Wednesday, March 04, 2015

ကိုးကန့်တိုက်ပွဲကိစ္စ တရုတ်ကြားဝင်စေ့စပ်မှု လိုလားကြောင်း ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ဆို



ကိုးကန့်ဒေသတိုက်ပွဲများ ရပ်တန့်ရေး တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုကို လိုလားသည်ဟု ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက The Voice သို့ ပြောကြားသည်။ “ကျွန်တော် တို့အနေနဲ့က စကားဝိုင်းမှာ ဆွေးနွေးဖို့အတွက် တရုတ်အစိုးရ ကြားဝင် ညှိနှိုင်းပေးမယ်ဆိုရင် လက်ခံမှာပါ” ဟု ၎င်းက ဆိုသည်။


သို့သော်လည်း ကိုးကန့်ဒေသ တွင်သာမက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို ကိုင်တွယ် ဖြေရှင်းရာ တွင် အခြားနိုင်ငံ၏ ကြားဝင်စွက်ဖက်မှုကို လက်ခံမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

“ကိုးကန့်ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အစိုးရ ရပ်တည်ချက်က ရှင်းပါတယ်၊ ငြိမ်းချမ်းရေး မဆွေးနွေးပါဘူး” ဟု ၎င်းကဆိုသည်။


အလားတူ ကိုးကန့်ဒေသတွင် စစ်ဆင်ရေး ကွပ်ကဲကြီးကြပ်နေသော ဖုန်ကြားရှင်၏ သားဖြစ်သူ ဖုန်ဒါဆွန်ကလည်း တရုတ်အစိုးရ၏ ကြားဝင် စေ့စပ်မှုကို လက်ခံမည်ဖြစ်ကြောင်း VOA သတင်း ဌာန၏ အင်တာဗျူးတွင် ထည့်သွင်း ပြောကြားထားသည်။


ကိုးကန့်ဒေသတွင် အစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားသည့် ရက်ပေါင်း ၂၀ ကျော် ကြာမြင့် လာသည်အထိ ရပ်တန့်နိုင်ခြင်း မရှိသည့်အပြင် ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည် တစ်သိန်းကျော် ရှိနေပြီဖြစ်ကြောင်း စစ်ဘေးရှောင် ဒုက္ခသည် ကယ်ဆယ်ရေး စခန်းများထံမှ သိရသည်။

အစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွား နေခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ် ဒေသလုံခြုံရေးအတွက် နှစ်နိုင်ငံအစိုးရ ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

တရုတ် ကြေးစားစစ်သားများ သည် တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှ ဖြစ်ပြီး အများစုမှာ မူးယစ်ဆေးဝါးမှုဖြင့် နယ်စပ် ဖြတ်ကျော်ပြေးလာသူများ ဖြစ်ပြီး အချို့သည် အလုပ်လက်မဲ့များ ဖြစ်ကြောင်း၊ ယခုကိစ္စတွင် တရုတ်ဗဟိုအစိုးရ ကိုယ်တိုင် ပါဝင်ပတ်သက်မှု မရှိနိုင်သော်လည်း တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအာဏာ ပိုင် အချို့နှင့် ဆက်စပ်မှု ရှိနိုင်သဖြင့် တရုတ်အစိုးရသို့ တရားဝင် အကြောင်းကြားထားကြောင်း၊ တရုတ်အစိုးရကလည်း ဖြေရှင်းပေး မည်ဟု ကတိပြုထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြည်တွင်းမီဒီယာများကို ပြောဆိုထားသည်။

ဖုန်ကြားရှင်ကမူ တရုတ်စစ်သားများ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပူးပေါင်းခြင်းကို တရုတ်အစိုးရ တင်းကျပ်စွာ တားမြစ်ထားပြီး တရုတ် ကြေးစားစစ်သားများကို ငှားရမ်းအသုံးပြုခြင်း မရှိကြောင်း တရုတ်အစိုးရ အာဘော် The Global Times သတင်းဌာနသို့ ငြင်းဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List