Monday, March 02, 2015

ကြွေးတင်ရင် ပြည်သူပဲ ဆပ်ရလိမ့်မယ်



ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တရုတ်ပို့ကုန်ဘဏ်မှ အမေရိကန်ဒေါ် လာ သန်း ၃၀၀ ချေးယူခွင့်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ရှင်းလင်းစဉ် မြန်မာနိုင်ငံ အနေနဲ့ ၂ဝ၁၃ ခု နှစ် နှစ်ကုန်အထိ နိုင်ငံတကာနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်း ၁၉ ခုဆီက ချေးယူ ထားတဲ့ ချေးငွေပမာဏဟာ ဒေါ်လာ ၉ ဒသမ ၆ ဘီလျံနီးပါး ရှိပါတယ်။
၁၉၈၈ ခုနှစ်မတိုင်မီ ဦးနေဝင်း လက်ထက်အထိ ပြည်ပကြွေးမြီက အမေရိကန်ဒေါ်လာ ၅ ဘီလျံတင်ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းကနေ ၂ဝ၁၁ ခုနှစ်အတွင်း ဒေါ်လာ ၃ ဘီလျံကျော်တင်ခဲ့သလို အခုအစိုးရ လက် ထက်မှာတော့ ဒေါ်လာတစ်ဘီလျံအောက်ဆက်ပြီး ချေးထားတဲ့အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလျံနီးပါး မြန်မာနိုင်ငံ အကြွေးတင်နေတာပါ။

အဲ့ဒီအထဲမှာမှ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းက အများဆုံးချေးယူခဲ့ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံကိုပြန်ဆပ် ရမယ့် အကြွေးပမာဏဟာ ဒေါ်လာလေးဘီလျံကျော် (ကျပ်သန်းပေါင်း ၄,ဝဝဝ,ဝဝဝ ကျော်) အထိ ရှိပါတယ်။

ချုပ်လိုက်ရင် တရုတ်ကို ပြန်ဆပ်ရမယ့် အကြွေးဟာ ပြည်ပအကြွေးစုစုပေါင်းရဲ့ ၄၂ ရာခိုင်နှုန်း (ထက်ဝက် နီးပါး) အထိ ရှိနေတယ် ဆိုတာပါပဲ။

တရုတ်နိုင်ငံက ချေးငွေအများစုဟာ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ချေးတာဖြစ်လို့ အမေရိကန်ဒေါ် လာ လေးဘီလျံကျော် အတွက်ဆိုရင် တစ်နှစ်ကို မြန်မာနိုင်ငံနေနဲ့  တရုတ်ကို အတိုးချည်းပဲသီးသန့် အမေရိကန်ဒေါ်လာသန်း ၁၈ဝ (ကျပ်သန်း ပေါင်း ၁၈ဝ,ဝဝဝ) လောက် ပြန်ဆပ်ရမယ့် အနေအထားပါ။

ဒီလိုအခြေအနေမှာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အမေရိ ကန်ဒေါ်လာ သန်း ၃ဝဝ ကို ၄ ဒသမ ၅ ရာခိုင်နှုန်း အတိုးနှုန်းနဲ့ သမဝါယမဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ချေးဖို့တင်လာတာကို ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကနေ လွှတ်တော်ကလည်း အတည်ပြုပေးလိုက်ပါတယ်။

အဲ့ဒီအတွက် မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ပြန်ဆပ်ရမယ့်အ ကြွေးပမာဏဟာ နောက်ထပ် ဒေါ်လာ သန်း ၃ဝဝ တိုးလာပြီး တစ်နှစ်ကို ဒေါ်လာ ၁၃ ဒသမ ၅ သန်းလောက်အထိ အတိုးပိုပြီး ပေးဆပ်ရတော့မယ့် အနေအထား ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်လာသန်း ၃ဝဝ ကို ချေးယူဖို့ တင်ပြတာက အရင်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဖြစ်တဲ့ သမ္မတနဲ့နီးစပ်တဲ့ လက်ရှိ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းပါ။ ဒါကို အတည်ပြု လိုက်တာက ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ။ ဒါကြောင့် ဒီသန်း ၃ဝဝ ကိုအသုံးချပြီး လာမယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်တာမျိုး မဖြစ်နိုင်ဘူးလို့ ယတိပြတ် မပြောနိုင်သေးတဲ့အတွက် ဘယ်လိုအသုံးချတယ် ဆိုတာကို အများပြည်သူအနေနဲ့ မဖြစ်မနေ သတိထား စောင့်ကြည့်ရမယ့် ဒေါ်လာ သန်း ၃ဝဝ လို့ ပြောရမလို ဖြစ်နေပါတယ်။

နိုင်ငံတကာက တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်း အတိုးမျိုးနဲ့ ထုတ်ချေးပေးတဲ့အချိန်မှာ အဲ့ဒီလိုချေးငွေတွေ ရအောင်မကြိုးပမ်းကြပဲ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ၄ ဒသမ ၅ ရာ ခိုင် နှုန်းအတိုးနဲ့ တရုတ်ဆီကပဲ ဘာကြောင့်ချေးသလဲဆိုတာလဲ ဝန်ကြီးကို မေးခွန်းထုတ်စရာ ကောင်းပါ တယ်။

သမချေးငွေ သန်း ၄၀၀

သမဝါယမဝန်ကြီးဌာနအနေနဲ့ ၂ဝ၁၃ ခုနှစ်မှာ ဒေါ်လာသန်း ၁ဝဝ၊ အခုဒေါ်လာ သန်း ၃ဝဝ စုစုပေါင်း သန်း ၄ဝဝ ကို တရုတ်ပို့ကုန်-သွင်းကုန် ဘဏ်ကနေ ချေးယူခဲ့တာပါ။

၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ တရုတ်ပို့ကုန်သွင်းကုန် ဘဏ် က ဒေါ်လာ သန်း ၁ဝဝ ချေးဖို့ စာချုပ်ချုပ်ဆို ချေးယူခဲ့ပါတယ်။

အခု ဒေါ်လာသန်း ၃ဝဝ အတွက် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှာ စာချုပ်ချုပ်ဆို ချေးယူပါတယ်။ ထူးခြား ချက်က ဒေါ်လာသန်း ၃ဝဝ ကို ချေးတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်ကို ကြိုတင်အသိပေး ခွင့်ပြုချက်ယူ ပြီးမှ ချေးတာမဟုတ်ဘဲ တရုတ်ပို့ကုန် သွင်းကုန်ဘဏ်နဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တို့ စာချုပ်တွေ ဘာတွေ အကုန်ချုပ်ပြီး မဖြစ်မနေချေးဖို့ လုပ်ပြီးကာမှ လွှတ်တော်ကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်ကျမှ တင်ပြအဆုံးအဖြတ် ယူတာဖြစ်လို့ လွှတ်တော်က သဘောမတူလည်း မဖြစ်မနေချေးမယ့်သဘောမျိုး၊ ဒါမှ မဟုတ်လွှတ်တော်က ဒါကိုသဘောတူကို တူမယ်လို့ သိနေတဲ့သဘောမျိုးလည်းသက်ရောက် နေသ လို ဖြစ်နေ ပါတယ်။

လျှို့ဝှက်ထားဆဲ ဒေါ်လာဘီလျံ ၃၀ ချေးငွေ အစီအစဉ်နဲ့ တရုတ်ချေးငွေဆိုတာ

တကယ်တော့ အခုအစိုးရသစ် မပြောင်းမီကာလ အရင်အစိုးရလက်ထက်က တာဝန်ရှိသူတွေဟာ တရုတ် ဆီကနေ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၃ဝ အထိချေးယူဖို့ စီစဉ်ထားခဲ့တာလို့ အစိုးရ ဌာန တွေကတစ်ဆင့် ကြားသိရပါတယ်။ အဲ့ဒီထဲမှာ မြစ်ဆုံလို စီမံကိန်းမျိုးများစွာ ပါဝင်တယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ ဒီနေ့အထိ အဲဒီဒေါ်လာ ၃ဝ ဘီလျံချေးမယ့် ကိစ္စကို ဟုတ်တယ်မဟုတ်ဘူး၊ အဲဒီအစီအစဉ် ပျက်မပျက်၊ ဘယ်စီမံကိန်းတွေအတွက် စီစဉ်ထားတယ်၊ အတိုးနှုန်း ဘယ်လောက်ဆိုတာမျိုးတွေကို တော့အခုအစိုးရ သစ်ကလည်း ပြည်သူကိုချပြ ရှင်းလင်းတာ မတွေ့ရတဲ့အတွက် လျှို့ဝှက်ထားသလို ဖြစ်နေဆဲပါ။

ဘီလျံ ၃ဝ အထိချေးဖို့ တကယ်စီစဉ်ထားတယ် ဆိုရင်တော့ ပြည်သူတွေအတွက် တော်တော်ကြီးကို တရုတ်ကြွေးနွံနစ်မယ့် ကိစ္စဖြစ်ပါတယ်။ အခုတင်နေတဲ့ ဒေါ်လာ လေးဘီလျံကျော် အတွက်တောင် တစ်နှစ်ကို အတိုးချည်းပဲ ဒေါ်လာ သန်း ၁၈ဝ လောက် တရုတ်နိုင်ငံကို ပေးဆပ်နေရတာပါ။

တရုတ်နိုင်ငံဘဏ်တွေက မြန်မာနိုင်ငံကို ထုတ်ချေးတဲ့အခါ အများစုက ဥပမာ-သမဝါယမချေးတယ် ဆိုပေမယ့် သမဝါယမ ဝန်ကြီးဌာနနဲ့ တိုက်ရိုက်စာချုပ်တာ မဟုတ်ပါဘူး။ ဘဏ္ဍာရေးဝန်ကြီးဌာနက အာမခံပြီး စာချုပ်ချုပ်ဆို ချေးယူရတာဖြစ်လို့ သမဝါယမဝန်ကြီးဌာနက ပြန်မဆပ်နိုင်ရင်လည်း နိုင်ငံတော်က စိုက်ဆပ်ရမယ့် အကြွေးမျိုးတွေ ဖြစ်ပါတယ်။

အတိုးနှုန်းက ၄ ဒသမ ၅ ရာ ခိုင်နှုန်းအထိ မြင့်မားတဲ့အပြင် အရင်အစိုးရလက်ထက်က ချေးခဲ့တဲ့ ချေးငွေတွေ ဆိုရင် အနှောင်အဖွဲ့တွေ ပါပါတယ်။ ငွေသားချည်းပဲမပေးဘဲ ဘယ်စီမံကိန်းအတွက်၊ ဘယ်ပစ္စည်းတွေကို သူတို့ရောင်းတဲ့ဈေးနဲ့ ပြန်ဝယ်ပေးရမယ်ဆိုတဲ့ ချည်နှောင်မှုမျိုးတွေနဲ့ ထုတ်ချေးတာပါ။

အတိုးလည်းပေးရ တရုတ်နိုင်ငံထုတ် ပစ္စည်းတွေကိုလည်း သူတို့သတ်မှတ်တဲ့ဈေးနဲ့ ပြန်ဝယ်ပေးရမယ့် သဘောတူညီချက်မျိုးနဲ့ ထုတ်ချေးတာဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့ နစ်နာခဲ့တာမျိုးတွေရှိခဲ့တဲ့ ချေးငွေအမျိုး အစားလို့ ပြောလို့ရပါတယ်။

ဆိုလိုရင်းကတော့ တရုတ်ချေးငွေအများစုဟာ ဘယ်ဝန်ကြီးဌာနကပဲသုံးသုံး နောက်ဆုံးမဆပ်နိုင်ရင် နိုင် ငံတော်ကပဲ စိုက်ဆပ်ရမယ့်ချေးငွေ၊ နိုင်ငံ့ဘဏ္ဍာထဲကပဲ စိုက်ဆပ်ပေးရမယ့် ချေးငွေတွေဖြစ်ပါတယ်။

ဒီထက်ပိုပြီး ရင်နာစရာကောင်းတာက မြန်မာနိုင်ငံအနေနဲ့ ဒေါ်လာ သန်း ၄ဝဝ ကို အတိုး ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးရမယ့်အပြင် ဒေါ်လာသန်း ၄ဝဝ ရဲ့ တစ်ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၄ သန်းကို Management Fee အဖြစ် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်ကို မြန်မာနိုင်ငံက ပြန်ပေးရတဲ့အထိ နစ်နာတဲ့ချေးငွေတွေလို့ ပြော လို့တောင်ရနိုင်ပါတယ်။

တရုတ်ကငွေချေးပြီးလုပ်ခဲ့တဲ့ သကြားစက်တွေ၊ စက်မှုဝန်ကြီးဌာနအောက်က စက်ရုံတွေအများကြီး လုပ်ခဲ့ တယ်၊ ဒီနေ့အထိ အကြွေးဆပ်လို့ မကျေသေဘူး။ စက်ရုံတွေကလည်းရှုံး၊ အကြွေးကလည်းမကျေနဲ့ ဘယ်လောက်နစ်နာခဲ့သလဲ။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကြွေးမြီကို ခံနိုင်ရည်ရှိတယ်ဆိုပြီး ပြောတယ်၊ ပြောပြီးထပ်ချေးတယ်၊ ဘယ်လောက်ခံနိုင်ရည်ရှိရှိ တိုင်းပြည်အတွက် အကျိုးမရှိတဲ့ ချေးငွေဆိုရင် ဘယ်တော့မှ မချေးသင့်တာ ပညာရှင်တိုင်း သိပါတယ်။

နိုင်ငံတကာက ပြည်ပကြွေးမြီအချို့ကို ဒီအစိုးရသစ်လက်ထက်မှာ လျော်ပေးခဲ့တာ ရှိပေမယ့် တရုတ် ကတော့ လောက်လောက်လားလား လျော်ပေးတဲ့အထဲ မပါခဲ့ပါဘူး။

အကြွေးတင်ရင် ပြည်သူဆပ်ရမယ်

အခု ဝန်ကြီးဦးကျော်ဆန်း ဦးဆောင်တဲ့ သမဝါယမဝန်ကြီးဌာနက ချေးလိုက်တဲ့ ဒေါ်လာသန်း ၄ဝဝ ဟာ လည်း ဒီလိုပါပဲ။ သူတို့အကြောင်းကြောင်းကြောင့် မဆပ်နိုင်ခဲ့ရင် ပြည်သူကပဲ ဆပ်ရမှာဖြစ်ပါတယ်။

ဘဏ္ဍာရေးဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းကလည်း ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်က ကျင်းပတဲ့ လွှတ်တော်မှာ ပြည်ပကြွေးမြီတွေကို အခွန်ငွေထဲက ပြန်ဆပ်ဖို့ ဆောင်ရွက်ထားတယ်လို့ တရား ဝင်ပြောထားပါတယ်။

အဲဒီအတွက် ချေးတဲ့သူတွေက ချေးသွားတာပဲ ရှိပါတယ်။ အချိန်တန်လို့ မဆပ်နိုင်ရင် ပြည်သူ့ဘဏ္ဍာထဲ ကနေ ပြန်ဆပ်ပေးရမှာဖြစ်လို့ အကြွေးတင်ရင် ပြည်သူတွေပေးတဲ့ ပြည်သူတွေနဲ့သက်ဆိုင်တဲ့ ဘဏ္ဍာထဲ ကနေ ပြည်သူတွေကပဲ ပြန်ဆပ်ပေးကြရမှာပါ။

နောက်တစ်ချက် အခုလက်ရှိ တောင်သူတွေကို ထုတ်ချေးတဲ့ အသေးစားချေးငွေလုပ်တာကိုကြည့်ရင် ချေးငွေ အားလုံး ၁ဝဝ ရာခိုင်နှုန်းပြည့် ပြန်ရမယ်ဆိုတာ မရှိဘဲဆုံးရှုံးနိုင်မှုရှိတယ်ဆိုတာ မြန်မာနိုင်ငံထဲမှာ ပဲ လောလော လတ်လတ် သက်သေသာဓကတွေ အများကြီး ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ တောင်သူတွေကို စိုက်ထုတ်ချေးပြီး ကူညီဖို့အထူးပြု ကုမ္ပဏီပေါင်း ၄ဝ ကျော် စထောင်ခဲ့ကြ တယ်။ စပါး၊ ပဲ စတာတွေအတွက် တစ်ဧကဘယ်လောက်ဆိုပြီး ထုတ်ချေးပေးကြတယ်။

အဲ့ဒီမှာ တောင်သူဘက်က ပြန်မဆပ်နိုင်လို့ ဆုံးရှုံးသွားတာတွေ အများကြီးဖြစ်ပေါ်ပြီး ကုမ္ပဏီ ၃ဝ ကျော်လောက် မလုပ်နိုင်တော့ဘူး။ အခုဆို ကုမ္ပဏီခုနစ်ခုလောက်ပဲ လုပ်နိုင်တော့တယ်။

အဲ့ဒီ ကုမ္ပဏီခုနစ်ခုကို မေးကြည့်တော့လည်း သူတို့အနေနဲ့ ဘယ်တော့မှ ရာခိုင်နှုန်း ၁ဝဝ ပြန်မရဘူး၊ ပြန်ရ တဲ့နှစ်လည်း မရှိဘူးလို့ အခိုင်အမာ ပြောကြပါတယ်။

အထူးပြုကုမ္ပဏီ တစ်ခုဆိုရင် ကျပ်သိန်းပေါင်း ၃ဝဝဝဝ အထိ ထုတ်ချေးလုပ်ကိုင်ခဲ့တာ အခုဆိုရင် ကျပ် သိန်းပေါင်း ၇ဝဝဝ ဟာ ဆုံးရှုံးလိုက်ရပြီလို့ ပြောပါတယ်။

နောက်ထပ် လုပ်ငန်းရှင်တစ်ဦးကလည်း တောင်သူတွေကို ထုတ်ချေးတဲ့နေရာမှာ နှစ်တိုင်း ရာခိုင်နှုန်း ၂ဝ အနည်းဆုံး ဆုံးရှုံးလေ့ရှိပြီး ရာသီဥတုဖောက်ပြန်တဲ့နှစ်ဆို ချေးငွေရဲ့ ၅ဝ ရာခိုင်နှုန်းအထိ ပြန်မဆပ်နိုင်ကြ ဘူးလို့ ထောက်ပြကြပါတယ်။

ဒါ့အပြင် အထူးပြုကုမ္ပဏီ တည်ထောင်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးကဆိုရင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ချေးခဲ့တဲ့ ဒေါ်လာ သန်း ၁ဝဝ နဲ့ ထပ်ချေးပေးမယ့် ဒေါ်လာသန်း ၃ဝဝ သာ အမှန်အကန် ၁ဝဝ ရာနှုန်းပြည့်ပြန်ရမယ်ဆိုရင် သမဝါယမဝန်ကြီးဌာနရဲ့ အသေးစားချေးငွေလုပ်ငန်းဟာကမ္ဘာ့အသေး စား ချေးငွေ လုပ်ငန်းများ အလယ်မှာ ဂင်းနစ်စံချိန် တင်သွားလိမ့်မယ်လို့တောင် မှတ်ချက်ပြုခဲ့ပါသေးတယ်။

အဝေးကြီးမကြည့်နဲ့၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနကနေ မြန်မာတစ်နိုင်ငံလုံးက တောင် သူတွေကို နှစ်တိုင်း စိုက်စရိတ်(အမတော်ကြေး) ထုတ်ချေးပေးပါတယ်။ ဒါပေမဲ့ နှစ်တိုင်းပြန်မဆပ်နိုင် တဲ့ တောင်သူတွေရှိလို့ တရားစွဲဆိုနေရတာတွေ အခုထက်ထိ ရှိနေတုန်းပါ။

ဒါကိုကြည့်တာနဲ့တင် တောင်သူတွေကို ထုတ်ချေးတဲ့ အသေးစားချေးငွေ လုပ်ငန်းဟာ ၁ဝဝ ရာခိုင်နှုန်း ပြန် ရတဲ့လုပ်ငန်း လုံးဝမဟုတ်ဘူး၊ ဆုံးရှုံးနိုင်ခြေရှိကိုရှိနေတဲ့ လုပ်ငန်းဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။

အဲဒီအတွက် အခုပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းလုပ်နေတဲ့ ချေးငွေဒေါ်လာ သန်း ၄ဝဝ အပြည့် ပြန် မရလို့ဆုံးရှုံးခဲ့ရင် အဲ့ဒီအတွက် အကြွေးတွေကိုလည်း ပြည်သူတွေကပဲ ပြည်သူ့ဘဏ္ဍာနဲ့ ဆပ်ကြရတော့ မှာပါ။

၁ဝဝ ရာခိုင်နှုန်း ပြန်ရ မရဆိုတာထက် တောင်သူတွေကို အဲ့လိုထုတ်ချေးဖို့ အခမ်းအနားတွေ လုပ်တာနဲ့တင် အခမ်းအနားအတွက် ကုန်ကျစရိတ်က ကျပ်သိန်းရာချီ ကုန်နေပါပြီ။ ဒါကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းလည်း သိချင်သိနေမှာပါ။

ဒီကိစ္စတွေရော တွက်ထားပြီးပြီလား အခုပဲရှုံးနေပါပြီ ၀န်ကြီး

ဒီချေးငွေတွေ ရယူတဲ့နေရာမှာ ဆုံးရှုံးနိုင်ခြေတွေ အများကြီးတွက် ချက်ထားရမယ့်အထဲမှာ ကြောက်စရာ အကောင်းဆုံးက ငွေလဲလှယ်နှုန်းကြောင့် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုပါ။

ဥပမာ- တရုတ်ပို့ကုန်သွင်းကုန် ဘဏ်ကနေ ဒေါ်လာ သန်း ၁ဝဝ ထုတ်ချေးပေးလိုက်တယ်။ အဲဒီအချိန် မှာ မြန် မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ကို ရောက်မယ်။ နိုင်ငံခြားကုန်သွယ်မှု ဘဏ်ကနေ မြန်မာ့စီးပွားရေး ဘဏ်ကို ကျပ်ငွေနဲ့ ပြန်တွက်ချက်ပြီး ထုတ်ချေးရမယ်။

အဲ့ဒီအချိန်မှာရှိနေတဲ့ ငွေလဲနှုန်းနဲ့ ဒေါ်လာသန်း ၁ဝဝ ကို မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲပြီး ထုတ်ချေးတာမှာ ကျပ် ၉၇ ဘီလျံကျော်ပဲ ထုတ်ချေးနိုင်ခဲ့ပါတယ်။

အဲ့ဒီသန်း ၁ဝဝ ကို ပြန်ဆပ်ရင် ကျပ်ငွေသွားပေးလို့မရဘူး၊ နိုင်ငံခြားငွေနဲ့ပဲ ပြန်ဆပ်ရမှာပါ။ ဟုတ်ပြီ ဒီနေ့ ဒေါ်လာလဲနှုန်းက တစ်ဒေါ် လာ ၁ဝ၄၃ ကျပ်ဖြစ်နေပါပြီ။

ဥပမာ-ဒီအချိန်မှာ သန်း ၁ဝဝ ကို ပြန်ဆပ်မယ်ဆိုရင် ကျပ် ၁ဝ၄ ဘီလျံကျော်အထိသုံးပြီး ဒေါ်လာပြန်လဲပြီး ဆပ်ရမှာပါ။ ဒီတော့ရခဲ့တာက ကျပ် ၉၇ ဘီလျံကျော်၊ ပြန်ဆပ်တဲ့အချိန်မှာ ကျပ် ၁ဝ၄ ဘီလျံကျော်ဆိုတော့ ကျပ် ၇ ဘီလျံ (ကျပ်သန်း ၇ဝဝဝ) ဆုံးရှုံးသွားပါပြီ။ (ဥပမာပေး တွက်ချက်ထားခြင်းဖြစ်)

တကယ်ပြန်ဆပ်ရမယ့်အချိန်မှာ ဒေါ်လာလဲနှုန်းက တစ်ဒေါ်လာ ကျပ် ၁၁ဝဝ ဖြစ်နေရင်ရော၊ ဒီလိုငွေ လဲနှုန်းကြောင့် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုတွေကို ဝန်ကြီးဦးကျော်ဆန်း ထည့်သွင်းတွက်ချက် ထားသလား ဆိုတာလည်း မေးသင့်တဲ့မေးခွန်း ဖြစ်မှာပါ။

ဘာကြောင့်လဲဆိုတော့ အခုထပ်ချေးတာ ဒေါ်လာသန်း ၃ဝဝ အရင်ချေးထားတာ ဒေါ်လာသန်း ၁ဝဝ စုစုပေါင်း သန်း ၄ဝဝ အထိ ရှိလာတဲ့အတွက် ငွေလဲနှုန်းကြောင့် ဥပမာ-တစ်ဒေါ်လာကို ၁ဝဝ ကျပ် ဆုံးရှုံးခဲ့မယ် ဆိုရင်တောင် ကျပ်ဘီလျံ ၄ဝ အထိ နစ်နာရမှာဖြစ်ပါတယ်။

ဒီလိုနစ်နာမှုတွေကို ဘယ်လိုကုစားဖို့ အစီအစဉ်ဆွဲထားသလဲ၊ ဒါတွေကို စီစဉ်ပြီးမှ ချေးတာလားဆိုတဲ့ မေး ခွန်းကလည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကို မေးရမယ့်အထဲ ပါနေပါတယ်။

ဘာကြောင့်လဲဆိုတော့ အခုချေးယူသွားတာက ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဦးဆောင်တဲ့ သမဝါယမ ဝန်ကြီးဌာနက ချေးယူတာ၊ ပြန်ဆပ်ရမယ့်အချိန်မှာ ဝန်ကြီးဦးကျော်ဆန်း ဒီဝန်ကြီးဌာနမှာ ရှိချင်မှရှိတော့မှာ ပါ။ အဲဒီအချိန်မှာ တကယ်ပြန်ဆပ်ရမှာက ပြည်သူ့ဘဏ္ဍာငွေနဲ့ ပြည်သူကပဲဆပ်ရမှာမို့ ဆုံးရှုံးမှုတွက်ပြီးမှ လုပ် မလုပ် ပြည်သူသိထားအောင်ပါ။

နောက်တစ်ချက်ကတော့ ဒီဒေါ်လာသန်း ၄ဝဝ ကို ထုတ်ချေးပေးထားတဲ့နေရာမှာ တောင်သူ အမည် ၊ နေရပ်မြို့နယ်၊ ဘယ်လောက်အထိ ထုတ်ချေးထားတယ်ဆိုတဲ့ အသေးစိတ်စာရင်းကို ထုတ်ပြန်ပေးဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရအဆင့် အဖွဲ့အစည်းတွေကို တင်သလို လုံးပေါင်းအချုပ်စာရင်း လောက် နဲ့တော့ ရှင်းရှင်းလင်းလင်းဖြစ်မှာ မဟုတ်ပါဘူး။

အဓိကအချက်ကတော့ အတိုးနှုန်းမြင့်မြင့်နဲ့ ပြည်ပကချေးထားတဲ့ချေးငွေကို အမှန်တကယ် ထိထိရောက်ရောက် သုံး မသုံး ပြည်သူ သိခွင့်ပေးဖို့၊ ပြီးတော့ ထိပ်ဆုံးက အစအောက်ခြေအထိ စီမံခန့်ခွဲမှု အမှားကြောင့် ဆုံးရှုံးခဲ့တာမျိုးရှိခဲ့ရင်  ဘယ်အစိုးရ လက်ထက်ရောက်ရောက် တာဝန်ယူဦးဆောင်လုပ်ခဲ့ တဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကပဲ ကိုယ်တိုင်တာဝန်ယူ တာဝန်ခံပေးရမှာဖြစ်လို့ အသေးစိတ် စာရင်းတွေကိုလည်း ထုတ်ပြန်ဖို့လိုတာပါ။

ဘာကြောင့်လဲ CB ဘဏ်

တရုတ်ဆီက ပထမချေးယူတဲ့ ဒေါ်လာသန်း ၁ဝဝ ဟာ ထပ်ဆင့်ချေးငွေ စာချုပ်အရဆိုရင် မြန်မာ့စီးပွားရေး ဘဏ်က ကိုယ်စားလှယ်ဘဏ်အဖြစ် ကျပ်ငွေထုတ်ချေး ပေးရတာပါ။

မြန်မာ့စီးပွားရေးဘဏ် ဆိုတာကလည်း တစ်နိုင်ငံလုံး မြို့တိုင်းမှာရှိတဲ့ လွှမ်းခြုံနိုင်တဲ့ဘဏ် ဖြစ်ပါတယ်။ အဲ့ဒီတော့ တကယ်လို့ သမအသင်းတွေက ကိုယ်ထုတ်ချင်တဲ့မြို့က မြန်မာ့စီးပွားရေးဘဏ်မှာ သွားထုတ်ယူ ပြီး ပြန်ချေးလို့ရပါတယ်။

ဒါပေမဲ့ အဲ့ဒီလိုတစ်ဆင့်တည်း ပြီးနိုင်တဲ့နည်းလမ်းရှိပေမယ့် ဘာကြောင့် မြန်မာ့စီးပွားရေးဘဏ်က မထုတ် ဘဲ မြန်မာ့စီးပွားရေးဘဏ်က တစ်ဆင့် CB ဘဏ်ထဲအပ်ထည့်၊ ပြီးတော့မှ ပြန်ထုတ်ယူ၊ ထုတ်ယူပြီး မှ ပြန်ချေး လုပ်ရသလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာ ကောင်းနေပြန်ပါတယ်။

စောင့်ကြည့်ရမယ့် သန်း ၃၀၀ နဲ့ တာဝန်ခံရမည့်သူများ

အထူး သတိပြုသင့်တဲ့အချက်က ၂ဝ၁၅ မှာ အရေးကြီးတဲ့ ရွေးကောက်ပွဲရှိနေတယ်၊ ဒီချေးငွေ ဒေါ်လာသန်း ၃ဝဝ ကို တောင်သူတွေကို ထုတ်ချေးမယ်၊ ကျွဲကူးရေပါ ဆိုသလို မဲအတွက် အနှောင်အဖွဲ့ မကင်းတာမျိုးမဖြစ် ဖို့လိုတယ်၊ ဒီလိုအနှောင်အဖွဲ့ ကင်းမကင်းကိုလည်း နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူတွေရော၊ ပြည်တွင်းက လွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေရော မဖြစ်မနေစောင့် ကြည့်သင့်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်နေပါတယ်။

သမဝါယမဝန်ကြီးဌာန အနေနဲ့ ကနဦးရတဲ့ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကို အသင်းဝင် တောင်သူပေါင်း တစ်သန်းကျော်ကို ထုတ်ချေးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မြို့နယ်ပေါင်း ၂၅ဝ ကျော်က အသင်းဝင် တောင်သူပေါင်း ၁ သန်းကျော် ကို ထုတ်ချေးခဲ့တာပါ။

အခု ထပ်မံပြီး ဒေါ်လာသန်း ၃ဝဝ ကိုလည်း သန်းနဲ့ချီတဲ့ တောင်သူတွေကို ထပ်မံထုတ်ချေးမှာ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ တစ်ဖက်ကကြည့်ရင် သန်းနဲ့ချီတဲ့ မဲပေးမယ့်သူ ပြည်သူတွေလို့ ပြောရမှာပါ။

အခုချေးငွေရယူထားတဲ့ သန်းနဲ့ချီတဲ့ တောင်သူတွေဟာ ၂ဝ၁၅ မှာ မဲပေးမယ့် သန်းနဲ့ချီတဲ့ မဲပေးသူ ပြည် သူတွေ ဖြစ်လို့လည်း ဒေါ်လာ သန်း ၄ဝဝ ချေးငွေတွေကြောင့် အဲ့ဒီတောင်သူတွေ မဲပေးတဲ့အခါ တိုက်တွန်း ခံရမှုရှိမရှိ၊ တွန်းအားပေးခံရမှု ရှိမရှိ၊ နှောင်ဖွဲ့ခံရမှုရှိမရှိ စောင့်ကြည့်ကြဖို့ အင်မတန် အရေးကြီးနေတာပါ။

တကယ်လို့ နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့်သူတွေကပဲဖြစ်ဖြစ်၊ နိုင်ငံတွင်းက လွတ်လပ် တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေကပဲဖြစ်ဖြစ် အခု ဒေါ်လာသန်း ၄ဝဝ ချေးငွေနဲ့ ပတ်သက်တဲ့တောင် သူတွေ မဲပေးတဲ့အခါမှာ နှောင်ဖွဲ့ခံရမှု မကင်းတာမျိုး၊ တိုက်တွန်းခံရတာမျိုးရှိခဲ့တယ် ဆိုတာကို ကောက်ချက် ချခဲ့ရင်၊ ကောက်ချက်ချလို့ရတဲ့ ကိစ္စတွေ ပေါ်ပေါက်လာခဲ့ရင် အဲ့ဒီကိစ္စတွေအတွက် တာဝန်ယူ တာဝန်ခံရ မယ့်သူတွေ ရှိပါတယ်။

ချေးယူခွင့်ပြုတဲ့ နိုင်ငံတော်သမ္မတနဲ့ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းတို့ပါပဲ။ သူတို့အပြင် CB ဘဏ် ဟာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်သူအဖြစ် သတ်မှတ်ခံရနိုင်တာကို သတိပြုသင့်ပါတယ်။

သမ္မတနဲ့ ဝန်ကြီးအပြင် CB ဘဏ် ဘာကြောင့်ပါလဲ ဆိုရင်တော့ CB ဘဏ်လုပ်ငန်းရှင်ဟာ သမ္မတနဲ့ နီးစပ် သူ၊ CB ဘဏ်ဟာ သမ္မတနဲ့ နီးစပ်တဲ့ဘဏ် ဖြစ်နေပါတယ်။ ချေးငွေထုတ်ချေးပေးတဲ့ အစီအစဉ်မှာ တစ်စိတ် တစ်ပိုင်း ပါဝင်သလို ဖြစ်နေတဲ့အတွက်ပါ။ အကယ်၍ ဒီချေးငွေကြောင့် ရွေးကောက်ပွဲမဲပေးရာမှာ တစ်ခုခု များချွတ်ချော်တာမျိုး ရှိလာခဲ့ရင် နိုင်ငံတကာက စောင့်ကြည့်သူတွေ ရှိနေတဲ့အတွက် နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့ခံရနိုင်တဲ့ စာရင်းမှာ CB ဘဏ် ပါမသွားနိုင်ဘူးလို့ ယတိပြတ် ပြောလို့မရတဲ့အတွက် CB ဘဏ်အနေ နဲ့လည်း ဒီချေးငွေအပေါ်မှာ ကြိုတင်သတိ ပြုသင့်ပါတယ်။

အခုလက်ရှိ ချေးလိုက်တဲ့ ဒေါ်လာသန်း ၄ဝဝ သာ တစ်ချိန်ချိန်မှာ အပြည့်မရဘဲ ဆုံးရှုံးခဲ့မယ်ဆိုရင် နိုင်ငံတော် သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းတို့ကြောင့် တင်ခဲ့တဲ့ကြွေးတွေကို ပြည်သူတွေ စိုက်ဆပ်ပေးရ မှုအဖြစ် သမိုင်းမှတ်တမ်း ကျန်ခဲ့မှာ ဖြစ်ပါတယ်။

ဦးနေဝင်းလက်ထက်က အကြွေးတွေကို ဦးသန်းရွှေ လက်ထက်မှာ ဆပ်မသွားနိုင်တဲ့အပြင် တရုတ်ဆီကပါ ထပ်ပြီးချေးတယ်။ အခုအစိုးရသစ်ကလည်း ထပ်ချေးတယ်။ အစိုးရဆိုတာ အပြောင်းအလဲ အမြဲရှိတယ်။ တကယ်တမ်းကျတော့ ကိုယ်အုပ်ချုပ်ခွင့်ရတဲ့ အချိန်မှာ ချေးချင်တိုင်း ချေးသွားကြတယ်။ ပြန်ဆပ်ရမယ့် အချိန် မှာ သူတို့မရှိတော့ဘူး ပြည်သူကပဲ ဆပ်ရတယ်။

ကြွေးတင်ရင် ပြည်သူတွေ ကျွန်ဖြစ်တယ်၊ ကျွန်မဖြစ်အောင် ပြည်သူတွေကပဲ ဆပ်ပေးနေရတယ်။ ကြွေးတင် ရင် ပြည်သူပဲ နောက်ဆုံး ဆပ်ရလိမ့်မယ်။ ။

Eleven Media Group

No comments:

Post a Comment

My Blog List