Tuesday, September 09, 2014

MH17 ပျက်ကျသည့် ဒေသတွင် ရုရှား၏ BUK ဒုံးကျည် စနစ်တစ်ခု နေရာချထားကြောင်း မျက်မြင်များပြောကြား



MH17 လေယာဉ် ပျက်ကျသည့် ဒေသတွင် ရုရှားစစ်တပ်က BUK လေယာဉ်ပစ် ဒုံးကျည်စနစ်တစ်ခု ခင်းကျင်း နေရာချ ထားကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ မလေးရှား လေကြောင်းပိုင် MH17 သည် ဇူလိုင်လလယ်က ယူကရိန်း အရှေ့ပိုင်းကို ဖြတ်ကျော်ပျံသန်းစဉ် ဒုံးကျည်ဖြင့် ပစ်ချခံရသည်ဟု သံသယရှိစရာ အခြေအနေ၌ ပျက်ကျခဲ့သည်။ ထိုဖြစ်ရပ်တွင် လေယာဉ်ပေါ် လိုက်ပါသွားသူ (၂၉၈)ဦးစလုံး အသက်ဆုံးရှုံးခဲ့သည်။
ယူကရိန်း အစိုးရက ရုရှားလိုလားသည့် သူပုန်များသည် ရုရှားက ပေးအပ်ထားသည့် BUK ဒုံးကျည်ဖြင့် MH17 ကို မှားယွင်း ပစ်ချခြင်းဟု စွပ်စွဲခဲ့သည်။ သူပုန်များသည် MH17 မတိုင်မီကလည်း ယူကရိန်း အစိုးရစစ်ဘက် လေယာဉ်များကို ပစ်ချခဲ့ဖူးသည်။ ယူကရိန်း သူပုန်များက MH17 ကို လုံးဝ မပစ်ချခဲ့ဟု တွင်တွင် ငြင်းဆိုနေသော်လည်း လေယာဉ်ပျက်၏ ကိုယ်ထည် အစိတ်အပိုင်းတွင် ဒုံးကျည်အစအန ပေါက်ကွဲထိမှန်ထားသည့်နှယ် အထောက်အထားများ တွေ့မြင်ခဲ့ရသည်။

BUK ဒုံးကျည်စနစ်သည် ပစ်မှတ်လေယာဉ် အနီးတွင် ပေါက်ကွဲထွက်ပြီး အစအနများ ပျံ့နှံ့ကာ ပစ်မှတ်ကို တိုက်ရိုက် သက်ရောက် ထိမှန်စေသည့် လက်နက်မျိုး ဖြစ်သည်။ ရုရှား အစိုးရကမူ MH17 ကို ယူကရိန်း တိုက်လေယာဉ် တစ်စီးက ပစ်ချခဲ့ခြင်းဆိုသည့် သဘောမျိုး တုံ့ပြန် စွပ်စွဲခဲ့သည်။

ယူကရိန်း သူပုန်များက မိမိတို့တွင် BUK ဒုံးကျည်များ မရှိကြောင်း ငြင်းဆန်ထားသည့်တိုင် MH17 ပျက်ကျသည့် ဒေသတဝိုက် တွင် ရုရှားတပ်များ ထိန်းချုပ်ထားသည့် BUK ဒုံးကျည်စနစ် အနည်းဆုံးတစ်ခု ရှိနေကြောင်း အရပ်သား မျက်မြင်သက်သေ (၃)ဦးက Panorama သို့ ပြောကြားခဲ့သည်။

တစ်ဦးက မိမိသည် နက်ဇ်နိုယေး ဒေသအနီးတွင် BUK ဒုံးကျည်တင်ယာဉ် မောင်းနှင်သွားသည်ကို တွေ့မြင်လိုက်ရကြောင်း ဆိုသည်။ အဆိုပါ နေရာသည် လေယာဉ်ပျက်ကျသည့် နေရာမှ (၁၀)မိုင်မျှသာ ကွာဝေးသည်။

“ဒုံးကျည်တင်ယာဉ်ရဲ့ အင်ဂျင်ကို စနှိုးလိုက်တာနဲ့ ပတ်ဝန်းကျင်မှာ မီးခိုးတွေ ဖုံးသွားတာ မြင်လိုက်ရတယ်”ဟု အဆိုပါ မျက်မြင်က ဆိုသည်။ ထို့အပြင် ဒုံးကျည်စနစ်ကို ထိန်းချုပ် ကိုင်တွယ်သူများသည် ရုရှားလေယူလေသိမ်းဖြင့် စကားပြောပြီး သူပုန်များကဲ့သို့ မဟုတ်ဘဲ စည်းကမ်းပိုင်း ကောင်းမွန် သပ်ရပ်စွာ လှုပ်ရှား လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။ ထို့အပြင် ယူကရိန်း စစ်တပ်နှင့် သူပုန်တပ်များကဲ့သို့ ပြောက်ကျားဝတ်စုံများကို ဝတ်ဆင်ခြင်း မရှိဟုလည်း မျက်မြင်များက ပြောကြားခဲ့သည်။

“ရုရှား လေယူလေသိမ်းက သိသာလွန်းပါတယ်။ G အသံထွက်ကို စကားပြောရင် ယူကရိန်း လေယူလေသိမ်းနဲ့ တခြားစီပဲ”ဟု တစ်ဦးက မှတ်ချက်ပြုခဲ့သည်။ ယူကရိန်း အရှေ့ပိုင်းတွင် BUK ဒုံးကျည်စနစ်တစ်ခု နေရာချထားကြောင်း သတင်းအပေါ် ရုရှားက မည်သို့မျှ မတုံ့ပြန်သေးချေ။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်း သူပုန်တပ်များကို လက်နက်တပ်ဆင် ကူညီပေးနေကြောင်း စွပ်စွဲမှုများအပေါ် အစဉ်တစိုက် ငြင်းဆိုခဲ့သည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List