Monday, March 02, 2015

တောင်သူလယ်သမားအရေးနှင့် ပြည်သူ့အသံ

အစိုးရအဆက်ဆက်က မြန်မာနိုင်ငံကို စိုက်ပျိုးရေးနိုင်ငံဟုပြောပြီး တောင်သူလယ်သမားများဘ၀ ဖွံ့ဖြိုးရေး အတွက် ဦးစားပေးမည်ဟု ကြွေးကြော်လေ့ရှိသော်လည်း အခြားသော အခြေခံပြည်သူများနည်းတူ တောင် သူလယ်သမားများမှာ အစိုးရ၏ ဂရုစိုက်မှုကိုမခံရပါ။ ဒီမိုကရေစီအစိုးရဟုဆိုသော ဦးသိန်းစိန်အစိုးရ လက် ထက်တွင် တောင်သူလယ်သမားများ၏ ဘ၀မည်သို့ပြောင်းလဲနေသည်ကို ယနေ့ကျရောက်သော‘‘တောင်သူ လယ် သမားနေ့’’နှင့် တိုက်ဆိုင်၍ တောင်သူလယ်သမားများအရေး အမြင်များကို စုစည်းဖော်ပြပေးလိုက် ပါသည်။
ဦးအောင်ဇော်ဦး (တောင်သူ)(ရွှေဘိုခရိုင်)

ပြောင်းလဲမှုကတော့ ကျွဲ၊နွားထွန်ယက်မှုကနေ ထွန်စက်တွေ၊ စပါးရိတ် စက်တွေ သုံးလာတာပေါ့။ အချိန် ကုန်သက်သာတယ်။ တောင်သူတွေရဲ့ ၀င်ငွေစီးပွားရေးကတော့ ပြောင်းလဲမှုသိပ်မရှိပါဘူး။ ၀င်ငွေတိုးတက် လာသလို သွင်းအားစုတွေ တိုးလာတယ်။ ကုန်ကျစရိတ်တွေ တိုးလာ တယ်။ ရွှေဘိုဘက်မှာဆိုရင် ၀ါးဆစ် ပိုးတို့၊ လောင်မီးပိုးတို့ ကျရောက်မှု ပိုဆိုးတယ်။အဲဒါကို တိုက်ဖျက်ဖို့ဒေသအလိုက်မီးထောင်ချောက်ထွန်း ညှိပွဲတွေလုပ်လာပေမယ့် ဗဟုသုတနည်းပါးနေသေးတော့ တောင်သူတွေအ တွက်အကျိုးဖြစ်ထွန်းမှုသိပ်မရှိဘူး။ အစိုးရကို လုပ်ပေးစေချင်တယ်တဲ့ ဆန္ဒတစ်ခုရှိတယ်။ လေယာဉ်နဲ့ စပါးခင်းတွေအ ကုန်လုံးကို ပိုးသတ်ဆေးတွေ ဖျန်းပေးစေချင်တယ်။ဒီဘက်မှာဆိုရင် စပါးဆစ်ပိုးတွေတစ်နှစ်ထက်တစ်နှစ်ပိုဆိုးပြီးတိုး လာတယ်။ အထွက်နှုန်းတွေလည်း ကျဆင်းနေတယ်။ ဆည်၊ မြောင်းတွေကနေ ရေပေးဝေစနစ်ကို အရင်က ထက်တော့ ပိုဂရုစိုက်လာတယ်။ ဒါပေမဲ့ စနစ်တကျရှိမှုတော့အားနည်းနေသေးတယ်။ အင်္ဂလိပ်မင်းလက် ထက်ကရေပေးဝေစနစ်ကို မမီတာအမှန်ပဲ။

ကိုစိုင်းအောင်မျိုးလွင်

မိုးကောင်းမြို့

အစိုးရသစ်လက်ထက်မှာ တောင်သူတွေအတွက် အကောင်းဆုံး လုပ်ပေးခဲ့တယ်လို့ ပြောနိုင်တာက ချေးငွေ တိုးထုတ်ပေးခဲ့တာပါ။ ဒါပေ မဲ့ အဓိကပြဿနာဖြစ်တဲ့ မြေယာသိမ်းဆည်းမှုပြဿနာတွေကိုတော့အခု ထိရာနှု န်းပြည့် မဖြေရှင်းနိုင်သေးဘူး။ မျိုးစေ့နဲ့ မြေသြဇာတွေကို သက်သာတဲ့နှုန်းနဲ့ အစိုးရကမပေးနိုင်သေးဘူး။ ကိုယ့်အစီအစဉ်နဲ့ ယူနေရတော့ ထုတ်လုပ်မှုစရိတ်တွေ တောက်လျှောက်တက်နေတယ်။ မြန်မာနိုင်ငံမှာ လယ်ယာလုပ်ငန်းက ၀င်ငွေနည်းတော့ လုပ်သားရှာရခက်တယ်။ လယ် ယာလုပ်ငန်းမှာ လုပ်သားရှားပါးမှုက လုပ်သားဈေးကြီးမှုကို ဖြစ်စေပြန် တယ်။ မြန်မာနိုင်ငံမှာ လူများစုက လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေကို ဖြေရှင်းနိုင်ရမယ့် စက်မှုလယ်ယာကို အဆင်ပြေပြေသွားနိုင်ဖို့ ကောင်းမွန်တဲ့ တောင်သူတွေလက်လှမ်းမီ တဲ့ အစီအမံတွေလုပ်ပေးစေချင်တယ်။ အရေးကြီးဆုံးက အိမ်နီးချင်းနိုင်ငံတွေမှာ ဈေးကွက်ရှာပြီး တောင် သူတွေဈေးကွက်နဲ့ တိုက်ရိုက်ထိတွေ့နိုင်အောင် စီမံပေးနိုင်ဖို့လည်း မျှော်လင့် ပါတယ်။

ဦးသန်းဆောင် (တောင်သူ၊ ခတ္တက္ကန်တောင်ကျေးရွာ၊ မုံရွာမြို့နယ်)

စိုက်ပျိုးရေးလုပ်ငန်းမှာ စက်မှုလယ်ယာလုပ်ငန်းတွေ ကျယ်ပြန့်လာတယ်။ ကောက်ပဲသီးနှံဈေးကွက်မတည်ငြိမ်မှုက တောင်သူတွေရဲ့ အား နည်းချက်လား စိုက်ပျိုးရေးနည်းစနစ်တွေပံ့ပိုးပေးဖို့ လိုအပ်တယ်။ တောင်သူ က မိုးအမှီပြုလို့ မိုးလေ၀သမမှန်တဲ့အခါ ဆည်ရေသောက်၊ မြေ အောက်ရေတွင်းတွေ ဦးစားပေးလုပ်ပေး ဖို့တောင်းဆိုချင်ပါတယ်။ စိုက်ပျိုးရေရမှ စိုက်ပျိုးရေးလုပ်ငန်းပိုမိုအောင်မြင်မှာမို့လို့ပါ။ နိုင်ငံတော်က တောင် သူတွေကို စိုက်ဧကအလိုက် ချေးငွေပိုပေးရင်တော့ အဆင်ပြေပါ တယ်။ တောင်သူတွေကို စိုက်ပျိုးစရိတ်က နည်းတယ်၊ ရေသွင်းရတယ်။ မြေဆီလွှာနဲ့ သွင်းအားစုတွေ ကုန်ကျမှုပိုများတယ်။ ဒါကြောင့် စိုက်ပျိုး ရေ နဲ့ မြေဆီလွှာသွင်းအားစုတွေ ထောက်ပံ့ပေးစေချင်ပါတယ်။

ဒေါက်တာစိုးထွန်း

(မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းဥက္ကဋ္ဌ)

အစိုးရသစ်လက်ထက် ၂၀၁၂မှာ လယ်ယာမြေဥပဒေပေါ်လာတယ်။ ပြီးတော့ပုံစံ(၇)ဖြစ်တယ်။ လယ်ယာမြေ မှတ်ပုံတင်တွေရလာတယ်။ နယ် တွေမှာအလုပ်သမားရှားတဲ့ပြဿနာကြောင့် စက်မှုလယ်ယာကိုဦးတည်လာ တယ်။

လယ်ယာလုပ်သားတွေက နိုင်ငံခြားထွက်လုပ်တာနဲ့။ မြို့တက်ပြီးလုပ်နေတာနဲ့ဆိုတော့ လုပ်သားရှားပါးမှုက တစ်နှစ်ထက်တစ်နှစ်တိုးလာတယ်။ လယ်သမားတွေရဲ့ဝင်ငွေပိုင်းဆိုင်ရာတွေကတော့ ဒီနှစ်ပိုင်းမှာတိုးလာ တယ်။ ဒါပေမဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်များလာတာရယ်။ လယ်သမားတွေရဲ့ အပိုကုန်ကျစရိတ်တွေများ လာတာရယ်ကြောင့် သိပ်တော့မထူးဘူး။ အထွက်နှုန်းကလည်း အရင်ကနဲ့ဆိုရင် သိပ်ပြီးမတက်လာတော့ မထူးပါဘူး။ စပါးဈေးက၂၀၁၄ မှာ အထိုက်အလျောက်တက်လာပေမယ့် လယ်သမားတွေရဲ့ကုန်ကျစရိတ်ကြောင့် ၀င်ငွေသိသိသာသာ တက်လာတာမရှိပါဘူး။ ဒီအစိုးရလက်ထက်မှာ အခက်အခဲကတော့ လုပ်သား ရှားပါးမှုပဲ။ ပြီးတော့ သယ်ယူပို့ဆောင်ရေးစရိတ်တွေကြီးမားတာရယ်၊ လျှပ်စစ်မီးအပါအ၀င်အခြေခံအဆောက်အအုံမပြည့်စုံတာရယ်ကြောင့်အခက်အခဲတွေကြုံတွေ့နေရတယ်။ 

အစိုးရဆီက လယ်သမားတွေ မျှော် လင့်တာကတော့ အတိုးနှုန်းနည်းတဲ့ချေးငွေပဲ။ လုပ်သားရှားပါးတဲ့ အတွက် စက်မှုလယ်ယာပြောင်းတဲ့အခါမှာ အဓိကလိုအပ်တာက အရင်းအနှီးငွေကြေးပဲ။ ပြီးတော့ထွက် လာတဲ့သီးနှံတွေ ဈေးကွက်ရဖို့ကိုလည်း အစိုးရဖြေရှင်းပေးဖို့လိုတယ်။

ဦးချမ်းသာဦး

(မူဆယ်ဆန်ကုန်သည်)

အစိုးရသစ်လက်ထက်မှာ တောင်သူဘ၀ခိုင်မာတဲ့ဘ၀မျိုး ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးမရှိဘူး။ တောင်သူဘ၀က အရင်အတိုင်းပဲ၊ မနည်း ရှာဖွေလုပ်ကိုင်နေရဆဲပါ။ ခိုင်မာတဲ့ဈေးကွက်အာမခံချက်ရှိတဲ့ကောက် ပဲသီးနှံတွေနဲ့ နိုင်ငံတကာကို မထိုးဖောက်နိုင်သေးသမျှကတော့ တောင်သူ တွေဒုံရင်းပါပဲ ။ တောင်သူတွေကိုဝင်ငွေတိုးစေချင်ရင် စိုက်ပျိုးစရိတ် သွင်းအားစုတွေလျှော့ချနိုင်ဖို့ လိုအပ်လိမ့်မယ်။ ခိုင်မာတဲ့ဈေးကွက်ဖန်တီးပေးဖို့လိုတယ်။ စပါးပေါ်ချိန်ဈေးကျလေ့ရှိတဲ့ ပြဿနာကို ကောင်းစွာထိန်းသိမ်းပေးဖို့လိုတယ်။ ဈေးကွက်ဝင်တဲ့ စပါးမျိုးတွေ စိုက်ပျိုးနိုင်မှ၊ ပြီးတော့ သိုလှောင်နိုင်စွမ်းအား၊ ထိန်းသိမ်းနိုင်စွမ်းအား အခြေခံရှိမှသာ တောင်သူဝင်ငွေတိုးမှာပါ။ အခုအနေအထားအရ သိသာစွာတောင်သူဘ၀ ၀င်ငွေတိုးတယ် ဆိုတာ မတွေ့မိပါဘူး။ လယ်သမားတွေက လယ်ယာမြေပိုင်ဆိုင်မှုအငြင်းပွားမှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့မြင်ပါတယ်။ တောင်သူဆိုတာ အတန်းပညာ၊ အတတ်ပညာ ဗဟုသုတအားနည်းပါ တယ်။ များသောအားဖြင့် မိရိုးဖလာ လယ်ယာလုပ်ငန်းလုပ်စားကြတာပါ။ ဒီတော့ လယ်ယာမြေက သူတို့အ သက်ပါ။ ဒီလိုလူမျိုးတွေ ရှုံးရှုံးမြတ်မြတ်လယ်ယာမြေနဲ့အသက်မွေးဝမ်းကျောင်းပြုနေကြတာပါ။ အစိုးရအနေ နဲ့ တိုင်းပြည်တိုးတက်စေချင် ရင်၊ လယ်ယာကဏ္ဍတိုးတက်စေချင်ရင် ရုပ်ပြလုပ်နေခြင်းထက် အမှန်တ ကယ်အောက်ခြေကနေ တောင်သူဘ၀ကိုမြှင့်တင်ပေးဖို့လိုအပ်ပါလိမ့်မယ်။

ဦးသန်းဇော်

(တောင်သူ)(ဟင်္သာတ)

အစိုးရသစ်လက်ထက်မှာ နိုင်သလောက်ချေးငွေတွေထုတ်ပေးတယ်။ တိုးတက်မှုအနေနဲ့က တောရွာတွေမှာ လျှပ်စစ်ပစ္စည်းတွေသုံးစွဲလာနိုင်ကြတယ်။ စက်ပစ္စည်းတွေပေါများလာတယ်။ ဒါပေမဲ့တစ်ဖက်မှာလည်း အလုပ်သမားရှားပါးလာတယ်။ စက်နဲ့ပဲ နေရာတကာလုပ်နေရတော့ဈေးကြီးတယ်။ ငွေကုန်ကြေးကျများ တယ်။ စိုက်ပျိုးရေးရဲ့အဓိကအရေးပါတဲ့ နွားတွေရှားပါးလာတယ်။ နေရာတိုင်းမှာစက်တွေသုံးလို့မ ရတော့ နွား က လည်းမရှိမဖြစ်ပဲ။ ဒီခေတ်မှာ နွားကလည်းအရမ်းဈေးကြီးတယ်။ အစိုးရအနေနဲ့ ရာသီဥတု နဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်မှုတွေအားနည်းနေတယ်။ တောင်သူတွေရဲ့ ပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်၊ အခွန် ထမ်းရမယ့်အပိုင်းတွေ၊ ဥပဒေအကြောင်းရှင်ရှင်းလင်းလင်းချပြထားတာမရှိဘူး။ လက်ရှိမှာတော့ အုပ်ချုပ်ရေး မှူးမပြောနဲ့ ဆယ်အိမ်ခေါင်းတွေကို မပြောရဲမဆိုရဲတဲ့တောင်သူတွေအများကြီးရှိတယ်။ တောင်သူတွေမှာ အကြောက်တရား စိုးမိုးနေတုန်းပဲ။

ဦးကျော်ခိုင်ဦး

(တောင်သူ) (သာဝတ္ထိကျေးရွာအုပ်စု၊ လယ်ဝေးမြို့နယ်)

အစိုးရသစ်လက်ထက်မှာ ထူးထူးခြားခြားပြောင်းလဲလာတာမျိုးတော့မရှိပါဘူး။ ဆည်မြောင်းတွေအရင်မရှိ ဘူး။ အခု ရှိ လာတယ်။ ဒါပေမဲ့လည်း မလိုအပ်တဲ့နေရာတွေမှာရှိနေတော့ စပါးမစိုက်ရတာ သုံးနှစ်လောက် ရှိပြီ။ နေပြည်တော်ဒေသမှာကို သိပ်ပြီးထူးခြားမှုမရှိသေးတာ။ လယ်/ဆည်အနေနဲ့လည်း တောင်သူတွေ တိုးတက်လာဖို့ဆောင်ရွက်နိုင်ခြင်းမရှိသေးဘူး။ အရင်ကတော့ တောင်သူဆိုရင် သူဌေးအဖြစ်သတ်မှတ် ခံခဲ့ရတာ။ အခုခတ်မှာတော့ တောင်သူတိုင်းရုန်းကန်နေရတယ်။လက်ရှိကနေ လက်မဲ့ဖြစ်သွားတာတွေ လည်း ရှိနေတယ်လေ။ အစိုးရက မျှော်မှန်းထားသလို တစ်နှစ် သုံးသီး၊ လေးသီးစိုက်ပျိုးနိုင်ဖို့ဆိုတာလည်း မလွယ်ဘူး။ ချေးငွေ ဆိုတာလည်းတောင်သူတွေ ပုံစံခွန်ရှိမှ ထုတ်ချေးကြတာ။ ဒါပေမဲ့ မြေစာရင်းက ပုံစံခွန် အတွက် လုပ်ပေးတဲ့အတိုင်းက အားနည်းနေတော့ တောင်သူတွေဘဏ်တွေဆီကနေ ချေးငွေထုတ်ဖို့ဆိုတာ လည်း ခက်ခဲတဲ့ကိစ္စပါပဲ။

ကိုသက်ဦး

(ပျိုးဥယျာဉ်ခြံပိုင်ရှင်)

မြန်မာနိုင်ငံက စိုက်ပျိုးရေးတိုင်းပြည်ဖြစ်ပေမယ့် ဈေးကွက်ပိုင်း၊စိုက်ပျိုးရေးနည်းပညာပိုင်းမှာအားအရမ်းနည်းတယ်။ ဥယျာဉ်ခြံစိုက်တဲ့သူတွေများလာပေမယ့် စီးပွားဖြစ်စိုက်ပြီးရောင်းချလို့အဆင်ပြေတဲ့သူမရှိ သလောက်ပဲ။ဘာလို့လဲဆိုတော့ ပိုးသတ်ဆေးရောင်းတဲ့သူတွေကလည်း သူတို့ရောင်းတဲ့ဆေးကို နားလည်တဲ့သူနည်းတယ်။ အစ်ကိုတို့ ပိုးသတ် ဆေးဝယ်သုံးလို့အပင်သေသွားမယ်ဆိုပါတော့ အစ်ကိုအဲဒီ အတွက် ဘယ် သူ့ကို တရားစွဲလို့ရမလဲ။ ပိုးသတ်ဆေးသုံးနည်းမမှန်တော့။ သစ်သီးအရောင်းဈေးကွက် မှာ မြန်မာသစ်သီးက ဈေးကွက်မ၀င်တော့ဘူး။ ယိုးဒ ယားတွေက ဈေးကွက်မှာ ရောင်းအားရှိတာကို သူတို့ကနည်းပညာပိုင်း မှာ အများကြီးသာသလို ပိုးသတ်ဆေးသုံးတာလည်း ဒီမှာလိုမဟုတ်ဘူး။ ဒီမှာပိုးသတ်ဆေးဆိုရင် အပင်အားလုံးကိုတစ်မျိုးတည်းသုံးတာ။ သူတို့ ကတော့ သူ့အပင်နဲ့သူဆေးခွဲပြီးသုံးတယ်။ စိုက်ပျိုးရေးဘဏ်တွေက လည်း ချေးငွေတွေချပေးပေမယ့် ဒါက ထိရောက်တဲ့နည်းမဟုတ်ဘူး။ သူ တို့လုပ်သင့်တာက လယ်သမားတွေပဲဖြစ်ဖြစ်၊ တောင်သူတွေပဲဖြစ်ဖြစ် သူတို့ကို နည်းပညာတွေပေးရမယ်။ ပိုးသတ်ဆေးရောင်းတဲ့သူတွေကို လည်း သင်တန်းတွေသေချာပေးပြီးလုပ်မှ တိုးတက်မှာပါ။ ဒါတွေမလုပ် တဲ့အတွက် စိုက်ပျိုးရေးလုပ်စားတဲ့သူတွေအကုန်လုံး နင်းပြားဘ၀က မတက်တာ။

ကိုစိုင်းမင်းကျော်

(တောင်သူ၊ ခင်မွန်ကျေးရွာ၊ ချောင်းဦးမြို့နယ်)

စိုက်ပျိုးရေးလုပ်ငန်းရဲ့ပြောင်းလဲမှုကတော့ လက်မှုလယ်ယာကနေစက်မှုလယ်ယာကိုပြောင်းတယ်။ ကျန်တဲ့သီးနှံတွေက စက်နဲ့လုပ်ကိုင်လို့ရပေ မယ့် ပဲစိုက်ခင်းတွေမှာ စက်နဲ့ လုပ်မရလို့ လူငှားနဲ့လုပ်ရတယ်။ လုပ်သား အင်အားကလည်းတစ်နှစ်ထက်တစ်နှစ်ရှားလာပြီဆိုတော့ လုပ်သားအ ခက်အခဲကြုံရတယ်။ အရင်နှစ်တွေက ခရမ်းချဉ်စိုက်တာများတယ်။ ဒီနှစ် ရောဂါပိုးမွှားတွေကြောင့် ခရမ်းချဉ်မစိုက်နိုင်တော့ဘူး။ ပိုးသတ်ဆေးတွေ သွင်းအားစုတွေကလည်းအရင်ကထက်ပိုသုံးနေရတယ်။ ဒါကြောင့်စိုက် ပျိုးစရိတ်တွေက လည်း မြင့်တက်ပြီး အထွက်နှုန်းကမကောင်းဘူး။ ချင်း တွင်းမြစ်ရေတက်ချိန်ဆို သဘာဝချောင်း၊ မြောင်းတွေ က အရင်တုန်းက ရေ၀င်လို့ နေရာတိုင်းမှာစပါးစိုက်နိုင်တယ်။ အခုချောင်းတွေ၊ မြောင်းတွေကောတာရော၊ ဆည်တမံတွေပိတ်ဆို့တာရောကြောင့် နေရာတိုင်းမှာ စပါးမစိုက်နိုင်တော့ဘူး။ မြေဆီလွှာတွေပျက်စီးကုန် တယ်။ ဖြစ်နိုင်ရင် ချင်းတွင်းမြစ်ရေတင်စီမံကိန်းက မြစ်ရေနဲ့ ခင်မွန်ရွာမှာ စပါးစိုက်စေချင်ပါတယ်။ စိုက်ပျိုး စရိတ်ချေးငွေကိုလည်း လုံလောက်အောင်ထုတ်ချေးပေးစေချင်ပါတယ်။

ဦးဝင်းချို

တောင်သူလယ်သမားအရေးလှုပ်ရှားသူ

အခုအစိုးရသစ်လက်ထက်မှာ တောင်သူလယ်သမားတွေအတွက် ပြောင်းလဲလာတာက တောင်သူတွေ တဖြည်းဖြည်းနည်းနည်းလာတယ်။ အရင်တုန်းက ၇၀ ရာခိုင်နှုန်းလောက် အခုဆို အရပ်သားအစိုးရသစ် လက်ထက်မှာ ၃၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ ဘယ်ကဏ္ဍတွေ ပြောင်းလဲလာလဲဆိုတော့ တောင် သူလယ်သမားဆိုတာကို အဓိပ္ပာယ်ဖွင့်တာတွေ ပြောင်းလဲသွားတယ်။ အခုဆိုရင် လယ်သမားအစစ်ထက် အတုကများနေတယ်။ ၀င်ငွေတိုးလာလားဆိုတော့ မတိုးလာပါဘူး။ လယ်သမားတွေအတွက် အခြေခံ အဆောက်အအုံ တွေမရှိတာက အဓိကခက်ခဲတာပဲ။ ပြီးတော့ ငွေရှင်ကြေးရှင်တွေက နေရာအတွက် မြေ ကွက်တွေကို ငွေနဲ့ဖိပြီး ၀ယ်တယ်။ အစိုးရဆီက တောင်းဆိုချင်တာက လယ်သမားတွေအတွက် အခြေခံ အဆောက်အအုံတွေ ဆောက်ပေးစေချင်တယ်။ ပြီးတော့ အမှန်တကယ်မဟုတ်တဲ့ လယ်သမားနာမည်ခံတဲ့ သူတွေကိုလည်း ဖယ်ရှားပေးစေချင်တယ်။

ဦးခင်မောင်လှိုင် (လယ်သမား၊ ဗွက်ပင်ကံရပ်ကွက်၊ ပေါင်းတည်မြို့နယ်)

လက်ရှိအစိုးရသစ်လက်ထက်မှာ တောင်သူလယ်သမားတွေအတွက် အပြောင်းအလဲဖြစ်လောက်အောင်အထိ ဆောင်ရွက်ပေးတာမျိုးမတွေ့ ရဘူး။ လယ်သမားတွေရဲ့ သိမ်းဆည်းခံလယ်ယာမြေပြဿနာတွေမှာ လည်းဖြေရှင်းပေးနိုင်မှုနည်းတယ်။ ဒီနှစ်ထဲမှာ ထူးခြားတာက ပေါင်းတည် မြို့နယ်က လယ်သမားတချို့ပေါ့။ စစ်တပ်က သိမ်းယူထားတဲ့ အလှမ်း ဝေးတဲ့ နေရာတွေပြန်ပေးတယ်။ တပ်အနီးမှာ သိမ်းဆည်းလယ်တွေပြန် မ ပေးဘူး။ ချေးငွေထုတ်ချေးရာမှာပုံစံ(၇)တွေကို အပေါင်သဘောမျိုးစိုက် ဘဏ်ကိုပေးရတာ ထူးခြားမှုတွေ ပါ။ အစိုးရအနေနဲ့ တောင်သူလယ်သမား ထုအားလုံးကို မခွဲခြားဘဲအမှန်တကယ်တန်ဖိုးထားလေးစားစေ ချင်ပါ တယ်။ လယ်ယာမြေရရှိရေးဆောင်ရွက်တဲ့လယ်သမားတွေကို ဖမ်းဆီး ထောင်ချခြင်းမပြုဘဲအကောင်း ဆုံးဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်တယ်။

ဦးအောင်ကိုကို

ပဲ၊ နှမ်းစိုက်ပျိုးသူ (မကွေးတိုင်းအလယ်ဘိုအုပ်စု လက်ပံရွာသစ်)

အစိုးရသစ်တက်ပြီးကတည်းက တောင်သူတွေအတွက်တော့ လယ်ယာလုပ်ပိုင်ခွင့်တွေ ပိုကောင်းလာပြီး ပိုင်ဆိုင်မှုတွေအတွက် အဆင်ပြေလာတယ်။ အဓိကပြောင်းလဲလာတာဆိုရင် လယ်ယာမြေတွေမှာ လမ်းတွေဖောက်တာကို အရင်က တောင်သူတွေရဲ့ သဘောထားတွေ မတောင်းဆိုခဲ့ဘူး။ အခုဆိုရင် တောင် သူတွေရဲ့ သဘောတူညီချက်နဲ့မှ လုပ်တော့ တယ်။ ၀င်ငွေတိုးတက်မှုကတော့ အရင်ကနဲ့ယှဉ်ရင် သိသိသာသာတိုး တက်တာမရှိသေးဘူး။ ကျွန်တော်တို့မှာ စက်ပိုင်းဆိုင်ရာအခက်အခဲတွေ တော့ အများကြီးရှိသေးတယ်။ အစိုးရကနေ စက်တွေ၊စိုက်ပျိုးငွေတွေနဲ့ စိုက်ပျိုးရေးနည်းပညာတွေ အကူအညီသာရခဲ့ရင် အရမ်းအဆင်ပြေမှာ ပါ။ စိုက်ပျိုးရေးဌာနတွေကနေလည်း အမှန်တကယ်ကွင်းဆင်းလုပ်ပေး နိုင်ရင် ကောင်းပါတယ်။ ဒီနှစ်အတွင်းမှာတော့ ထူးခြားတဲ့ ပြောင်းလဲမှုက ပဲတွေ၊ နှမ်းတွေရဲ့ ဈေးကွက်တွေပျက်လာတာပါ။ ဒီတော့ တောင်သူတွေ အတွက် မခံသာဘူးပေါ့။

ဦးလင်း

(တောင်သူကြီး၊ ခင်မွန်ကျေးရွာ၊ ချောင်းဦးမြို့နယ်)

အရင်တုန်းကနဲ့ အခုပြောင်းလဲမှုကတော့အများကြီးပဲ။ အရင်တုန်းက တစ်တင်းကြဲရင် ၁၀တင်းထွက်တယ် ဆိုတဲ့အကွက်တွေ အခုတစ်တင်းကြဲရင် လေးတင်း၊ငါးတင်းပဲထွက်တော့တယ်။ မြေဆီလွှာခန်းခြောက်တာနဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ဆိုင်တယ်။ တောင်သူတွေ ချေးငွေနဲ့ စိုက်တယ်။ သီးနှံအထွက်နှုန်းက လျော့ လာတော့ ချေးငွေပြန်ဆပ်ချိန်မှာအခက်အခဲတွေ ကြုံရတာပေါ့။ ချေးလိုက်တဲ့ချေးငွေက တောင်သူစိုက်ပျိုး စရိတ် တောင်မရဘူး။ တောင်သူတွေ ရင်းနှီးမြှုပ်နှံဖို့အတွက် ချေးငွေတွေ ဒီထက်ပိုပေးစေချင်တယ်။ စိုက်ပျိုးရေးနည်းပညာတွေ အထွက်နှုန်းကောင်းတဲ့ မျိုးစေ့တွေထုတ်ပေးစေချင်ပါတယ်။

ဦးကျော်စွာစိုး (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ)

တောင်သူလယ်သမားတွေအနေနဲ့ ဒီအစိုးရလက်ထက်မှာပြောင်းလဲလာတာကတော့ ထောင်တွေကျဖူးသွား တာ ပါပဲ။ ဘာမှ သိသိသာသာပြောင်း လဲလာတာမရှိပါဘူး။ဝင်ငွေရရှိတဲ့အပိုင်းရော၊ ဈေးကွက်ဝင်တဲ့ အပိုင်း ရောဘာမှ သိသိသာသာကြီးမပြောင်းလဲပါဘူး။ လယ်သားတွေမှာပိုပြီး အ ခက်အခဲတွေကြုံ လာတာပဲရှိပါတယ်။ တောနဲ့ မြို့ရဲ့ တစ်ဦးချင်းဝင်ငွေ ကအရမ်းကွာဟနေတယ်လေ။ အဲဒီတော့ လယ်သမားတွေဘက်က လည်း လယ်ကိုပစ်ပြီး မြို့တက်ချင်လာကြတယ်။ အဓိကက မြန်မာနိုင်ငံ မှာ စက်မှုလယ်ယာမဖွံ့ဖြိုးသေးတာကြောင့်လည်း လယ်သမားတွေဆင်း ရဲနေတာပါ။ အစိုးရအနေနဲ့ သိမ်းထားတဲ့မြေတွေပြန်ပေးမယ်၊ ချေးငွေ တွေနှစ်ရှည်ချပေးမယ်၊ ငွေတိုးတွေလျှော့ချပေးမယ်ဆိုရင်တော့လယ်သ မားတွေအတွက်အများကြီးကောင်းလာနိုင်ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List