ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား(PFF Peace Cup 2014) ဗိုလ်လုပွဲတွင် မြန်မာ့ လက်ရွေး စင်ဘောလုံး အသင်းက အိမ်ရှင်ဖိလစ်ပိုင် လက်ရွေးစင်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၀၆ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အဆင့်တွင် ပထမဆုံးဆုဖလား အဖြစ် ပြန်လည်ရယူနိုင်ခဲ့သည်။
စက်တင်ဘာ ၆ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် ဗိုလ်လုပွဲ၌ မြန်မာ အသင်းသည် အရပ်အမောင်းနှင့် ကြံ့ခိုင်မှု ပိုကောင်းသည့် ဖိလစ်ပိုင် အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး အချိန်ပိုတွင် စိုးမိုးဦး၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအတွက် ဦး ဆောင်ဂိုးကို ပွဲချိန် ၈ မိနစ်တွင် ကျော်ကိုကိုက အဝေးမှ လှပစွာသွင်းယူ ပေးခဲ့ပြီး ပထမပိုင်းတွင် ဦး ဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ဖိလစ်ပိုင်အသင်းက ပြန်လည်ဖိအား ပေးကာ ပွဲချိန် ၅၀ မိနစ်နှင့် ၆၉ မိနစ်(ပင်နယ်တီ)တို့တွင် ချေပဂိုးနှင့် ဦးဆောင်ဂိုးပြန်လည် ရယူခဲ့သည်။
မြန်မာအသင်းအတွက် အဖိုးတန်ချေပဂိုးကို ပွဲချိန် ၉၀ မိနစ်တွင် ကျော်ဇေယျာ ၀င်း အစား ၀င်လာသော မင်းမင်းသူက ခေါင်းတိုက်သွင်းယူကာ အချိန်ပိုအထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ အချိန်ပို ပထမပိုင်း ၁၀ မိနစ်တွင် မြန်မာအသင်း ချန်ပီယံဖြစ်စေမည့် အနိုင်ဂိုးကို လူစားဝင်ကစားသမား စိုးမင်းဦးက သွင်းယူခဲ့ ခြင်းဖြစ်သည်။
ပြိုင်ပွဲဝင်အသင်းလေးသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဖလားပြိုင်ပွဲ ပြီးခဲ့သည့် နှစ်ကြိမ် ဆက်တိုက်တွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းက ဗိုလ်စွဲထားပြီး ယခုနှစ်ပြိုင်ပွဲ၌ မြန်မာအသင်းအနေဖြင့် ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် ဖိလစ်ပိုင်အသင်းကို ပြီးခဲ့သည့် ၂၀၁၂ ဆူဇူကီးဖလားအုပ်စုအဆင့် တွင် တွေ့ဆုံစဉ်က (၀-၂) ဂိုး ၂၀၁၃ နှစ်ဆန်းပိုင်းက ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်း ပွဲစဉ်၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ထား ခဲ့ရာ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ပြိုင်ပွဲတွင် ပြန်လည်အနိုင်ယူကာ ရှုံးကြွေး ဆပ်နိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် ၂၀၀၆ မာဒေးကားဖလား ပြိုင်ပွဲ၌ ဗိုလ်စွဲ ပြီးနောက် ရှစ်နှစ်အကြာ နိုင်ငံတကာပြိုင်ပွဲဆုဖလားတစ်ခုအား ပြန်လည်ရယူနိုင်ခဲ့သည်။ ထို့အပြင် ယခုဆုဖလား သည် ၂၀၁၄နှစ်ဆန်းပိုင်းက မြန်မာအသင်းကို စတင်ကိုင်တွယ်ခဲ့သည့် နည်းပြချုပ် အေဗရာမိုဗစ်ရယူ ပေးသော ပထမဆုံး ဆုဖလားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ဖိလစ်ပိုင်နည်းပြက ပွဲမတိုင်ခင် မြန်မာအသင်းနည်းပြ အေဗရာမိုဗစ်မှာစင်ကာပူ ကိုင်တွယ်ခဲ့စဉ်က ၂၀၁၂ ဆူဇူကီးဖလားအကြိုဗိုလ်လုပွဲရှုံးကြွေးပြန်ဆပ်ရန် စိတ်ဓာတ်မြှင့်တင်မှုဖြစ်စေသည်ဟုဆိုခဲ့သည်။
သို့သော် ပွဲတွင် မြန်မာကစားသမားများက ခြေမသာသော်လည်း နိုင်လိုစိတ် ပိုပြင်းပြခဲ့သည်ကို တွေ့ရ သည်။
ဗိုလ်လုပွဲမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် တတိယ နေရာလုပွဲတွင် ပါလက်စတိုင်း အသင်းက တရုတ် (တိုင်ပေ) အသင်းကို(၇-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
7Day News Journal
No comments:
Post a Comment