ရန်ကုန်မြို့လယ်ကောင်တွင် သပိတ်မှောက်ကျောင်းသားများအား ထောက်ခံဆန္ဒပြသော ကျောင်းသားများ ကို ရဲတပ်ဖွဲ့နှင့်လက်မောင်းတွင် တာဝန်လက်ပတ်အနီပတ်ထားသော အရပ်ဝတ်များက ရိုက်နှက်ဖြိုခွင်းခဲ့ပြီး ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ မနီလာသိန်းအပါအ၀င် သုံးဦးနှင့် ဆန္ဒပြကျောင်းသား ငါးဦး စုစုပေါင်းရှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
မြို့တော်ခန်းမရှေ့တွင် ကျောင်းသားများက သပိတ် မှောက်ကျောင်းသားများအား ထောက်ခံဆန္ဒပြပွဲပြု လုပ်မည့် သတင်းကို ကြိုတင်သိရှိသောကြောင့် ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးနိုင် သည် မတ်လ ၅ ရက် ညနေ သုံးနာရီခွဲတွင် ရန်ကုန်မြို့တော်ခန်းမရှေ့နေရာအနီး၌ဥပဒေနှင့် မညီညွတ်သည့် လူစုလူဝေးများမပြုလုပ်ကြရန်နှင့် မသက်ဆိုင်သောသူများ မလာရောက်ကြရန်အသံချဲ့စက်ဖြင့် ကြေညာခဲ့ သည်။
‘‘ဒီနေရာမှာ လူငါးဦးထက် ပိုနေလို့မရပါဘူး။ အဲဒီလိုနေရင် ဥပဒေအရ အရေးယူမှာပါ။ အဲဒါ ကြောင့် သတိပေးတာပါ’’ဟု ဦးမျိုးနိုင်က ပြောသည်။
ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်နှင့် လက်တွင် တာဝန်လက် ပတ်အနီပတ်ထားသော အရပ်ဝတ်လုံခြုံရေး ၁၀၀ ကျော်သည် မြို့တော်ခန်းမရှေ့ တွင် နေရာယူ ထားသည်။
ညနေလေးနာရီတွင် လူဦး ရေ ငါးဆယ်ခန့်ရှိသော ကျောင်း သားများက မြို့တော်ခန်းမရှေ့ တွင် သ ပိတ်မှောက်ကျောင်းသားများအား ထောက်ခံသည့် ဆန္ဒပြပွဲပြုလုပ်ခဲ့သည်။ထိုအချိန်တွင် ကျောက်တံတားမြို့ နယ်အုပ်ချုပ်ရေးမှူးက ဆန္ဒပြနေသည့် ကျောင်းသားများ လူစုခွဲရန်ကြေညာခဲ့သည်။ ညနေ၄ နာရီ ၂၀ မိနစ် တွင် ၎င်းက မိနစ်၃၀ အတွင်း လူစုခွဲပေးရန် ကြေညာပြီး လူစုခွဲခြင်းမရှိပါက ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ အရ လူစုအား ဖယ်ရှားသွားမည်ဟုထပ်မံကြေညာပြန်သည်။
ကြေညာပြီးမိနစ် ၃၀ မပြည့်မီ ၁၅ မိနစ်အလို ၄ နာရီ ၃၅ မိနစ်တွင်လက်တွင် တာဝန်လက်ပတ်အနီပတ် ထားသော အရပ်ဝတ်(စွမ်းအားရှင်)များက ဆန္ဒပြကျောင်းသားများအားစတင်ထိုးကြိတ် ခဲ့သောကြောင့် ကျောင်းသားများနှင့်လေးမိနစ်ခန့်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
ထို့နောက် ခေတ္တပြန်ငြိမ်သွားပြီး ငါးမိနစ်အကြာတွင် အရပ်ဝတ်လုံခြုံရေးများက ကျောင်းသားများအား ထပ်မံ ထိုးကြိတ်ပြီး ၎င်းတို့၏ နောက်တွင် နေရာယူထားသော ရဲတပ်ဖွဲ့ဝင်များကနံပါတ်တုတ်များဖြင့် ကျောင်းသား များအား ရိုက်နှက်ကာ လူစုခွဲခဲ့ခြင်းဖြစ်သည်။
‘‘အဲဒါစွမ်းအားရှင်တွေပဲ။ အရင်က ပုံစံအတိုင်းပဲ’’ဟု ကျောင်းသားများအား ရိုက်နှက်ဖြိုခွင်းမှုကို လာရောက် ကြည့်ရှုသော အသက် (၅၀) အရွယ် အမျိုးသားတစ်ဦးက ၎င်း၏ အမြင်ကိုပြောသည်။
ယင်းသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန်တွင်ရဲတပ်ဖွဲ့က မနီလာသိန်းအပါအ၀င် ရှစ်ဦးအား ဖမ်းဆီးသွား ခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသည့် ရှစ်ဦးကို ကျောက်တံတားမြို့နယ်အုပ်ချုပ် ရေးမှူးက အမှုဖွင့်တိုင်ကြားသွားမည်ဟု ကျောက် တံတားမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ကျောင်းသားတွေကို ဒီလို ရိုက်နှက်ဖြိုခွင်းတာကို လုံးဝ လက်မခံပါဘူး။ ကျွန်တော်တို့ အချိန် တစ်ခုပေးမယ် ။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့က လှုပ်ရှားမှု တွေကို အမြန်ဆုံးလုပ်မယ်’’ဟု ကိုမင်းသူကျော် ကပြောသည်။
7Day News Journal

No comments:
Post a Comment