Friday, March 06, 2015

၂၀၁၁ ခုနှစ်က မြောက်ဥက္ကလာပ မြို့နယ်အတွင်း အုပ်စုဖွဲ့လူသတ်မှု၌ ပါဝင်ကျူးလွန်သူ ၁၅ ဦးစလုံးကို သေဒဏ်ချမှတ်


၂ဝ၁၁ ခုနှစ်က မြောက်ဥက္ကလာပမြို့ နယ်အတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်၌ ဖြစ်ပွားခဲ့သည့် မင်းမဲ့စရိုက် ဆန်ဆန် အုပ်စုဖွဲ့လူသတ်မှုတွင် ပါဝင်ကျူးလွန်သူ ၁၅ ဦး စလုံးကို မတ် ၅ ရက်က မြောက်ပိုင်းခရိုင် တရားရုံး က သေဒဏ်ချမှတ်လိုက်ပြီး ရက်ပေါင်း ၃ဝ အတွင်း အယူခံဝင်နိုင်သည်ဟု စီရင်ချက်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ထိုလူသတ်မှုဖြစ်စဉ်မှ စွဲချက်အတင်ခံထားရသူ ၁၅ ဦးကို မတ် ၅ ရက်တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ အမိန့်ချမှတ်မည် ဖြစ်သဖြင့် လုံခြုံရေးကို အထူးတင်းကြပ်ခဲ့ပြီး တရားရုံးဝင်ပေါက်များကိုလည်း ပိတ်ထား ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် သတင်းလာရောက်ရယူသည့် သတင်းမီဒီယာများကိုလည်း မလိုလားအပ် သည့် ပြဿနာများ ဖြစ်ပွားမည်ဟုဆိုကာ ရဲအရာရှိများက တရားရုံး ပြင်ပသို့ ထွက်ခွာသွားရန် ပြောကြားသဖြင့် မီဒီယာများမှာ တရားခွင်တွင် နားထောင်နိုင်ခဲ့ခြင်း မရှိပေ။

တရားခံရှေ့နေတစ်ဦးက “၁၅ ဦးစလုံးကို သေဒဏ်ချမှတ် လိုက်ပါတယ်။ တရားသူကြီးက စီရင်ချက်ကို တစ်နာရီကျော် ကြာအောင်ဖတ်ပြီး အမိန့်ချမှတ်လိုက်ပါတယ်။ ရက်ပေါင်း ၃ဝ အတွင်း အယူခံဝင်နိုင်တယ်လို့ ဖတ်ကြားပါတယ်” ဟု မတ် ၅ ရက်က  ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က မြောက်ဥက္က လာပမြို့နယ် နွယ်သာကီ ၆ လမ်း အတွင်းရှိ စားသောက်ဆိုင်အတွင်း ၌ ဖြစ်ပွားခဲ့ပြီး နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော အဆိုပါလူသတ်မှုကို သုံးနှစ်ကျော်ကြာ စစ်ဆေးခဲ့ကာ ဖေဖော်ဝါရီ ၂၃ ရက် ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက်ပေး ခဲ့ပြီးနောက် မတ် ၅ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသည့် ကျူးလွန်သူဟု ယူဆရသူ ၂၃ဦးကို မြောက်ပိုင်း ခရိုင် ဒုတိယတရားသူကြီး (၂) က ကြိုတင်ကြံရွယ်သည့် လူသတ်မှု ပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂-၁ (ခ)နှင့် ပူးပေါင်းကြံစည်မှု ပုဒ်မ-၃၄ တို့ဖြင့် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလက စွဲချက်တင် အမိန့်ချမှတ် ခဲ့သည်။

ထိုအမိန့်စွဲချက်အမိန့်ကို မကျေနပ်သည့်အတွက် စွဲချက်အတင် ခံထားရသူများအနက် ၁၆ ဦးက တရား လွှတ်တော်ရုံးသို့  စွဲချက်တင်အမိန့်ကို ပြင်ဆင်တင်သွင်းခဲ့ရာ ယင်းတို့အနက်မှ ရှစ်ဦးအား စွဲချက်မခိုင် လုံသောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ  ၂ဝ၁၄ ခုနှစ်ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၊ တွဲဖက် (၅) တရားသူကြီး ဒေါ်စိုးစိုးအောင်က တရားရှင် လွှတ်ပေးခဲ့သည်။

ထိုအမှုဖြစ်စဉ်မှာ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က  မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် သေဆုံးသူ ကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူ နှစ်ဦးတို့ ရှိနေစဉ် လူငါးဦးခန့်က “မင်းက ကျော်မင်းလား” ဟုမေးကာ ဓားများဖြင့် ဝိုင်းဝန်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှအပြင်သို့ ထွက်ပြေးစဉ် အပြင်၌ စောင့်နေသည့် လူများက တုတ်၊ ဓားများဖြင့် ထပ်မံခုတ်ခဲ့ကြောင်း ရဲမှုခင်းစစ်ချက်တွင် ဖော်ပြထားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List