Wednesday, March 04, 2015

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဖွင့်ပြီးသော်လည်း တရုတ်စက်ရုံများ အသင့်မဖြစ်သေး၍ ယခုနှစ်ကုန်မှသာ ရေနံပို့လွှတ်နိုင်မည်



ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဖွင့်လှစ်ပြီးဖြစ်သော်လည်း တရုတ်နိုင်ငံသို့ ရေနံတင်ပို့နိုင်သေးခြင်း မရှိသေးကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေး ကော်မတီအဖွဲ့ဝင်များက ပြောသည်။ အဆိုပါ ရေနက်ဆိပ် ကမ်းကို ၂၀၁၄ နိုဝင်ဘာတွင် ဖွင့်လှစ်ခဲ့သော်လည်း တရုတ်နိုင်ငံရှိ ရေနံလက်ခံမည့် စက်ရုံမှာ အဆင်သင့် မဖြစ် သေးခြင်းကြောင့် ယခုနှစ် အောက်တိုဘာလ လောက်မှသာ ရေနံတင်ပို့နိုင်မည်ဟု လေ့လာစောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင် ဦးစောမိုးကျော်က ပြောသည်။


“ရေနက်ဆိပ်ကမ်းက ပြီးနေပြီ။ အရင် နှစ်လလောက်ကတည်းက ရေနံတင် သင်္ဘောဆိုက်ကပ်ပြီး ရေနံလှောင်ထား ပေမယ့် အခုအချိန်အထိ တရုတ်ဘက်ကို မပို့နိုင်သေးဘူး။ ရေနံနည်းသေးတာလည်း ပါသလို တရုတ်ဘက်က စက်ရုံတွေ အဆင်သင့်မဖြစ်သေးလို့ပါ’’ ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ရေနံပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံစက်ရုံများသို့ ရေဖြင့် ကနဦး စမ်းသပ်ပို့လွှတ်ထားပြီး ကျောက်ဖြူရေနက် ဆိပ်ကမ်းအတွင်း ရေနံတန်ချိန် တစ်သိန်းသုံးသောင်းကျော်သာ ရှိနေသေးကြောင်း ယင်း အထူးစီးပွားရေး ဇုန် လေ့လာစောင့်ကြည့်ရေး ကော်မတီအဖွဲ့ဝင်များက ဆိုသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှာ ရေဆူးအနက် ၆၂ ပေအထိ တူးဖော်ထားခြင်းကြောင့် နိုင်ငံတကာ ရေနံတင်သင်္ဘော များ ကောင်းစွာ ဆိုက်ကပ်နိုင်သည့်အပြင် ရေနံ ဂါလန် ၂၂ သန်းအထိ သိုလှောင်နိုင်သော ရေနံလှောင်ကန် ၁၂ ကန် မှာလည်း အဆင်သင့် တည်ဆောက်ထားပြီးဖြစ်ကြောင်း ဦးစောမိုးကျော်က ပြောသည်။

ရေနက်ဆိပ်ကမ်း တည်ဆောက်မှုလုပ်ငန်းများမှာ ၂၀၁၄ မတ်လပိုင်းလောက်တွင် ပြီးစီးခဲ့ခြင်းဖြစ်ပြီး ရေနံလက်ခံမည့် တရုတ်ဘက်က အဆင်သင့် မဖြစ်သေးသော်လည်း ၂၀၁၅ တွင် ဆီသင်္ဘောများ ဆိုက်ကပ်ရန်ရှိနေကြောင်း လေ့လာ စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးစိုးမိုးကျော်က ဆိုသည်။

ယင်းရေနက်ဆိပ်ကမ်းမှ တစ်ဆင့် အရှေ့အလယ်ပိုင်းဒေသမှ ဆီဂါလန် တန်ချိန် တစ်သိန်းအထက် သင်္ဘောကြီးများ ဆိုက်ကပ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့် ရေး ကော်မတီအဖွဲ့ဝင်များက ရှင်းလင်းပြောကြားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List