Tuesday, March 03, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်မြို့ရှိတက္ကသိုလ်သုံးခုမှ ကျောင်းသားကျောင်းသူ များ တွေ့ဆုံကာ အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေး


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်မြို့ ရှိ ပြည်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (ပြည်)၊ ကွန်ပျူတာတက္ကသိုလ် (ပြည်) တို့မှ ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးတို့သည် ပြည်မြို့တွင် မတ် ၂ ရက်က နံနက် ၈ နာရီမှ စတင်တွေ့ဆုံခဲ့ပြီး တစ်နာရီကျော်ကြာ ဆွေးနွေး မှုပြုလုပ်ခဲ့သည်။
ထိုသို့ တွေ့ဆုံခဲ့သည့် ကျောင်းသားများထဲတွင် သမဂ္ဂအဖွဲ့ဝင် ကျောင်းသားများလည်း ပါဝင်ပြီး တွေ့ ဆုံဆွေးနွေးစဉ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ကျောင်းသား များ တောင်းဆိုထားသည့် အချက်များနှင့် ပတ်သက်ပြီး တစ်သမတ်တည်းရရှိမည်ဟု မမှတ်ယူဘဲ အတိုး အလျှော့ ပြုလုပ်ရမည်ဟု ပြောကြားခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲတွင် ပါဝင်သည့် ပြည်တက္ကသိုလ်မှ ကိုသန်းထိုက်က
 ပြောကြားသည်။

ကိုသန်းထိုက်က “အန်တီက ကျောင်းသားတွေအနေနဲ့ ကိုယ်လိုချင်တာကို တစ်သမတ်တည်း ရရမယ်လို့ မမှတ်နဲ့ပေါ့။ ပထမက ကျွန်တော်တို့ မြင်နေတာက ဒီ ၁၁ ချက်လုံးကို မရရအောင်လုပ်ရမယ်လို့ ထင် တာပေါ့။ အစိုးရက သူတတ်နိုင်တာတွေ လုပ်တော့ပေးတာပေါ့။ သူမတတ်နိုင်တာလည်း ရှိတာပေါ့။ ကျွန်တော်တို့အနေနဲ့ လိုတိုးပိုလျှော့လေးတော့ လုပ်ပေးရမယ်လို့ မြင်တယ်ပေါ့။ ရှဥ့်လည်းလျှောက်သာ ပျား လည်းစွဲသာပေါ့။ အန်တီ ရှင်းပြတာကို အကုန်လုံးက သဘောတူ လက်ခံကြပါတယ်” ဟု ပြောကြား
သည်။

ဆွေးနွေးမှုနှင့် ပတ်သက်ပြီး နည်းပညာ တက္ကသိုလ် (ပြည်) သမဂ္ဂအဖွဲ့ဥက္ကဋ္ဌ ကိုသန့်ဇင်ထွန်းက “နောက် ပိုင်းမှာ ပြည်မြို့မှာ နိုင်ငံရေးဥပဒေနဲ့ဆိုင်တဲ့ သင်တန်းတွေပေးတဲ့ အခါမှာ ကျောင်းသားတွေ တက်နိုင်အောင် လို့ ကူညီပေးမယ်လို့ အကြမ်းဖျင်းပြောတယ်။ ကျောင်းသားတွေနဲ့ အမေးအဖြေ လုပ်တဲ့အခါမှာ တချို့ကျောင်း သားတွေက နိုင်ငံရေးကို မေးတယ်။ တချို့က အမျိုးသားပညာရေး ဥပဒေကို လုပ်တဲ့အခါမှာ အချိန် ဘယ်လောက် ကြာမလဲလို့ မေးတယ်။ အဲဒီမေးခွန်းအပေါ် အန်တီက လွှတ်တော်မှာ ဥပဒေကိုအတည်ပြုရေး ဆွဲတာကို အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ စောင့်ပေးရမယ်။

လွှတ်တော်မှာ ကျေကျေလည်လည် ဆွေးနွေးခြင်းအားဖြင့် လွှတ်တော်ရဲ့ ဥပဒေတစ်ခု ထွက်လာလိမ့်မယ်။ ဒီနေ့ တွေ့ဆုံမှုအပေါ်မှာ ကျေနပ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်ကိုလည်း ပြောပြတဲ့အ တွက် ကျောင်းသားတွေ အားတစ်ခု ဖြစ်စေတယ်။ ကျောင်းသားတွေအတွက် ဥပဒေနဲ့ ပတ်သက်ပြီး ကိုယ်ပြင်ချင်တဲ့ဟာအတွက် ကိုယ်တာဝန်ယူရမယ်။ အတိတ်မှာ ဘာဖြစ်ခဲ့လဲ။ ပစ္စုပ္ပန်မှာ ဘာတွေဖြစ်နေ လဲ။ နောက်တစ်ခုက အနာဂတ်အတွက် ရေရှည်ကိုကြည့်ပြီး ဥပဒေတွေ ပြင်ဆင်ရေးဆွဲရတာ ဖြစ်တယ် လို့ ပြောတယ်။ သပိတ်စစ်ကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှတ်ချက်မှ မပေးပါဘူး။ ကျွန်တော်တို့ဘက် ကလည်း တင်ပြတာမရှိဘူး” ဟုဆိုသည်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်သည့် ပင်မစစ်ကြောင်း ယာယီရပ်နားထားသည့် ပဲခူးတိုင်း လက်ပံတန်းမြို့တွင် မတ် ၂ ရက် နံနက်က သပိတ်စစ်ကြောင်း ဆက်လက်ထွက်ခွာမည့်အပေါ် အာဏာပိုင် များက လာရောက်တားဆီးခြင်းနှင့် စပ်လျဉ်း၍ မိမိတို့ ပြည်သမဂ္ဂကျောင်းသားများ အနေဖြင့် အစည်းအဝေး ထိုင် ဆုံးဖြတ်တုံ့ပြန်သွားမည်ဟု နည်းပညာတက္ကသိုလ် (ပြည်) သမဂ္ဂအဖွဲ့ဥက္ကဋ္ဌ ကိုသန့်ဇင်ထွန်းက ဆက်လက် ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List