Thursday, March 05, 2015

တားဆီးခံထားရသော သပိတ်ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ဆက်လက်ရင်ဆိုင်နေဆဲဖြစ်ပြီး သပိတ်ကျောင်းသားများကို ဒေသခံများက အားပေးထောက်ခံကြောင်း ဆန္ဒပြ





ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း လက်ပံတန်းမြို့တွင် အတားအဆီးခံ သပိတ်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင် များ ဆက်လက်ရင်ဆိုင်နေဆဲဖြစ်ပြီး ဒေသခံများက သပိတ်ကျောင်းသားများအား ထောက်ခံကြောင်း ဆန္ဒပြ ခဲ့သည်ဟု မတ် ၄ ရက် ညနေပိုင်းက ရရှိသော သတင်းများအရ သိရသည်။

ကျောင်းသားများအား ထောက်ခံအားပေးမှု၊ ကျောင်းသားများနှင့် တွေ့ဆုံခွင့်ရရန် ပိတ်ဆို့တားဆီးထားသော ရဲတပ်ဖွဲ့ဝင်များ၊ ရဲကားများအား ဖယ်ရှားပေးရန် ဆန္ဒပြမှုကို မတ် ၄ ရက် မွန်းလွဲပိုင်းတွင် လက်ပံတန်း မြို့ ဒေသခံ ၂၀၀ ကျော်ခန့်က ယင်းပိတ်ဆို့တားဆီးထားသော နေရာရှေ့တွင်ပင် ပြုလုပ်ခဲ့ကြသည်။

လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့တားဆီးခံထားရသည့် ပင်မကျောင်းသား သပိတ်စစ်ကြောင်းမှ အစာငတ်ခံ ထိုင်သပိတ်ဆန္ဒပြမှု ဒုတိယနေ့တွင် သပိတ်စစ်ကြောင်းမှ သုံးဦးသတိလစ် မူးလဲခဲ့ပြီး လက်ပံ တန်း မြို့ ဒေသခံများလည်း သပိတ်အား ဆန္ဒပြ ထောက်ခံအားပေးမှုများ ပြုလုပ်ခဲ့ကြသည်။

အစာငတ်ခံ ဆန္ဒပြ ထိုင်သပိတ်ဆင်နွှဲမှုတွင် သံဃာတော်သုံးပါး၊ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀ ဦးပါဝင်ခဲ့ပြီး ကျန်သူများက ပထမအသုတ် အစာငတ်ခံ ဆန္ဒပြသူများ နေရာတွင် တဖြည်းဖြည်း အစားထိုး ၀င်ရောက်သွားမည်ကြောင်း သိရသည်။

အစာငတ်ခံ ဆန္ဒပြသူ ကျောင်းသားများထဲမှ ယောက်ျားလေးတစ်ဦး နေ့လယ်ပိုင်းတွင် သတိလစ် မူးလဲ သွားပြီး အခြားကျောင်းသူ တစ်ဦးနှင့် ကျောင်းသားထုအား ၀န်းရံသူ အမျိုးသမီးတစ်ဦး မူးလဲသွားသည်။ မူးလဲသွားသူများကို နာရေးကူညီမှုအသင်းက ဆေးဝါးကုသမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

လက်ပံတန်းမြို့၌ အတားဆီးခံ သပိတ်စစ်ကြောင်းအား အမြန်ဆုံး လူစုခွဲရန်နှင့် ရန်ကုန်သို့ ချီတက်ခြင်း မပြုရန်၊ ချီတက်ပါက ဥပဒေအရ အရေးယူသွားမည်ဟု အသံချဲ့စက်ဖြင့် ရဲများက မတ် ၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့ပြီး ကျောင်းသားများဘက်မှ လှုံ့ဆော်ရေးသီချင်းများ အသံချဲ့စက်ဖြင့် လည်းကောင်း၊ လှုံ့ဆော်ဟောပြောမှုများဖြင့် ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း မတ် ၃ ရက်က ကျောင်းသားများအား တားဆီးထားသည့် ပုံစံဖြင့် မဟုတ်ဘဲ ကျောင်းသားများအား တားဆီးထား သည့် နေရာတွင် သံဆူးကြိုးများဖြင့် ကာရံတားဆီးထား ပြီး ဖြစ်သည်။

ထို့ပြင် လက်ပံတန်း ဒေသခံပြည်သူများကလည်း ကျောင်းသား များနှင့် တွေ့ဆုံခွင့်ရရန် ညနေ ၅ နာရီ ခန့်အထိ ဆန္ဒပြမှုများ ပြုလုပ်နေ ဆဲဖြစ်ပြီး နောက်ဆုံးအနေဖြင့် သပိတ်မှောက် ကျောင်းသားများအား အချိန်တစ်နာရီခန့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုနေသော်လည်း ရဲများက လိုက်လျောပေးခြင်း မရှိသေးဘဲ ရဲကားများ ဆက်လက်ပိတ်ဆို့ထားဆဲ ဖြစ် သည်။

“ကျွန်တော်တို့က သပိတ်မှောက်နေတာ မဟုတ်ပါဘူး။ ကျောင်းသား၊ ကျောင်း သူလေးတွေကို အစား အစာတွေ၊ ရေတွေ ပေးဖို့၊ ထောက်ပံ့ပေးဖို့ အတွက်ပါ။ ပြီးတော့ သူတို့ အ၀တ်အစားတွေကိုလည်း ကူလျှော်ပေးဖို့ပါ။ မနေ့ကဆို ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ရဲတွေကြားကနေ ကျောင်းသားလေးတွေ ကို မြင်ရတယ်။ ဒီနေ့ဆိုရင် ရဲကားတွေပိတ်ထားတာကြောင့် ကျောင်း သားတွေကို မမြင်ရတော့ဘူး” ဟု လက်ပံတန်းမြို့နယ်ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောကြားသည်။

သပိတ်မှောက် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီခွဲ ခန့်အထိ အခြေအနေမှာ တည်ငြိမ်နေဆဲဖြစ်သည်။


Eleven Media Group

No comments:

Post a Comment

My Blog List