Wednesday, March 04, 2015

အဖြေရှာခြင်းလော နိုင်ငံရေးကစားကွက်လော



မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြစ်နေချိန်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်တို့ မတ်လ ၂ရက်က တစ်နာရီခန့်ကြာ သီးသန့်တွေ့ဆုံခဲ့ကြသည်။ လေ့လာသူများ၏ အဆိုအရ ယခုတွေ့ဆုံမှုသည် ရှစ်ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပြီး ထိုသို့တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 



ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ ‘‘ကျောင်းသားကိစ္စက ပေါ်ပင်ပေါ်လာတာ၊ ဒီကိစ္စက အရေးကြီးတဲ့ကိစ္စဗျ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးက ဒီမိုကရေစီပြောင်းလဲရေးအတွက် အခြေခံကျတဲ့ကိစ္စ။ ရွေးကောက်ပွဲကိစ္စကလည်းအရေးကြီးတဲ့ ကိစ္စဗျ’’ ဟု နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးကျော်ဝင်းကဆိုသည်။ 

ထို့ကြောင့် ယခုတွေ့ဆုံသောအချိန်နှင့် အကြောင်းအရာအပေါ် နိုင်ငံရေးလေ့လာသူအားလုံးက စိတ်ဝင်စားခဲ့ကြသည်။ ခေါင်း ဆောင်နှစ်ဦး မည်ကဲ့သို့ သဘောတူညီမှုရခဲ့သည်ကို မသိရသေးသည့်တိုင် ယခုကဲ့သို့ အခြေအနေအချိန်အခါတွင် တွေ့ဆုံမှုအပေါ် အားလုံးက မျှော်လင့်ခဲ့ကြသည်။ ‘‘အထူးသဖြင့် နိုင်ငံတကာရဲ့ ဖိအားတစ်ခုခု ရှိကောင်းရှိနိုင်တယ်။ 

ပြည်တွင်းအနေအထားအရပြောရရင်ဖွဲ့စည်းပုံပြင်ဆင်ရေးကလည်း ရှေ့မတိုးသာ၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကလည်း ဖြစ်ဖြစ်မြောက်မြောက်မရှိ၊ အဲဒီအခြေအနေတွေအောက်မှာ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမယ်လို့ အတည်ပြုနိုင် ဖို့ ဒေါ်စုရဲ့အားကလည်း အရေးကြီးနေပုံရတယ်’’ဟု တွေ့ဆုံပွဲနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကသုံးသပ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်နိုင်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်နိုင်မည်မဟုတ်ဘဲ ပြည်တွင်းငြိမ်း ချမ်းရေးလည်း ရရှိမည်မဟုတ်ပေ။ ထို့အတူ ရွေးကောက်ပွဲမတိုင်မီ အဓိကပါတီကြီးနှစ်ဦး၏ ခေါင်းဆောင်နှစ်ဦး သဘောတူညီမှု မရှိထားပါကလည်း ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီး ပြဿနာများစွာ ဖြစ်လာနိုင်သည့် အနေအထားရှိသည်။ ထို့ကြောင့် အမျိုးသားရင်ကြားစေ့ရေးဆောင်ရွက်ရန် အချိန်သိပ်မကျန်တော့ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။ 

၂၀၁၅ မေလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ လူထုဆန္ဒခံယူပွဲပြုလုပ်ရန် ပြင်ဆင်ထားပြီး နိုဝင်ဘာတွင် ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၁ သြဂုတ် ၁၉ ရက်တွင် သမိုင်းဝင် တွေ့ဆုံခဲ့ကြပြီး ထိုတွေ့ဆုံမှုအပြီး၌ တိုင်းပြည်အတွက်အရေးပါသော အပြောင်းအလဲများ ဖြစ်လာခဲ့သည်။ 

ထို့ကြောင့် ဦးသိန်းစိန် အစိုးရသက်တမ်းမကုန်ခင် လပိုင်းအနည်းငယ်အလို တွေ့ဆုံမှုမှာ စစ်မှန်သော တွေ့ဆုံမှုဖြစ်ပြီး ရလဒ် ကောင်းများ ထွက်ပေါ်လာရန် အားလုံးက မျှော်လင့်ခဲ့ကြသည်။ သို့သော် ယခုနောက်ပိုင်း သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့မှာ ၂၀၁၃ နှစ်ကုန်ပိုင်းမှစ၍ ဆက်ဆံရေးအေးစက်ခဲ့ကြသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်၏ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ဦးသိန်းစိန်က ဆောင်ရွက်မပေးနိုင်သကဲ့သို့ ပြည်ထောင်စုလွှတ်တော်က အဆိုပြု ထားသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍လည်း သမ္မတဦးသိန်းစိန်က ယခုအချိန်ထိ တိကျသည့် တုံ့ပြန်မှု မရှိသေးပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲဝင်သည့်အချိန်ကပင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ရရှိအောင် ကြိုးစားမည်ဟု ကြွေးကြော်ခဲ့သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီအစီရင်ခံစာတွင် ပါတီ၏ သဘောထားများကို တွေ့ရသည်။ ဒီမိုကရေစီနှင့် မကိုက်ညီသည့် ပုဒ်မအများစုကို တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းသွားမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ဒီမိုကရေစီစံနှုန်းနှင့် လုံးဝမကိုက်ညီသော ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်၊ တပ်မတော်သားများ ကိုယ်စားလှယ်များပါဝင်ခြင်းနှင့် ပတ်သက်သော ပုဒ်မတစ်ခုဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၄) ပြည်ထောင်စု လွှတ်တော်ဖွဲ့စည်းခြင်းပုဒ်မများဖြစ်သော ၇၄(က) နှင့် ၇၄( ခ)တို့နှင့် ပတ်သက်၍ ဒီချုပ်က အောက်ပါအတိုင်း မှတ်ချက်ပြု ထားသည်။ 

‘‘ဒီမိုကရေစီစံနှုန်းနှင့် ဆန့်ကျင်နေသောကြောင့် ဖြစ်ပါသည်။ အထွေထွေသဟဇာတဖြစ်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်သွားရန် ဖြစ်ပါသည်ဟု အကြံပြုပါသည်’’ ဟုသာ ဖော်ပြထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ထိုကဲ့သို့ သဘောထားရှိသော်လည်း သမ္မတဦးသိန်းစိန်က တပ်မတော်၏ သဘောတူညီချက်ရမှာသာ ပြုပြင်စေလိုသည့် သဘောရှိပြီး ဥပဒေအတိုင်း ပြင်ဆင်ရန်သာ တစိုက်မတ်မတ် ပြောဆိုခဲ့သည်။ 

လက်တွေ့တွင် ဥပဒေအတိုင်း ပြင်ဆင်ရန် မဖြစ်နိုင်သည့်အတွက် ပြည်ထောင်စုလွှတ်တော်က ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုအကြိမ်တွေ့ဆုံမှုနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ‘‘ပေးထားချက်အတိုင်းပဲ ဆက်လျှောက်မယ်ထင်ပါတယ်။ 

ဦးသိန်းစိန်ဘက်က လျှော့ပေးမယ်မထင်ဘူး’’ဟုဆိုသည်။ ထို့အပြင် ယခုတွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ ‘‘ညှိနှိုင်းနိုင်ခြေတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီညှိနှိုင်းတာတွေဟာ သူနိုင်ကိုယ်နိုင်(Win Win) ဖြစ်တာထက် အစိုးရနဲ့ အာဏာရပါတီက အသာစီးယူထား တာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တယ်’’ဟု ဒေါက်တာရန်မျိုးသိမ်းကသုံးသပ်သည်။ 

ထို့ကြောင့် ၂၀၁၅ မတိုင်မီ အတိုက်အခံနှင့် အစိုးရကြား သဘောတူညီမှုမရရှိပါက ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီး နောက်ပိုင်း ပြဿနာများစွာ ဖြစ်လာနိုင်သည်ဟု စာရေးဆရာဦးကျော်ဝင်းကသုံးသပ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင်တို့ တွေ့ဆုံစဉ်က ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၅ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးပါတီမှ ၂၅ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီများက ၂၅ ရာခိုင်နှုန်းခန့် နိုင်ခြေရှိသည်ဟု ခန့်မှန်းထားကြောင်း ပြောဆိုခဲ့သည်ဟု သတင်းရရှိသည်။ 

ထိုပြောစကားကို ကြည့်ခြင်းအားဖြင့် ၂၀၁၅ တွင် NLD ပါတီမပါဘဲ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးတိုင်းရင်းသား ၅ ရာခိုင်နှုန်းခန့်ဖြင့် အစိုးရဖွဲ့နိုင်သည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။ လက်ရှိအနေအထားအရ NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၄၀ ရာခိုင်နှုန်းအနည်းဆုံးနိုင်ခြေရှိသည်ဟု နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်သည်။ ဒီချုပ်က ထိုပမာဏဖြင့်နိုင်ခဲ့ပြီး တိုင်းရင်းသား အချို့နှင့် အစိုးရဖွဲ့နိုင်ခဲ့ပါက တပ်မတော်အနေဖြင့် အစိုးရအပေါ် လက်ခံမလာနိုင်မည်ကို စိုးရိမ်သူများလည်းရှိသည်။ 

ထို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြား တစ်စုံတစ်ရာ သဘောတူညီမှုရရှိထားရန် အားလုံးက မျှော်လင့်ခဲ့သည်။ ထို့ကြောင့် ယခုတွေ့ဆုံမှုအပေါ် နိုင်ငံရေးလေ့လာသူများက စိတ်ဝင်စားခဲ့ပြီး နိုင်ငံအနာဂတ်အတွက် ကောင်းမွန်သည့် သဘောတူညီချက်များရသော တွေ့ဆုံမှုမျိုးဖြစ်ရန်သာ မျှော်လင့်နေကြသည်။ 


သို့သော် မည်သို့ဖြစ်လာမည်ကိုမူ မသိရှိပေ။ ‘‘တကယ်ပဲ Pre Election Negotiation (ရွေးကောက်ပွဲကြို ညှိနှိုင်းမှု) လုပ်ချင်တာလား (ဒါမှမဟုတ်) လက်ရှိနိုင်ငံရေးဖိအားတွေ လျော့စေချင်လို့လားတော့ မပြောနိုင်ဘူး။ ဒီတစ်ရက်၊ နှစ်ရက်စောင့်ကြည့်ပြီးမှပဲသိမယ် ထင်တယ်’’ဟု နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးကသုံးသပ်သည်။

7daydaily

No comments:

Post a Comment

My Blog List