Friday, March 06, 2015

အမေ့ဆန်တစ်စိတ် တစ်အိတ်နှင့်မလဲတာ အဖြေမဟုတ်


မြင်နေကြားနေရသည့် သတင်းတွေက မလှမပရှိလွန်းလှသည်။ ရောဂါသည်းလေ ဆရာကြိုက် လေဆိုသည့် စကားက အလိုလို ခေါင်းထဲပြေးဝင် လာ၏။ တကယ် တော့  သိမ်ရာက  ဖြတ်ကြဖို့ ကောင်းလှပါပြီ။ ဖြတ်ကြ ပါတော့ ဟုလည်း  တောင်းပန်အကြံပြု တိုက်တွန်းချင်သည်။  အပ်ဖြင့် ထွင်းရမည့်ကိစ္စကို  ပုဆိန်ဖြင့် ထွင်း ရအောင်များ  ဘာကြောင့် အနာဝကိုဖြဲချင်ကြသည်မသိ။ 


အခုတော့ မဖြစ်စလောက်သွေးစု နာသေးသေးလေးကနေ အိုင်းအနာ အနာဆွေးကြီးလိုဖြစ်အောင် ငရုတ်ညှော်တိုက်နေကြသလားပင်ထင်ရသည်။

လက်ပံတန်းတွင် တစ်ခံနေ သည့် အမျိုးသားပညာရေးဥပဒေ ပြင်ရေး သပိတ်ပင်မစစ်ကြောင်းမှ ကျောင်း သားလေးတွေနှင့်  ထို ကျောင်း သားလေးတွေကို  ဝန်းရံ သည့်  သံဃာတွေ  ပေတစ်ရာ ကတ္တရာ လမ်း မပေါ်မှာ စောင် လေးတွေ မလုံမလောက်ခြုံသူခြုံ၊ သင်္ကန်းခေါင်း မြီးခြုံသူခြုံနှင့် အိပ် ကြရသည်မှာ နှစ်ညရှိပြီ။

‘နေ့ပူလို့ ညချမ်းတပေါင်းလ သရမ်း’ဆိုသည့်စာလို ရာသီဥတု က ပြင်းလှ၏။ သည်လိုအခြေအ နေမျိုးနှင့် ဘယ်လောက်ဆက် ကြာနေမည်လဲဆိုသည်က စိုးရိမ် စရာဖြစ်လာသည်။ ကြာလျှင်ရော ဂါဘယတွေကပ် ကာ ဒုက္ခရောက် ကုန်ကြတော့မည်ကိုတွေးမိပြီး စိတ်မချမ်းမသာ   ဖြစ်မိလာရသည်။

 လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် မနေ့ကနှင့် တစ်မြန်နေ့ က တက်လာလိုက်သည့် သတင်း ဓာတ်ပုံတွေက စိတ်ချမ်းသာစရာ တစ်စက်မျှမရှိ။ အသားတွေကို တစ်စစီ ဖဲ့ချပစ်လောက်အောင် ပူပြင်းလွန်းနေသည့် တပေါင်းနေ ပြင်းပြင်းအောက်မှာ ကျောင်း သား၊  ကျောင်းသူလေးတွေက ခမောက်တွေ၊ ဦးထုပ်တွေနှင့် မို့ တော်ပေသေးဆိုပေသည့် ဦးပြည်း ပြောင်ပြောင်  သံဃာတွေရဲ့ ဦးနှောက်တွေက ဘယ်လိုဓာတ်ခံ နှင့်များ အဲ့သည်နေပူရှိန်ကို အန် တုနေနိုင်ကြသည်လည်းပင် တွေး မကြည့်ဝံ့တော့။

သူတို့တွေတွင်လားဆိုတော့ လည်းမဟုတ်။ သူတို့လေးတွေကို လာရောက်ပိတ်ဆို့ရန် တာဝန်ကျ နေကြ သည့် ရဲတပ်သားရဲဘော်၊ ရဲမေလေးတွေလည်း အဲ့သည့်နေ ရောင်ပြင်းပြင်းအောက်ထဲမှာ ဒုက္ခနှင့် တစ်လုံး။

  ရဲလေးတွေဘက်မှာရော ကျောင်းသားတွေဘက်မှာပါ နှစ် ဖက်စလုံးမှာ နေရောင်အပူဒဏ်ကို မခံ ရပ်နိုင်တော့လို့ မူးမေ့လဲပြို ကျသူတွေ၊ သတိလစ်သွားသူတွေ နှင့် ကျန်းမာရေးကိုပါ ထိခိုက်ကုန် ကြသည်။

 သည်လိုအခြေအနေမျိုး၌ ပြည်သူများ၏ ကရုဏာသက်မှုက ရဲလေးတွေအပေါ်သို့ရောက် မလာတော့ရုံ မျှမက ပြည်သူ၏ရွံ ရှာမုန်းတီးမှုကိုပင် ရဲလေးတွေ ခံလာနေကြရသည်။ ဒါသည် ကောင်းသည့် အစ ပျိုးခြင်းလက္ခ ဏာမဟုတ်။ တစ်စစ ပြိုဆင်းလာ နေသော မြစ်ကမ်းပါးလိုဖြစ်နေ ကြောင်း သတိပြုမိကြ ဖို့လိုသည်။ ကြာလျှင် ရွာဦးစေတီရော တစ် ရွာလုံးပါ ကမ်းပြိုရာသို့ ပါသွား နိုင်သည့် အစပင်ဖြစ်၏။

ယမန်နေ့ကပင် ရဲတပ်ဖွဲ့ဝင် လေးတွေဆီ ပြည်သူက လူလုံး ရိုက်ပြီး ဝင်လုံးတာမျိုးထိဖြစ်လာ သည်။ သည်လို အခြေအနေမျိုး တွေသည် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေကိန်းဖြစ်အောင် တမင်စောင့်စားနေ တာမျိုး မဟုတ်လျှင်တာမရှည်သင့်တော့ဘူးပဲ ထင်သည်။

ပြည်သူလူထု၏ ထောက်ခံ အားပေးမှုကို အပြည့်အဝရနေသည့် ကျောင်းသားလေးတွေထံ သို့ သောက်ရေ အိုးတွေ၊ ရေသန့် ဘူးတွေနှင့် ဓာတ်ဆားထုပ်လိုမျိုးမှစ လာရောက်လှူဒါန်းပေးပို့သူ တွေ များပြားလွန်း လှသော်လည်း ရဲလေးတွေမှာဖြင့် ကူညီချင်သူမဲ့။

သည်လိုအခြေအနေတွင် ကြက်သီးဖုထလောက်အောင် မုဒိ တာပွားလိုက် ရသည့် ဓာတ်ပုံလေး တွေ လူမှုကွန်ရက်စာမျက်နှာပေါ် တက်လာသည်။

အခြားမဟုတ်။ ကျောင်း သားလေးတွေက ရဲလေးတွေကို ရေသန့်ဘူးတွေ၊ ဓာတ်ဆားထုပ် တွေကို မျှဝေလှူဒါန်းကူညီကြ သည့် အလွန်လှပသော မြင်ကွင်း ဓာတ်ပုံလေးတွေဖြစ်သည်။

ကောင်းလေစွ.. ဟု ရင်ထဲမှာ ဖရဏာပီတိစည်ကြီးဟိန်းသွာသလို မြည် သည်။ အဲ့သည်နောက်တော့ ရဲလေးတွေနှင့် ကျောင်းသားလေး တွေ စကားစမြည်ပြောကြ.. လက်တကမ်းအကွာမှာ ရယ်ရယ် ပြုံးပြုံး စကားဆိုကြနှင့်.. ။

 သို့သော် အဲ့သည်အခြေ အနေတွေက ညနေစောင်းတော့ ပြောင်းလာသည်။ ရဲလေးတွေနှင့် ကျောင်း သားလေးတွေကြား သံဆူးကြိုးစည်းနှစ်တန်ခြား ပစ်လိုက် ကြသည်တဲ့။ မရင်းနှီးကြစေရ။ မစာနာ တတ်ကြစေရ.. ။

ညရောက်တော့ ကျောင်း သားလေးတွေကို ကျောဘက်ကပါ သံဆူးကြိုး အရံအတားတွေ ပိတ်လိုက်ကြပြီး မီးစက်မောင်းပြီး မီးလင်းအောင်မထွန်းနိုင် သည် ခဏထား ကျောင်းသားလေးတွေ အတွက် ဟင်းကျွေး ချက်ဖို့ ဟင်းသားဘာညာဝင်စရာလမ်းပင်မရှိ တော့အောင် ပိတ်လိုက်ကြပြီ။ ည စာကို မရမ်း သီးလေးတွေနှင့် ပင် ပြီးလွယ်တစ်ကြောင်း  မျိုချထား လိုက်ကြရသည်ဆိုသည့် အင်တာ ဗျူးတစ်ခု ရေဒီယို သတင်းထဲကြား ရတော့ စိတ်ထဲ အလွန်အမင်းမချမ်းမသာဖြစ်ခဲ့ရသည်။ တကယ်တော့ ကိုယ်သာမဟုတ် ကြားရသူတိုင်းသည့်နှယ်ခံစားကြရမှာသေချာသည်။

 ကျောထောက်နောက်ခံ ပြည်သူနှင့် ကျောင်းသားကို ပြီး ပြတ်အောင် စည်းခြားလိုက်ကြပြီ။

သို့နှင့်ပင် လွှတ်တော်ဆွေး နွေးပွဲသို့သွားရောက်မည့် ကျောင်း သားကိုယ်စားလှယ်တွေလည်း မသွားနိုင်တော့။  ကျောင်းသား ကိုယ်စားလှယ်တွေ  မပါဝင်နိုင် သဖြင့် NNER မှ ကိုယ်စားလှယ် တွေလည်း လွှတ်တော်ဆွေးနွေး ကြားနာပွဲကို မတက်နိုင်တော့ဟု သတင်းတွေထဲမှာ  ကြားနေရ သည်။ စဉ်တိုက်ဆို သလို အနုတ် လက္ခဏာတွေဖြစ်လာပါပေါ့ဟု တွေးမိသည်။

နောက်ရက်တွေဆို သည် ကလေးတွေ ဘယ်ကရသည့်စား ရေရိက္ခာဖြင့်အသက်ဆက်ကြ မည်လဲ။ ဒါမျိုးတွေက မြန်မာနိုင်ငံ ထဲမှာ လုပ်ခဲ့ဖူးပေါင်းမနည်းတော့ ပြီ။ ပဲခူးရိုးမကို   ဖြတ်လေးဖြတ် လုပ်ပြီး ကွန်မြူနစ်နှင့် ကေအင်န် ယူအမြစ်ပြတ်ချေမှုန်းစစ်ဆင်ခဲ့ ကြတာတွေ သတိရသည်။ အမြစ် ပြတ်ခဲ့ရဲ့ လားမေးတော့ ဆောရီး ဟု တစ်လုံးတည်းဖြေရမှာ သေ ချာသည်။ ပြည်တွင်းစစ်မီးကြီး ယခုထက်တိုင် မငြိမ်းသေးတာက အလွန်ယူထိုက်သည့် သင်ခန်းစာ ဖြစ်သည်။

အခုပြဿနာက နိုင်ငံရေး စနစ် မူဝါဒပြဿနာမဟုတ်။ လူမျိုးစုတစ်စုတစ်ဖွဲ့၏ သီးသန့်အကျိုး စီးပွားပြဿနာ မဟုတ် ။ မြန်မာ နိုင်ငံထဲတွင် မှီတင်းနေထိုင်ကြ ကုန်သော တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့နှင့် တလုံးတစည်း တည်းပတ်သက်စပ်ဆိုင်နေသော ပညာရေးစနစ်ပြဿနာဖြစ်၏။

ထို့ကြောင့်လည်း ရန်ကုန်မှာ၊ မန္တလေးမှာ၊ မြင်းခြံမှာ၊ တောင် ကြီးမှာ၊ လွိုင်ကော်မှာ၊ မွန်ပြည် နယ်မှာ ၊ ပေါင်းတည်မှာ နေရာ အနှံ့ တစ်တိုင်းပြည်လုံးသို့ ပျံ့နှံ့ လာနေသည့် ထောက်ခံပွဲတွေကို ကြည့်လျှင်ပင် သုံးသပ်လို့ရနိုင်နေ သည်။ သည်အခြေအနေတွေကို သိမ်ရာက မဖြတ်လျှင် ရှေ့ရောက် လာမည့်  အရာခပ်သိမ်းက အကောင်းဘက်သို့တော့လည်း မမြင်လှ။

ယမန်နေ့က ရွှေပြည်သာ ဆပ်ပြာမှုန့်စက်ရုံမှ ချီတက်လာ သည့် အလုပ်သမားသပိတ်ကို အင်းစိန်မြို့နယ် ထဲအရောက် အကြမ်းဖက်ဖြိုခွင်းပစ်လိုက်ကြ သည့် သတင်းကလည်း အမင်္ဂ လာသတင်းပါပဲဟု ဆိုချင်သည်။

အလုပ်သမားတွေက နေ့ စဉ်တစ်ထောင်တိုးပေးဖို့ တောင်း ဆိုသည်။ စက်ရုံက မလိုက်လျော တော့ အလုပ် သမားတွေက ၅၅၀ သို့ လျှော့ပေးသည်။ အလုပ်ရှင် က ၃၀၀ ပဲပေးမည်ဟုဆိုသည်။ သို့နှင့် ညှိနှိုင်းလို့မ ရတော့သဖြင့် အလုပ်သမားတွေက ရွှေပြည်သာ မှသည် ရန်ကုန်မြို့လယ် မြို့တော် ခန်းမအထိ ချီတက် ဆန္ဒပြလာ ကြသည်။ ဒါကို အင်အားသုံးရိုက် နှက်ကာ နိဂုံးချုပ်ပစ်လိုက်သည်။

အဲဒါ အဖြေလား။ အဖြေ လုံးဝမဟုတ်ပါ။

ဒါမျိုးတွေ မြန်မာနိုင်ငံထဲ ဖန်တေထခဲ့ပါပြီ။ ဒါကို သင်ခန်း စာမယူနိုင်ကြသေးတာ  အံ့ဩသည်။

အလုပ်သမားက လျှော့ချ ပေးသည့် ၅၅၀ နှင့် အလုပ်ရှင်က ပေးသည့် ၃၀၀ ကြားထဲမှာ နောက်ထပ်သတ် မှတ်ချက်တစ်ခု ခုရအောင် ဘာကြောင့်မဆွေးနွေး နိုင်ကြသည်လဲဆိုသည့်အတွေး က ခေါင်းထဲဝင်လာ သည်။

အမေမှာသည့် ဆန်တစ် စိတ် တစ်အိတ်နှင့်မလဲတာမျိုး၊ လှေနံဓားထစ်ပြီး ရေချိန်မှတ်ထား ကြတာမျိုးတွေ ဆိုလျှင်တော့ ရေ တိမ်မှာ လှေနစ်ဖို့ သေချာနေပြီဟု သာဆိုချင်သည်။

ဆွေးနွေးပွဲဆိုသည့် သဘော သဘာဝကိုယ်၌က အပေးအယူ၊ အလျှော့အတင်းတွေလုပ်ကြရပါ သည် ။  မြွေမသေ  တုတ်မကျိုး၊ ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာဆိုသည်က  စားပွဲဝိုင်း၏ အဓိကသီအိုရီဖြစ် သည်။

 ယခုလည်း ကျောင်းသား များက အချက်ရှစ်ချက်တောင်း သည်။  သာယာဝတီကို  ကုန်း ကြောင်းဆက် သွားမည်။  ထိုမှ တစ်ဆင့် ရန်ကုန်သို့ကားတွေဖြင့် သာ ချီတက်မည်။ ကျောင်းသား အလံတွေတော့လည်း  ထူချင် သည်။ ရန်ကုန်ရောက်လျှင် ရွှေ တိဂုံကုန်းတော်ပေါ်မှ ကျောင်း သားသပိတ်ကျောက်စာတိုင် (သို့ မဟုတ်) ရန်ကုန်တက္ကသိုလ်ဝင်း ထဲမှ   ကျောင်းသားသမဂ္ဂအ ဆောက်အအုံဟောင်း မြေကွက် သို့သွား ချင်သည်။ ပြီးလျှင် လူစုခွဲ ပြီး အိမ်ပြန်ကြမည်။

ဆယ်တန်းစာမေးပွဲတွေ လည်း အေးချမ်းတည်ငြိမ်စွာဖြေ ဆိုနိုင်ကြပါစေ။ ပရိယတ္တိစာမေး ပွဲတွေ   ဖြေ ဆိုတော်မူကြမည့် သံဃာတော်များလည်း အေးချမ်း စွာဖြေဆိုနိုင်ကြပါစေဆိုတာတွေ ကြားနေရသည်။

သို့ဖြင့် လုံခြုံရေးတာဝန်ရှိသူ တွေနှင့် ကျောင်းသားတွေအကြား နောက် ထပ်တစ်ဆင့်ကြား အဖြေ တစ်ခုခု ကြိုးစားထုတ်ကြည့်ကြဖို့ မကောင်းပေ ဘူးလားဟု အကြံပြု ချင်သည်။

ရွှေပြည်သာ အလုပ်သမား တွေလို  ၅၅၀ နှင့် ၃၀၀  ကြား နောက်ထပ် တစ်ဆင့်  မညှိနှိုင်း လိုက်ကြသဖြင့် အကြမ်းဖက်မှုဆိုသည့် မူလလက် သုံးဆေးခါးကြီးကို ကြိမ်ရိုက်ပြီး တိုက်လိုက်ပုံက ဖြင့် ဆေးကုရာ မရောက်လေဘူး လားထင်သည်။ 

အလုပ်သမားတွေရင်ထဲ အားမတန်  မာန်လျှော့ လိုက်ရပေမင့် နေသေးသပချုံထဲက ချိုသွေးနေသမှ တမြမြ ဆို သလိုမျိုး အဖုအကျိတ်တွေကြီးကြီးမားမားဖြစ်သွားကြမှာသေချာသည်။

အခု ကျောင်းသားကိစ္စက ကောဆိုတော့ အဲ့သည်လိုမျိုး အကြမ်းဖက်ဆေး ခါးကြီးကို လည် ပင်းညှစ်ပါးစပ် ဇွန်းကလန့်ပြီး တိုက်လေမည်ကြံကြပြီ ဆိုလျှင် တော့လည်း အလွဲကြီးလွဲကုန်ကြ မှာ စိုးရိမ်ပူပန်နေမိသည်။

ကျောင်းသားတွေက သူတို့ တောင်းဆိုထားသည့် အချက် အလက်များ တစ်စုံတစ်ရာကျေ နပ်စရာဖြစ်ပေါ် မလာလျှင် တစ် တိုင်းပြည်လုံးအတိုင်း အတာဖြင့် သပိတ်များ ပြန်လည်စတင်မည် ဆိုနေသံတွေကြားနေရ သည်။ ပြည်သူနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေကလည်း ကျောင်းသားတွေဘက်မှ အခိုင်အမာရပ် တည်ထောက်ခံနေကြသည်။

သည်ပြဿနာကို သိမ်ရာမှ ဖြတ်ကြစေချင်သည်။ သိမ်သည့် နေရာရှာ မတွေ့သေးလျှင်လည်း သိမ်အောင်ဖြင့် တစ်ဆင့်ကြိုးစား ကြပါဦးတောင်း ပန်ချင်သည်။

ပင်မစစ်ကြောင်းမှ ကျောင်း သားများကကော တောင်းထား သည့် ရှစ်ချက်ကို မူးတင်းပဲတင်း လေးမျှ မပြင်နိုင်ကြတော့ဘူးလား တစ်ဆိတ်ပြန်လည်သုံး သပ်ပေး ကြစေချင်သည်။

လုံခြုံရေးတာဝန်ရှိသူများ ဘက်ကလည်း တုတ်လည်းမသုံးရ လေအောင်မြွေ လည်း ဒဏ်ရာမရ နိုင်သည့် နည်းလမ်းသစ်လေးများ တစ်ဆင့်တိုးစဉ်း စားပေးတော်မူ ကြပါဟု ဆိုချင်သည်။

အမေမှာသည့် ဆန်တစ် စိတ် တစ်အိတ်နှင့်မလဲနိုင်ဆိုသည့်စကားက တွေ့ ဆုံဆွေးနွေး အဖြေရှာသည့် စားပွဲဝိုင်းတွင် အမှိုက်သရိုက်  သက်သက်မျှ သာဖြစ် ကြောင်း စေတနာဖြင့် တောင်းပန် တင်ပြလိုက် ရကြောင်း ပါခင်ဗျ။

7Day News Journal

No comments:

Post a Comment

My Blog List