Friday, March 06, 2015

မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်နေထိုင်ခွင့် လက်ရှိပန်းရောင် ကတ်ကို ထိုင်းအစိုးရက တစ်နှစ်သက်တမ်းတိုးပေး


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုင်ဆောင်ထားသည် ပန်းရောင်ကဒ်ကို နောက်ထပ် တစ်နှစ်သက်တမ်း တိုးပေးရန် ထိုင်းအစိုးရက ကြေငြာလိုက်သည်။မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည့် ပန်းရောင်ကဒ်ကို လာမည့် ဧပြီလ ၁ ရက်မှ ဇွန်လအတွင်း တစ်နှစ် သက်တမ်းရှိ ပန်းရောင်ကဒ်ကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း မတ်လ ၃ ရက်က ကြေငြာ ခဲ့ခြင်း ဖြစ်သည်။
“ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်က စပြီးမှ လုပ်ပေးလိုက်တဲ့ ဘတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင် ငံသား စုစုပေါင်း ၆ သိန်း ၄ သောင်း ၈ ထောင် ရှိပါတယ်။ အဲဒီလုပ်သားတွေအားလုံးကို မတ်လ ၃၁ ရက် မတိုင်ခင် အားလုံး ပတ်ပို့စ်တွေ လုပ်ပေးမယ်လို့ နှစ်ဖက် အစိုးရက ကြေငြာခဲ့သော်လည်း အခုချိန်ထိ ဘာမှ အဆင်သင့် မဖြစ်သေးတဲ့ အတွက်ကြောင့် အချိန်အားဖြင့် မလုံလောက်တော့တဲ့အတွက်သက်တမ်း တစ်နှစ် ပြန်လည် တိုးပေးလိုက်တာ ဖြစ်ပါတယ်”ဟု ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က မဇ္စျိမကို ပြောသည်။

အဆိုပါ တစ်နှစ်သက်တမ်း တိုးပေးမည့် လုပ်ငန်းစဉ်ကို လာမည့် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၁ ရက်ထိ One Stop Service စင်တာများ ဖွင့်လှစ်၍ လုပ်ပေးသွားမည် ဖြစ်ပြီး ယင်းကာလအတွင်း သက်တမ်းတိုးပေးခြင်း မရှိသော အလုပ်သမားများကို ထိုင်းအစိုးရက လိုက်လံ စစ်ဆေးမှုများ ပြုလုပ်၍ ထိရောက်စွာ ဖမ်းဆီးအရေး ယူသွားမည်ဟု ထိုင်းအစိုးရက ကြေငြာထားသည်ဟု ဦးအောင်ကျော်က ပြောသည်။

“အခုလုပ်ငန်းစဉ်က ပတ်ပို့စ်မလုပ်နိုင်သေးတဲ့အတွက်ကြောင့် ဘတ်ရဲ့ သက်တမ်းကို တိုးပေးတာ ဖြစ်ပြီးမှ ဘတ်အသစ် ပြုလုပ်ပေးခြင်း မဟုတ်ကြောင်းကို သူတို့ကြေငြာထားပါတယ်။ ကုန်ကျစရိတ်ကို အသေးစိတ် မကြေငြာသော်လည်း ပုံမှန်ရေးအရဆိုရင် ၃၇၀၀ ဘတ် ကုန်ကျမှာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက မြန်မာအစိုးရဘက်မှ သက်တမ်းကုန်တော့မည့် ပန်းရောင်ကဒ်အစား နှစ်နှစ် သက်တမ်းရှိ သက်သေခံ လက်မှတ် အစိမ်းရောင်စာအုပ်ကို ထုတ်ပေးမည်ဟု စီစဉ်ခဲ့ သော်လည်း ၄င်းအစီ အစဉ်သည်  ပျက်သွားခြင်းကြောင့် ယခုကဲ့သို့ တစ်နှစ်သက်တမ်းတိုးပေးခြင်း ဖြစ်သည်ဟု ဦးအောင်ကျော် က ပြောသည်။

“အဲဒါ မဖြစ်နိုင်တော့ဘူး။ မြန်မာအစိုးရက ပြောထားတဲ့ အစိမ်းရောင်ကဒ်မှာ လုပ်မဲ့ အစီအစဉ် ပျက်ပြားသွား တဲ့အတွက်ကြောင့် ဖြစ်တယ်။

ဘာကြောင့်လဲဆိုတော့ မတ်လ ၃၁ မှာ အသက်ကုန်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီသက်တမ်းတိုးတာကိုဘဲ လုပ်ဖို့ အစိုးရက ကြေငြာလိုက်တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

မြန်မာအစိုးရက ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ မှ ၂၀၁၅ မတ်လ ၃၁ ရက်ထိ ကိုးလကြာ ကာလအတွင်း မြန် မာရွှေ့ပြောင်းအလုပ်သမားများအား ပတ်ပိုစ့် လုပ်ပေးနိုင်မှု အားနည်းခဲ့သဖြင့် ယခုကဲ့သို့ ထိုင်းအစိုးရက သက်တမ်းတစ်နှစ် တိုးပေးခြင်း ဖြစ်သည်ဟု ဦးအောင်ကျော်က ပြောသည်။

လက်ရှိ ထိုင်းအစိုးရက အပန်းရောင်ကဒ် တစ်နှစ် သက်တမ်းတိုးပေးလိုက်သော်လည်း အလုပ်သမားများ အနေဖြင့် အစိမ်းရောင် သက်သေခံစာအုပ် သို့မဟုတ် သာမန်နိုင်ငံကူးလက်မှတ် (ပတ်ပိုစ့်)များကိုလည်း လာရောက် လုပ်နိုင်သည်ဟု ဘန်ကောက်မြို့ မြန်မာသံရုံးမှ အလုပ်သမားသံမှူး ဦးသိန်းနိုင်က ပြောသည်။

“မတ်လ ၃၁ မှာ သက်တမ်းကုန်တယ်မလား။ သက်တမ်းကုန်ရင်ဖမ်းမှာ အခုက မဖမ်းတော့ဘူး။ ပန်းရောင် ကဒ်ကို သက်တမ်းလာတိုး ရမယ်။ အဲဒါက ထိုင်းဘက်က လုပ်တယ်။ မြန်မာဘက်က လုပ်တာက အစိမ်းရောင်ကဒ်က နှစ်နှစ်သက်တမ်း။ အကုန်လုပ်လို့ ရတယ်။ ပတ်ပိုစ့်လည်းလုပ်လို့ရတယ်။ အထောက်အထားပြည့်စုံရင်”ဟု သူက မဇ္စျိမကို ပြောသည်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စု လိုအပ်သဖြင့် လာရောက် လုပ်ကိုင်သူ နည်းနေခြင်းကြောင့် အစိမ်းရောင်ကဒ် ထုတ်ပေးရန် စီစဉ်ခဲ့သည်ဟု သူက မကြာမီက မဇ္စျိမကို ပြောဆိုခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List