Thursday, September 11, 2014

တောင်တက်သမားနှစ်ဦးကို ကယ်ဆယ်ရေး စတင်ပြီ


ခါကာဘိုရာဇီ တောင်သို့ တက်ရောက်ပြီး အဆက်အသွယ်ပြတ်နေသည်မှာ ဆယ်ရက်ခန့် ရှိပြီဖြစ်သော တောင်တက်သမားနှစ်ဦးအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို စက်တင်ဘာ ၁၁ ရက်က စတင်ဆောင် ရွက်နေပြီဟု တက္ကသိုလ်ခြေလျင်နှင့် တောင်တက်သင်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ထူးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် နာယက ဦးတေဇ၊တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ် သံဖောင်ဒေးရှင်း အသင်း ဥက္ကဋ္ဌ ဦးမျိုးသန့်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး အဖွဲ့ဝင်များ ပူတာအိုမြို့မှ ကယ်ဆယ်ရေး ရဟတ်ယာဉ်နှစ်စင်းဖြင့်ထွက်ခွာကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဟု ၎င်းကဆိုသည်။

အဆိုပါ တာဝန်ရှိသူက “ဦးတေဇတို့အဖွဲ့  တောင်တက်သမား ခြောက်ဦးနဲ့ ဒီမနက်က တွေ့ဆုံသွားပါပြီ။ ကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေလုပ်ပါပြီ။ ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေပါပြီ။ အရင်ဆုံး ဆက်သွယ်ရေး ကောင်းအောင် ဦးတေဇကိုယ်တိုင်ပန်နန်းဒင်မြို့ကို ကျွမ်းကျင်ပညာများလည်း ခေါ်ဆောင် ပြီး သွားရောက်ကွပ်ကဲ ပြင်ဆင်မှာဖြစ်ပါတယ်" ဟု ပြောသည်။

စက်တင်ဘာ ၁၁ ရက် နေ့လည် ၁၂ နာရီတွင် ဆက်သွယ်မှု မရဖြစ်နေသည့် တောင်တတ်သမားနှစ်ဦး၏ မိသားစုဝင် လေးဦးပါဝင်ပြီး၊ တက္ကသိုလ်  ခြေလျင်နှင့် တောင်တက်သင်း သဘာဝခေါ်သံ  ဖောင်ဒေးရှင်း အဖွဲ့ဝင်များ၊ ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ ဆရာဝန်တစ်ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပါဝင်သည့် လူဦးရေ ၁၅ ဦးခန့် ကယ်ဆယ်ရေးလုပ်ရန် ထွက်ခွာသွားပြီ ဖြစ်သည်။

အဆက်အသွယ် မရသည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့ နှစ်ဦးသည် သြဂုတ်လ ၁၁ ရက်တွင် တောင်ထိပ်ပေါ်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော်အလံနှင့် အသင်းအလံတို့ စိုက်ထူနိုင်ခဲ့ကာ ထိုနေ့ပင် တောင်ထိပ်မှ ပြန်ဆင်းလာသည်။

ယင်းနောက်တွင် ကျန်ရှိသည့် ခြောက်ဦးနှင့် ဆက်သွယ်ရေးစက်ဖြင့် နာရီဝက်ကျော် အဆက်အသွယ် ရရှိပြီး နိုင်ငံတော်သီချင်းကိုအတူတူဆိုခဲ့သေးသည်။ ယင်းနောက်တွင် ဆက်သွယ်ရေးစက် အားကုန်တော့မည်ဟု ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့က ပြောဆိုခဲ့ပြီးချိန်မှစ၍ အဆက်အသွယ် ပြတ်ခဲ့ခြင်းဖြစ်သည်ဟု အသင်းတာဝန်ရှိသူက ပြောသည်။

အဆိုပါတာဝန်ရှိသူက တောင်အောက်ဆင်းရာ လမ်းကြောင်းတွင် လမ်းမှားကာ အခြားတောင်များသို့ ရောက်ရှိခဲ့နိုင်သည်ဟု ထင်မြင်ချက်ပေးသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List