Wednesday, March 04, 2015

ကျောင်းသား ဆန္ဒုပြမှုတွင် ဝင်ပါရန် ရန်ကုန် သံဃာ့နာယက တားသော် လည်း ပင်မကျောင်းသား သပိတ်နှင့် တစ်သားတည်း ရှိမည်ဟု သပိတ်မှောက် သံဃာများမိန့်



လက်ပံတန်းတွင် ရဲတပ်ဖွဲ့၏ ပိတ်ဆို့မှုကို ခံထားရသော သပိတ်မှောက် ကျောင်းသားများနှင့်အတူ အစာငတ်ခံဆန္ဒပြ နေသော သံဃာများအနေဖြင့် ကျောင်းသားများ၏ ဆန္ဒနှင့် တစ်သားတည်း ရှိနေမည်ဟု အဆိုပါ သံဃာများက မိန့်ကြားလိုက်သည်။ ဆန္ဒပြနေသော သံဃာ ၁၁ ပါးမှာ ယမန်နေ့မွန်းလွှဲ ၁၁ နာရီခွဲကတည်းက အစာငတ်ခံကာ ကျောင်းသားများနှင့်အတူ ဆန္ဒပြနေခြင်း ဖြစ်သည်။


“ကလေးတွေကိုစောင့်ရှောက်ဖို့လိုက်လာတာ။ ပန်းတိုင် မရောက်မချင်းတော့ ဦးဇင်းတို့က မပြန်ဘူး။ ရှည်ရှည်ဝေးဝေး တော့ မပြောချင်ဘူး။ တားထားရင်လည်း တားထားတဲ့အတိုင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားမှာပါ။ ပြန်ချင်ပါတယ်။ မပြန်ချင်လို့တော့ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရမယ်ဆိုရင် အသက်နဲ့လဲပြီး စောင့်ရှောက်သွားမယ်။ 

ကလေးတွေ တောင်းဆိုချက်ပြည့်လို့ ပြန်မယ်ဆိုရင် ပြန်မယ်” ဟု ဆန္ဒပြသံဃာ တစ်ပါးဖြစ်သည့် ရေစကြို ဆရာတော် ဦးအာလောကက မတ်လ ၄ ရက်တွင် မဇ္ဈိမကို မိန့်သည်။

လက်ရှိတွင် သပိတ်မှောက် သံဃာ ၁၁ ပါးမှာ နေပူရှိန်ကို အံတုကာ ပိတ်ဆို့ထားသည့် ရဲတပ်ဖွဲ့နှင့် လေးကိုက်အကွာတွင် ထိုင်လျက် အနေအထားဖြင့် ဆန္ဒပြလျက်ရှိနေသည်။

အဆိုပါသံဃာများ၏ မျက်နှာချင်းဆိုင်တွင် သံဆူးကြိုးလေးခု ကာရုံထားသလို ရဲတပ်ဖွဲ့ဝင်အင်အား သုံးရာခန့်ကလည်း ယာယီအမိုးများ အောက်တွင် ပိတ်ဆို့နေရာယူထားသည်။

“ကလေးတွေရဲ့ ဆန္ဒနဲ့ အတူတူပဲ။ ကလေးတွေအန္တရာယ်မရှိအောင် စောင့်ရှောက်သွားမှာပါ။ ကျောင်းသားတွေနဲ့ တစ်သားတည်းပဲ။ တို့ရဲ့ဆန္ဒက သူတို့ဆန္ဒပဲ။ ကလေးတွေက သူပုန်မှမဟုတ်တာ။ ပညာရေးအတွက်ပဲ” ဟု ဦးဥတ္တမ(ရွှေဝါရောင်)က မိန့်သည်။

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှုများတွင် သံဃာတော်များ ပါဝင်ဆန္ဒပြ တောင်းဆိုမှု များကို ရည်ညွှန်းလျက် ဆန္ဒပြပွဲများတွင် ပူးပေါင်း မပါဝင်ဘဲ သာသနာ့ တာဝန်များကိုသာ သီးသန့် ထမ်းဆောင်ကြရန် ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) က မတ်လ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

"လက်ပံတန်းမြို့တွင် ကျောင်းသားအဖွဲ့များနှင့် ရောက်ရှိ ပူးပေါင်းနေသည့် အချို့သော သံဃာတော်များအား မေတ္တာ ရပ်ခံချက်" ဟု အမည်ပေးထားသည့် ထုတ်ပြန်ချက်တွင် "လက်ပံတန်းမြို့ ကျောင်းသားအဖွဲ့များနှင့် ဆက်လက် ပူး ပေါင်းခြင်း မပြုတော့ဘဲ မိမိတို့ သတင်းသုံးရာ ကျောင်းများသို့ ပြန်လည်ကြွရောက်၍ သာသနာ့ တာဝန်ထမ်းဆောင် ကြပါရန်" ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List