Tuesday, March 03, 2015

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း (ပင်မ) မှ ကျောင်းသား ကိုယ်စားလှယ်များနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးနှစ်ဦး လက်ပံတန်းမြို့တွင် တွေ့ဆုံဆွေးနွေးရာ ကျောင်းသားများက အချက်ရှစ်ချက် တောင်းဆိုခဲ့


ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း (ပင်မ) မှ ကျောင်းသားကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေ သကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းတို့ လက်ပံတန်းမြို့တွင် မတ် ၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာ ကျောင်းသားများ ဘက် မှ အချက်ရှစ်ချက် တောင်းဆိုခဲ့ကြောင်း သိရသည်။
ပင်မသပိတ်စစ်ကြောင်း အနေဖြင့် ရန်ကုန်သို့ အရောက်ချီတက်ရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသည့်အတွက် အဆိုပါအချက် ရှစ်ချက်ကို တောင်းဆိုရခြင်းဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ၀င်  ဦးအောင်မှိုင်းဆန်းက ပြောကြားသည်။

ယင်းအချက် ရှစ်ချက်မှာ (၁) ပင်မသပိတ်စစ်ကြောင်းသည် မတ် ၃ ရက် နံနက်ပိုင်းတွင် လက်ရှိတည်း ခိုနေသော လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်မှ သာယာဝတီ မြို့နယ်အထိ လမ်းလျှောက်ချီ တက်မည်၊ ချီတက်ရာတွင် သပိတ်ပုံစံဖြင့် ချီတက်မည်၊ ကြွေးကြော်သံများဖြင့် ချီတက်မည်၊ (၂) သာယာဝတီ တွင် ညအိပ်နားနေပြီး နောက်နေ့နံနက်တွင် ရန်ကုန်သို့ ထွက်ခွာမည်၊ ရန်ကုန်သို့ ချီတက်ရာတွင် လမ်းလျှောက်ချီတက်မည် မဟုတ်ဘဲ ကားဖြင့်သွားမည်၊ (၃) ရန်ကုန်သို့ချီတက်သည့် ကားများတွင် သမဂ္ဂခွပ်ဒေါင်းအလံကို လွှင့်ထူသွားမည်၊ (၄) ချီတက်သည့် ကားများတွင် လမ်းတစ်လျှောက်ဖွင့်လာသော သီချင်းများအား ဖွင့်သွားမည်၊ (၅) ရန်ကုန်သို့သွားမည့် ကားများအား အမြန်မောင်းနှင်မည် မဟုတ်ဘဲ ပုံမှန်အတိုင်း မောင်းနှင်မည်၊ (၆) ရန်ကုန်သို့ ရောက်ရှိပါက ရွှေတိဂုံရင်ပြင်တော်ပေါ်ရှိ ပထမကျောင်းသား သပိတ် ဖြစ်ပွားချိန်တွင် အထိမ်းအမှတ်အဖြစ် စိုက်ထူထားသော ကျောက်တိုင် (သို့မဟုတ်) ရန်ကုန်တက္က သိုလ် ၀င်းအတွင်းရှိ သမဂ္ဂရင်ပြင်ရှိ ဗိုလ်အောင်ကျော် ကျောက်တိုင်သို့ လည်းကောင်း သွားရောက်မည်ဖြစ် သည်၊ (၇) အဆိုပါ နေရာများသို့ ရောက်ရှိပါက အချိန်တို အခမ်းအနားတစ်ခု ပြုလုပ်မည်၊ (၈) ယင်းကဲ့သို့ အစီအစဉ်များ ပြီးဆုံးပါက မိမိတို့ အစီအစဉ်ဖြင့် လူစုခွဲပြီး နေရပ်အသီးသီးသို့ ပြန်မည်တို့ ဖြစ်သည်။

“ကိုယ့်အရပ်ကိုယ့်ဒေသကို ပြန်တဲ့အခါ အများအားဖြင့် အစိုးရ လုပ်လေ့ရှိတာ သူတို့ဘာသာ သူတို့ ကားတွေစီစဉ်ပြီး ဇွတ်အတင်းအကျပ် ပို့တာမျိုးတွေ လုပ်လေ့ အရင်က ရှိခဲ့တဲ့အတွက် ကျွန်တော်တို့ ကိုယ့်အစီအစဉ်နဲ့ ပြန်မယ်။ မယုံရင်လည်း လိုက်ပြီးကြည့်လို့ ရတယ်။ အရင်က အကြမ်းဖျင်းပြောထားတာက သူတို့လုံခြုံရေးနဲ့ ဘေးကညှပ်ပြီး လိုက်ပို့မယ့် အဓိပ္ပာယ်ဆောင်တဲ့ ဟာမျိုးတွေ ရှိတဲ့အတွက် သူတို့လုံခြုံရေး ကျွန်တော်တို့ ကားတန်းလိုက်တာ လက်ခံတယ်။ ဒါပေမဲ့ သူတို့လုံခြုံရေးကို ကျွန်တော်တို့ ကားတန်းနဲ့ ခပ်ခွာခွာက သွားပေါ့။ နောက်ဆုံးကလည်း ခပ်ခွာခွာနဲ့ လိုက်ပေါ့။ အဲဒါကတော့ သူတို့ကြိုက်တဲ့ ကားအရေ အတွက်နဲ့ပါ” ဟု ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “ဒီလိုတောင်းဆိုချက် ရှစ်ချက် တောင်းဆိုထားမှုကို အစိုးရ အချိန်မီ အကြောင်းမပြန် ခဲ့ရင် ကျွန်တော်တို့ မနက်ဖြန် နံနက် ၉ နာရီကနေစပြီး ဒီကနေ သာယာဝတီအထိ သေချာပေါက် ချီတက် သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မတ်၂ ရက်က သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ် ဂိုဏ်းပေါင်းစုံ သံဃာတော်များက စာမေးပွဲကာ လ ဖြစ်သည့်အတွက် သပိတ်ကို စောင့် ကြည့်စေချင်ကြောင်း လာရောက်မေတ္တာရပ်ခံသဖြင့် မိဘပြည်သူ များ၊ ဒကာ ဒကာမများ စိုးရိမ်ပူပန်မှုကို လျော့ကျစေချင်ကြောင်းနှင့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်လုပ်ငန်းစဉ်များအား မြန်နိုင် သမျှမြန်အောင် လုပ်ပေးမည်ဟု  လွှတ်တော်အမတ်အချို့၏ ကတိစကားများကြောင့် လွှတ်တော်ကို စောင့် ကြည့်သင့်သည့်အတွက် ယင်းကဲ့သို့ အချက်ရှစ်ချက် အား တောင်းဆိုရခြင်းဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ကိုမိုးထက်နေက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List