Thursday, March 05, 2015

ပိတ်ဆို့ တားဆီးမှုများကြောင့် လွှတ်တော်၏ ပညာရေး ဆွေနွေးပွဲသို့ မတက်နိုင်ဟု ဗကသ ထုတ်ပြန်


အမျိုးသားပညာရေးဥပဒေကို လွှတ်တော်တွင် ကြားနာရန် ဖိတ်ကြားခံရသော်လည်း ပိတ်ဆို့တားဆီးထားခြင်းကြောင့် ပညာရေးဆွေးနွေးမည့် ကြားနာပွဲသို့ မတက်ရောက်နိုင်တော့ကြောင်း လက်ပန်တောင်းတွင် ဆန္ဒပြ သပိတ်မှောက်နေ သည့် ဒီမိုကရေစီပညာရေး သပိတ် ပင်မစစ်ကြောင်းက မတ်လ ၅ ရက် နေ့လည်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်လိုက် သည်။


"အင်အားများစွာဖြင့် ပိတ်ဆို့ တားဆီး" ဟု ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားကာ လုံခြုံရေးအရ စိုးရိမ်ဖွယ်အခြေ အနေတွင် ရှိနေခြင်းကြောင့် ကြားနာပွဲသို့ မတက်ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ပညာရေး ကြားနာပွဲကို ဗကသ အဖွဲ့ဝင်များနှင့် လွှတ်တော်ဥပဒေကြမ်းကော်မတီတို့ ဆွေးနွေးကြရန် ပြင်ဆင်ထားသည်ဖြစ်ရာ ကျောင်းသားများ မတက်ရောက်နိုင်ခြင်းကြောင့် နေပြည်တော်တွင် ပြုလုပ်မည့် ကြားနာပွဲမှာလည်း ပျက်သွားခဲ့သည်။

အလားတူပင် မတ်လ ၇ ရက်တွင် ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER နှင့် လွှတ်တော်၏ ဥပဒေကြမ်းကော်မတီတို့ ကြားနာကြရန် စီစဉ်ထားရာ NNER က မတက်ရောက်နိုင်ကြောင်း မတ်လ ၄ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကိုလည်း ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း (ပင်မ) က ယင်းတို့၏ ဆန္ဒနှင့် တစ်ထပ်တည်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
 
NNER ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးကမူ ""ဒါဟာ NNER အနေနဲ့ ကျောင်းသား အစစ်တွေကို ဓါးစာခံပြပြီး လွှတ်တော်ကို Challenge လုပ် (စိန်ခေါ်) လိုက်တဲ့ သဘော ဖြစ်ပါတယ်။ 

ဒီမိုကရေစီပညာရေးကို ဒီမိုကရေစီနည်းနဲ့ ပြင်ဆင်ရမယ့်အစား တော်လှန်ရေးနဲ့ ပြင်ချင်တဲ့သဘောပါပဲ" ဟု သူ၏ လူမှု ကွန်ယက်စာမျက်နှာတွင် မတ်လ ၅ ရက် နံနက်ပိုင်းက တုန့်ပြန်ထားသည်။

"ဗကသ ခြောက်ယောက် ကြားနာပွဲ မတက်တာ နားလည်လို့ ရပါတယ်။ လွှတ်တော်မှာ ရှင်းလင်းနိုင်ဖို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေ အများကြီး လိုပါတယ်။ ဒီအပေါ်မှာ ယုံကြည်မှု ရှိရှိ ဆွေးနွေးနိုင်ဖို့၊ လွှတ်တော်ကိုယ်စား လှယ်တွေ လက်ခံလာအောင် ရှင်းလင်းနိုင်ဖို့ လိုအပ်ချက် တွေ ရှိကောင်းရှိနိုင်ပါတယ်" ဟုလည်း ဦးဇော်ဋ္ဌေးက ရေးသား သည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List