Saturday, March 07, 2015

ပေါင်းစည်းရေး မလုပ်နိုင်သေးသည့် ရှမ်း နှစ်ပါတီ ပြိုင်ဆိုင်မှု ပြင်းထန်လာမလား


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အင်အားကြီး ရှမ်းပါတီကြီးနှစ်ခု ဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့၏ ထိပ်တိုက်တွေ့ ဆုံ အားပြိုင်မှု၊ ယှဉ်ပြိုင်မှုများသည် ပြင်းထန်နိုင်သောအခြေအနေရှိသည်ဟု နိုင်ငံရေး လေ့လာသူများက ပြော ဆိုသည်။
ယင်းပါတီကြီး နှစ်ခု ပူးပေါင်းရေးသည် ၂၀၁၅ အလွန်တွင်မှ ဖြစ်နိုင်မည်ဟူသော အခြေအနေပေါ်တွင် ထိုသို့ သုံးသပ် ပြောဆိုကြ ခြင်း ဖြစ်သည်။

သို့သော် ရှမ်းပါတီနှစ်ခုကမူ ၎င်းတို့အနေဖြင့် ထိပ်တိုက်တွေ့ဆုံမည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲ နီးလာပါက ညှိနှိုင်းဆောင်ရွက် သွားရန်ရှိကြောင်းနှင့် ပြည်သူ၏ အဆုံးအဖြတ်ကိုသာရယူသွား မည်ဖြစ်ကြောင်း နှစ် ဖက်ပါတီ ခေါင်းဆောင်များက ပြောသည်။

ကျားဖြူ ပါတီ ဟုလည်း ခေါ်သော SNDP ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလှကျော်က“ထိပ်တိုက်တွေ့ ဆုံမှု မရှိအောင် ညှိနှိုင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကျနော်တို့ နှစ်ပါတီက ထိပ်တိုက်ကြီးရင်ဆိုင်ပြီး မှ ရွေးကောက်ပွဲမှာ အပြိုင်အဆိုင်လုပ်မယ် ဆိုရင် တော့ ကျနော်တို့ နှစ်ပါတီစလုံးအတွက် အကျိုးရှိမှာ မဟုတ်ဘူး။ အကျိုး နည်းဖို့ပဲရှိတယ်”ဟု ပြောဆိုသည်။

သို့သော် ရှမ်းပြည်နယ် အခြေစိုက် အင်အားကြီး ရှမ်းပါတီ နှစ်ခု ပူးပေါင်းရေးသည် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲပြီးမှသာ ဖြစ်နိုင်တော့မည်ဟု နှစ်ဖက်စလုံးက ပြောဆိုထားသည်။

ထို SNDP ပါတီနှင့် ကျားခေါင်း ပါတီဟုလည်း ခေါ်သော SNLD ရှမ်းနှစ်ပါတီ ပေါင်းစည်းရေးကို ရှမ်းပြည်သူ အသိုင်းအ၀ိုင်းတွင် လည်းကောင်း၊ နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် လည်းကောင်း စိတ်ဝင်တစား လေ့ လာစောင့်ကြည့်နေကြသည်မှာ အချိန်ကာလအားဖြင့် ကြာမြင့်နေပြီဖြစ်ပြီးရှမ်းပြည်သူလူထုက နှစ်ပါ တီပေါင်းစည်းရေးကို လိုလားနေကြကြောင်း သိရသည်။

ပါတီနှစ်ခု မပေါင်းစည်းနိုင်ခြင်းသည် မူဝါဒပိုင်းဆိုင်ရာအားဖြင့် ကျားခေါင်းပါတီ၏ ၈ ပြည်နယ်မူနှင့် ကျားဖြူပါတီ၏ ၁၄ ပြည်နယ် မူ တို့ကွဲပြားခြင်းကြောင့်သာမက တခြားသော အကြောင်းအရာများလည်း ရှိနိုင်ကြောင်း ရှမ်းပြည်သူများက ထင်မြင်နေကြသည်ဟု လည်း ဆိုသည်။

“မပေါင်းနိုင်တဲ့ အဓိကအကြောင်းအရင်းကတော့ နှစ်ဖက်စလုံးက အားပေး အားမြှောက်တဲ့သူ ရှိမလား၊ ဒါမှမဟုတ် နှစ်ဖက်စလုံးက ကြိုးဆွဲတဲ့သူ ရှိမလား မသိဘူးဗျ။ ငွေကြောင့်လား၊ အာဏာကြောင့်လား စဉ်းစားရခက်တယ်လို့ ရှမ်း ပြည်သူတွေက မေးနေကြပြီ လေ။ ပေါင်းတော့ ပေါင်းစေချင်တာအမှန်ပဲ”ဟု ရှမ်းပြည်နယ် ကျောက်မဲလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းမောင်က ပြောသည်။

လက်ရှိအခြေအနေအရ လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက်ကို ကျားဖြူပါတီက စတင်ပြင် ဆင်နေပြီ ဖြစ်သကဲ့သို့ ကျားခေါင်းပါတီ ကလည်း ရွေးကောက်ပွဲ အမှန်တကယ်ဖြစ်မည်ဆိုပါက ရွေးကောက် ပွဲ ၀င်ရောက်နိုင်ရေး အတွက် အဆင်သင့်ဖြစ် ရန် ပြင်ဆင်နေသည်ဟု နှစ်ဖက်ပါတီမှ တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။

ကျားဖြူပါတီ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အပါအ၀င် မဲဆန္ဒနယ် ၆၃ ခုတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ပါတီ ၏ လေးကြိမ်မြောက် ပါတီညီလာခံ သဘောထား ကြေညာချက်တွင် တရားဝင် ထုတ်ပြန်ထားသည်။

ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း အများစုအနိုင်ရပြီး ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မည်ဟုလည်း ပါတီခေါင်းဆောင်များက ပြောကြားထားသည်။

ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ် ၅၇ နေရာ အနိုင် ရရှိကာ တတိယ ဆန္ဒမဲအများဆုံး ပါတီအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၁ နေရာ အနိုင်ရခဲ့သည်။

ဦးခွန်ထွန်းဦး ဦးဆောင်သည့် ကျားခေါင်းပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအ တာဖြင့် ဒုတိယ မဲအများဆုံး အနိုင်ရခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲတို့တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။

ကျားခေါင်းပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမရှိပါက ရွေးကောက်ပွဲမဝင်ကြောင်း အစောပိုင်းက ပြောကြားခဲ့ သော်လည်း နိုင်ငံရေးအရလိုအပ်ပါက ၂၀၁၅ ရွေးကောက်ပွဲဝင်နိုင်ရန် ပြင် ဆင်နေပြီဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

ကျားခေါင်း ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က“ရွေးကောက်ပွဲ အမှန်တကယ် ကျင်းပဖြစ် တယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ကျနော်တို့ မျှော်မှန်းထားတဲ့ အနေအထားလောက်အထိ ပြန်လည် ပြုပြင် တယ် ဆိုရင်တော့ ရွေးကောက်ပွဲကို ၀င်နိုင် အောင် ပြင်ဆင်ထားပါတယ်။ ၀င်မယ်လို့ မဆုံးဖြတ်သေးပါဘူး။ ၀င်ဖို့ လိုအပ်ရင် အဆင်သင့်ဖြစ်အောင် အခုကတည်းကစပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်၌ အခြေစိုက်သည့် တိုင်းရင်းသားပါတီ ၁၃ ခုခန့်ရှိပြီး ပါတီအားလုံးက လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သကဲ့သို့  လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ)နှင့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD)တို့လည်း ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ ရှမ်းပြည်အခြေပြု ပါတီကြီးနှစ်ခု၊ အာဏာရ ကြံ့ခိုင်ရေး ပါတီနှင့် NLD ပါတီတို့၏ အားပြိုင်မှုသည် အကြိတ်အနယ်ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။

“ကျားဖြူနဲ့ ကျားခေါင်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်ရဲ့ပြည်သူလူထုကြားမှာ ကျားခေါင်းပေါ်မှာ ရှမ်းတိုင်းရင်းသားတွေက ထောက်ခံမှု ပိုမြင့်မားတယ်လို့ သုံးသပ်လို့ရတယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မှာ ကျားဖြူနဲ့ ကျားခေါင်းရဲ့အားပြိုင်မှုဟာ ရှမ်းပြည်နယ်ထဲမှာ ပြင်းထန်နိုင်တယ်လို့ ယေဘုယျ သုံးသပ်လို့ရ တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် SNDP ပါတီမှ SNLD သို့ ကူးပြောင်းသွားသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၅ ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ရှိပြီဖြစ်သည်။

ယင်းကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ပြီးမှ ပါတီ ကူးပြောင်းခြင်းမျိုးကို နောက်ပိုင်း ရွေးကောက်ပွဲ များတွင် မဖြစ်စေရန် ပဋိညာဉ်စာချုပ် သဘောမျိုး ကြိုတင်ပြင်ဆင်ထားသည်ဟု ကျားဖြူပါတီ က ပြောသည်။

ရွေးကောက်ခံခဲ့ရသည့် ကိုယ်စားလှယ်များသည် ပါတီပုံရိပ်ကို အသုံးပြုအနိုင်ရခဲ့သည့်အတွက် တခြားပါတီ တခုသို့ ကူးပြောင်းမှုများရှိပါက ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး၏ ၁၀ ဆ လျော်ကြေးပေးရမည်ဟု ကျားဖြူပါတီ၏ န၀မ အကြိမ်မြောက် ဗဟို အလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နိုင်ငံရေးတွင် ကျားခေါင်းပါတီနှင့် ကျားဖြူပါတီတို့သာမက ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ကလည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

RCSS/SSA သည် ကျားဖြူပါတီ၏ ညီလာခံနှင့် ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ၏ ညီလာခံသို့ တက်ရောက်ခဲ့ ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေး ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

“ကျနော့်အမြင်ကတော့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂ ခုအနေနဲ့ ဘယ်ပါတီနဲ့ ပိုပြီးနီးစပ် တယ်ဆိုတာထက် ရှမ်းပြည်သူလူထု အများစုကို ကိုယ်စားပြုတဲ့ ပါတီဘက်ကို ရပ်တည်တာဟာ နိုင်ငံရေး အရ ပိုပြီးအားကောင်းမယ်။ လိုအပ်ချက်ဖြစ်တယ် လို့လည်း ထင်တယ်။ တချိန်တည်း တပြိုင်တည်းမှာပဲ ရှမ်းပြည်မှာရှိတဲ့ ပါတီကြီး ၂ ခုရော၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ၂ ခု ရော က တွေ့ဆုံ ဆွေးနွေးပြီး ယုံကြည်မှု နားလည်မှု တည်ဆောက်တဲ့ Dialogue(တွေ့ဆုံ ဆွေးနွေးရေး) ပလက်ဖောင်း တခုကို ဆက်ပြီး တည်ဆောက် ထားသင့်တယ်လို့ မြင်တယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

ရှမ်းပြည်သူများနှင့် သံဃာများကမူ ရှမ်းပါတီနှစ်ခုကို တခုတည်းအဖြစ် ပေါင်းစည်းစေချင်ကြသည်။ မပေါင်းစည်းနိုင်သည့်အဆုံးတွင် လည်း ရှမ်းပြည်သူများအနေဖြင့် ပြည်သူ့အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်မည့် ပါတီကိုသာ ရွေးချယ် မဲထည့်သွားမည်ဖြစ် ကြောင်း သိရသည်။

“ဒီရှမ်းပြည် တောင်ပိုင်းအားလုံးက ကျားခေါင်း ပါတီဘက် အကုန်လုံးရောက်နေပြီ။ ဒါကတော့ ပြည်သူလူထု အဆုံးအဖြတ်ပါပဲ။ ပြည်သူလူထု အကျိုးကို ပိုပြီးလုပ်ပေးနိုင်တဲ့ ပါတီကိုပဲ ရွေးချယ် မဲထည့်သွားမှာပါ”ဟု ပင်လုံမြို့နယ်မှ ကိုစိုင်းဟွမ်စစ်က ဧရာဝတီသို့ ပြောသည်။

ရှမ်းနှစ်ပါတီအနေဖြင့် နှစ်ပါတီ၏မူဝါဒ ကွဲပြားမှုကြောင့်ဖြစ်စေ၊ တခြားသော အကြောင်းအရာ များကြောင့်ဖြစ်စေ တပါတီတည်း အဖြစ် မပေါင်းစည်းနိုင်စေကာမူ ၂၀၁၅ ရွေးကောက်ပွဲတွင် ထိပ်တိုက် ယှဉ်ပြိုင်မှုများ မဖြစ်ဘဲ ရှမ်းတိုင်းရင်းသားများ လိုချင်နေသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ရရှိရန် လုပ်ဆောင်ပေးနိုင်မည့် ပါတီကိုသာ ရှမ်းပြည်သူများက မျှော်လင့်နေကြသည် ဟု လည်း ဆိုသည်။

ရှမ်းပါတီကြီးနှစ်ခု သီးခြားစီ ရွေးကောက်ပွဲဝင်ခြင်းသည် ရှမ်းပြည်နိုင်ငံရေး ကို ကြီးကြီးမားမား ထိခိုက်နိုင် မည် မဟုတ်သကဲ့သို့ ပြည် သူ ၏ ရွေးချယ်မှု သာ အဓိက ဖြစ်သည်ဟုလည်း နှစ်ဖက်ပါတီ ခေါင်းဆောင်များ က ယုံကြည်နေကြသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List