Sunday, September 07, 2014

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိ


ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည် ဗီယက်မ်နမ်အမျိုး သားလွှတ်တော်ဥက္ကဌ ငုယင်ဆင်ဟွမ်း၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၅ ရက်မှစတင်၍ ဗီယက်နမ် နိုင်ငံသို့ လေးရက်ကြာ တရားအ၀င် အလည်အပတ်ခရီး ရောက်ရှိနေကြောင်း သိရသည်။

နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ငုယင်ဆင်ဟွမ်း သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

ဗီယက်နမ်ဒုတိယ၀န်ကြီးချုပ်နှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖန်ဘင်မင်းက “မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်အတွင်း အာဆီယံ ဥက္ကဌတာဝန်ယူနေစဉ်အတွင်း အာဆီယံရဲ့ အင်အားခိုင်မာစေဖို့နဲ့ အာဆီယံ ရဲ့အခန်းကဏ္ဍတိုးတက်စေဖို့ ဗီယက်နမ်နိုင်ငံအနေနဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာပါ။ ဒါမှလည်း ၂၀၁၅ ခုနှစ် အာဆီယံအသိုင်းအ၀ိုင်း ထူထောင်ရေးမှာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဗီယက်နမ်နဲ့ မြန်မာတို့ဟာ နိုင်ငံ ရေး၊ သံတမန်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်နေတဲ့အပြင် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ဖို့ လုပ်ဆောင်နေ ကြပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား သစ်တောကဏ္ဍ၊ ရေလုပ်ငန်း၊သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့်ခြင်းအပြင် အာဆီယံ၊ မဟာမဲခေါင်ဝန်းကျင်ဒေသ (GMS) ၊ ကမ္ဘောဒီယား-လာအို-မြန် မာ-ဗီယက်နမ်အဖွဲ့(CLMV) ပူးပေါင်းဆောင်ရွက်မှုများအတွက် နိုင်ငံတကာနှင့် ဒေသတွင်း အဆင့်များတွင် ဆွေးနွေး မှုများ လုပ်ဆောင်လျက်ရှိသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မတိုင်မီ အမေရိကန်ဒေါ်လာ တစ်ဘီလျံနှင့် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ဒေါ်လာ ၂ ဘီလျံမှ ၂ ဒသမ၅ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် ရည်မှန်း ထားသည်။

မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်မှုသည် ၂၀၁၅ ခုနှစ်တွင် နှစ် ၄၀ ပြည့်မည်ဖြစ်သည်။

ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒန်းသည် ၂၀၁၀ ပြည့်နှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး သမ္မတဦးသိန်းစိန်က ၂၀၁၂ ခုနှစ် မတ်လအတွင်းနှင့် ပြည်ထောင်စုလွှတ်တော် နာယက နှင့် အမျိုးသားလွှတ်တော် ဥက္ကဌဦးခင်အောင်မြင့် တို့က  ၂၀၁၂ ခုနှစ် ဇူလိုင်လတို့တွင် ဗီယက်နမ်သို့ သွားရောက် ခဲ့ကြသည်။

ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဌ ငုယင်ဆင်ဟွမ်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ လွှတ်တော်များအကြား ဆက်ဆံရေးတိုးမြှင့်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။ 

Ref: Nhan Dan/ VNA
Mizzima - News in Burmese

No comments:

Post a Comment

My Blog List