Wednesday, March 04, 2015

ကျောင်းသားများ ဆန္ဒပြမှုကို ရည်ညွှန်းကာ မိဘအလုပ်ရှုပ်ချိန် နားပူနားဆာ၊ ငိုယို တောင်းဆိုပါက ဆန္ဒမပြည့်၊ ရိုက်နှက် ဆုံးမခံရမည်ဟု ဦးဝီရသူ ထုတ်ပြန်



အမျိုးသားပညာရေးဥပေဒကို ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုနေကြသည့် ကျောင်းသူ၊ ကျောင်းသားများကိုသို့ မစိုးရိမ်ဆရာတော် ဦးဝီရသူက မတ်လ ၄ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ရာတွင် အစိုးရကို ရည်ညွှန်းသည့် မိဘအလုပ်ရှုပ်ချိန် ငိုယိုတောင်းဆိုမှုများ မလုပ်သင့်ဘဲ သပိတ်နောက်ကွယ်မှ လက်မည်းကြီး၏ အကွက်တွင်းသို့ ဇွတ်တိုးမဝင်သင့်ဟု ပါရှိသည်။


ဦးဝီရသူက မိမိဆန္ဒတစ်ခုတည်းသာ မကြည့်သင့်ဘဲ "သားသမီး အရင်းဖြစ်လင့်ကစား၊ အမှန်တကယ်လိုအပ်သော အရာပင်ဖြစ်လင့်ကား မိဘက တတ်နိုင်လင့်ကစား မိဘအလုပ်ရှုပ်ချိန်တို့မှာ နားပူနားဆာ ငိုယိုတောင်မိပါက လိုအင်ဆန္ဒ မပြည့်ဝသည့်အပြင် ရိုက်နှက်ဆုံးမှုကိုပင် ခံယူရတတ်ပါသည်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အခြေအနေနှင့် အချိန်အခါကိုကြည့်တတ်မှသာ လိုရာခရီးပေါက်မည်ဟု ဦးဝီရသူ၏ ထုတ်ပြန်ချက်တွင် ပါရှိကာ "ကျောင်းသား ကျောင်းသူဟု ဆိုသူများ အကြမ်းဖက်လာလျှင် လုံခြုံရေး တပ်ဖွဲ့များက အနာခံအသေခံကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းထားဖို့ လိုပါသည်။ သပိတ်နောက်ကွယ်မှ လက်မည်းကြီးများ ဆင်ထားသော အကွက်ထဲသို့ ဇွတ်တိုးမဝင်ရန် လိုပါသည်" ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

ဦးဝီရသူ၏ အဆိုအရ အလုံးစုံပျက်သုဉ်းရေးကို ရှေးရှုဦးတည်နေသော အကြံအစည်ဆိုးများကို ရပ်တန်းမှရပ်ရန် မေတ္တာရှေ့ထား သတိပေးသည်ဟု ဆိုလိုက်ပြီး မိဘများကလည်း ဖျောင်းဖျ နားချပေးရန် တိုက်တွန်းထားသည်။
အလားတူပင် မတ်လ ၄ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်း ရန်ကုန်တိုင်း သံဃာ့နာယက အဖွဲ့ (ဂိုဏ်းပေါင်းစုံ) ကလည်း ကြေညာချက် တစ်စောင် ထုတ်ပြန်ရာတွင် သံဃာတော်များ မပူးပေါင်းကြရန် တားမြစ်ထားသည်။ 

"လက်ပံတန်းမြို့ ကျောင်းသားအဖွဲ့များနှင့် ဆက်လက် ပူးပေါင်းခြင်း မပြုတော့ဘဲ မိမိတို့ သတင်းသုံးရာ ကျောင်းများသို့ ပြန်လည်ကြွရောက်၍ သာသနာ့ တာဝန် ထမ်းဆောင်ကြပါရန်" ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

ထိုဆရာတော်တို့ကပင် ဆန္ဒပြကျောင်းသားများကိုလည်း အခြားကြေညာချက် တစ်စောင် ထုတ်ပြန်ကာ ရန်ကုန်သို့ မဝင်ရောက်ရန် မေတ္တာရပ်ခံထားပြီး ရလဒ်ကောင်းများကို စောင့်ကြည့်ကြပါရန် တိုက်တွန်းထားသည်။

"ပြည်သူများအကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်လောဟူသော စိုးရိမ်သောကများ မရှိစေရေးအတွက် ရန်ကုန်မြို့ သို့ ဝင်ရောက်ရန် ကြိုးပမ်းခြင်းမပြုဘဲ မိမိတို့၏ မိဘရင်ခွင်သို့ ပြန်လည်ဝင်ရောက် ခိုလှုံပြီး ပေါ်ထွက်လာမည့် ရလာဒ် ကောင်းများအား စောင့်ကြည့်သင့် ပါကြောင်း" ဟု ကျောင်းသားများသို့ မေတ္တာရပ်ခံထားသည့် ထုတ်ပြန်ချက်တွင် ပါရှိ သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List