှိမှာပေါ့။”ဟု ဦးသိန်းအောင်က ဆိုသည်။

ဒေသခံပြည်သူများအနေဖြင့် မိမိတို့ ဒေသတွင်တည်ဆောက်မည့် စက်ရုံစီမံကိန်းနှင့်ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများကိုအမြင်ဖွင့်ပြီးလေ့လာထားရန်လိုအပ်ပြီး  စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးနိုင်မည့် အာမခံချက်များ ကို အစိုးရ သို့မဟုတ် တည်ဆောက်မည့်ကုမ္ပဏီများထံ တောင်းသင့်ပြီး  ပေးထားသည့် အာမခံချက်များအတိုင်း အမှန်တကယ် ဆောင်ရွက်မှုရှိ၊ မရှိကိုလည်း ဒေသခံများက ပါဝင်စောင့်ကြည့်သင့် သည်ဟု သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက သုံးသပ်ပြောဆိုသည်။   

“ဆုံးဖြတ်ချက်ချသူတွေ၊ တာဝန်ရှိသူတွေအနေနှင့်လည်း အကောင်းဆုံးလုပ်နေတယ်ဆိုတာတော့ သံသယ မရှိဘူး။ ဒါပေမဲ့ရရှိတဲ့အချက်လက်တွေကလည်း မှန်ရဲ့လားဆိုတာတော့ ပြန်ဆန်းစစ်ဖို့လိုတယ်။”ဟု ဦးဝင်းမျိုးသူက ဆိုသည်။

ငပုတောမြို့နယ်၊ ငရုတ်ကောင်းကမ်းခြေဒေသအနီးတွင် အိန္ဒိယနိုင်ငံ တာတာကုမ္ပဏီမှ မဂ္ဂါဝပ်၂၃၅၀ ထုတ်လုပ်မည့် ကျောက်မီးသွေးစက်ရုံတစ်ခုကို ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် စတင်လည်ပတ် အကောင် အထည် ဖော်မည်ဖြစ်ကြောင်းတာတာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုတွင် ပြောကြားထားခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသလုံးဆိုင်ရာ အရပ်ဘက်လူမှု အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲCSO ဖိုရမ်သို့ ဧရာဝတီ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် အစိုးရအဖွဲ ၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း၊ တိုင်းဒေသကြီးအတွင်း ခြောက်ခရိုင်မှ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း (၅၀၀)ခန့် တက်ရောက် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List