Sunday, September 07, 2014

NLD နှင့် မဟာမိတ်တိုင်းရင်းသား ပါတီများ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအ၀င် အခြားနိုင်ငံရေး ကိစ္စရပ်များပူးပေါင်း ဆောင်ရွက်ရန် လုပ်ငန်းကော်မတီ ဖွဲ့စည်းမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်းတို့၏ မဟာမိတ်တိုင်းရင်းသားပါတီများ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါ အဝင် အခြားနိုင်ငံရေး ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းကော်မတီတစ်ခု ဖွဲ့စည်းမည်ဖြစ် ကြောင်း NLD ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ထိုသို့ဖွဲ့စည်းမှုများ ပြုလုပ်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်းတို့၏ မဟာမိတ်တိုင်းရင်းသား ပါတီများ လစဉ်ပုံမှန်တွေ့ဆုံမှု အစီအစဉ်အရ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ ဒီနေ့ဆွေးနွေးတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့နဲ့ တူညီတဲ့သဘောထား တစ်ခုရအောင် ဆွေးနွေးမယ်။ ဒါအစပျိုးတာ။ ဘယ်အချက်တွေလဲ ဆိုတာ ဆွေးနွေးမယ်။ ကျွန်တော်တို့ NLD ကပြင်ရမယ့် အချက်တွေက အရင်က ကြေညာပြီးသား။ တိုင်းရင်းသားတွေလည်း သူတို့မှာရှိတယ်။ အဲဒါတွေ ကျွန်တော်တို့ဟာ တွေ့ကြည့်ပါ။ ကြည့်ပြီးတော့ လိုအပ်တာတွေ ညှိနှိုင်းကြပါ။ ညှိနှိုင်းပြီးတော့ တူညီတဲ့ သဘောထားရအောင် ကြိုးစားမယ်။ အဓိက ဒါပါပဲ” ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သဘာပတိအဖွဲ့နာယက ဦးတင်ဦး၊ ဗဟိုအလုပ် အမှုဆောင် ဦးဥာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်တို့ တက်ရောက် ခဲ့ပြီး တိုင်းရင်းသား ပါတီများဖြစ်သည့် ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ကမန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ပြည်သူ့ပါတီ၊ ချင်းဒီမို ကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက် တစ်ပါတီ၊ ဝ အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

“အခြေခံဥပဒေပြင်ဆင်ရေးနဲ့ PRစနစ် ဘယ်လိုပုံစံနဲ့ သဘောထားကြလဲ ဆိုတာကို ဆွေးနွေးတာပဲ။ ဘုံသဘောတူတာတော့ မရှိပါဘူး။ အလုပ်ကော်မတီလေးဖွဲ့သင့် မဖွဲ့သင့် စဉ်းစားတယ်။ သဘောတူ ထားတယ်” ဟု ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောကြားသည်။

ထိုကဲ့သို့ လုပ်ငန်းကော်မတီဖွဲ့စည်းရန် စီစဉ်ထားသော်လည်း ဆွေးနွေးပွဲတွင် တက်ရောက်သည့် ပါတီများစုံလင်ခြင်း မရှိသဖြင့် အတည်ပြုဖွဲ့စည်းနိုင်ခြင်း မရှိသော်လည်း အမြန်ဆုံးဖွဲ့စည်းသွားရန် ဆုံးဖြတ်ခဲ့ကြကြောင်းNLD ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

“လုပ်ငန်းကော်မတီကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးလည်း ပါမှာပေါ့။ နည်းနည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မှာပေါ့။ လုပ်ငန်းကော်မတီ ဖွဲ့ထားပြီဆိုရင်လေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ရှိတဲ့ပြဿနာတွေ တင်မဟုတ်ဘဲ သူတို့ရှိတဲ့ ပြဿနာတွေလည်း တင်ပြလာမယ်။ ကျွန်တော်တို့က အကုန်လုံးတိုင်းရင်းသားတွေ ဆိုတော့ မဟာမိတ်အနေအထားပဲ။ ကျွန်တော်တို့ ဦးဆောင်ပြီးလုပ်နေတဲ့ အခါကျတော့ အာဂျင်ဒါက ကျွန်တော်တို့အာဂျင်ဒါပဲ ဖြစ်နေတာပေါ့။ သူတို့အခက်အခဲတွေမှာသူတို့ အာဂျင်ဒါထည့်နိုင်အောင်ပေါ့” ဟု ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ထို့အတူ ယခုကဲ့သို့ ထပ်မံတွေ့ဆုံရန်ကို နဂိုမူလသဘောတူထားသည့်အတိုင်း လတစ်လ၏ ပထမပတ် စနေနေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဦးထွန်းထွန်းဟိန်က ဆိုသည်။

Eleven Media Group

No comments:

Post a Comment

My Blog List