Friday, March 06, 2015

လစာတိုးမြှင့်ခြင်းကြောင့် အခြေခံစားကုန် အမြတ်များစွာတင်ရောင်းက အရေးယူရန် ဒု-ဝန်ကြီး တိုက်တွန်း


လာမည့် ဘဏ္ဍာနှစ်သစ်တွင် နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ခံစားခွင့်ပေးရန် လွှတ်တော်၌ ဆွေးနွေးဆောင် ရွက်လျက် ရှိသော်လည်း အခြေခံစားသောက် ကုန်နှင့် ပြည်တွင်းထွက်ကုန်များ ဈေးနှုန်းမြင့်တက်လာပါက စည်ပင်သာယာနှင့် သက်ဆိုင်ရာ အစိုးရဌာနများက အရေးယူမှုများ ဆောင် ရွက်သင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက တိုက်တွန်းပြောကြားလိုက် သည်။
ဒု-ဝန်ကြီးက “ဈေးကွက်အတွင်းမှာရှိတဲ့ ရောင်းချသူအများစု အနေနဲ့ ကုန်ပစ္စည်းတွေကို အမြတ်ရလို မှုကြောင့် ဝယ်ရင်းဈေးပေါ်မှာဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းထက် အမြတ်များများတင်ပြီး ရောင်းချနေခြင်း အပေါ် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများ၊ ဈေးစီမံ ခန့်ခွဲသူများ၊ သက်ဆိုင်ရာဌာနများက အရေးယူဆောက်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်တွင်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် မဲဆန္ဒနယ်အမတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်က ဝန်ထမ်းများ လစာတိုးမြင့်သဖြင့် ကုန်ဈေးနှုန်းတက်လာလျှင် အစိုးရအဖွဲ့က မည်ကဲ့သို့ ထိန်းချုပ်ဆောင် ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ဝန်ကြီးဌာန လေးခုဖြေ ကြားမှုတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ဒေါက်တာ ဝင်းမြင့်က “လစာတိုးမြင့်ခဲ့ပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ကုန်ဈေးနှုန်းတက်ခြင်း ၊ ငွေကြေးဖောင်းပွခြင်းများဖြစ်ပေါ်လာခြင်း မရှိအောင် ဆောင်ရွက်ခြင်းရှိမရှိနှင့်ရှိပါက မည်ကဲ့သို့ စီမံဆောင် ရွက်ထားကြောင်း သိရှိလိုခြင်း ဖြစ်ပါတယ်”ဟု မေးမြန်းသည်။

ထို့အပြင် ဝန်ထမ်းများလစာတိုးပါကလည်း ပုံမှန်ထမင်းနှစ်နပ်စားနေရာက လေးနပ်မစားသကဲ့သို့ ကျန်ပြည် သူများသည်လည်း ထို့နည်းတူစွာ တစ်နေ ထမင်းနှစ်နပ်သာစားခြင်းဖြစ်သည့်အတွက် အခြေခံ စားသောက် ကုန်များ ဈေးနှုန်းအဆမတန် မြင့်တက်လာမှုမရှိစေရန် ထိန်းချုပ်နိုင်ရန်လိုအပ်ကြောင်း ထောက်ပြခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းကမူ “ကုန်ဈေးနှုန်းမြင့်တက်မှု ကာကွယ်တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ အဲဒီထဲကမှ အသုံးစရိတ်လျှော့ချတဲ့ နည်းလမ်းနဲ့ လေလွင့်ခွန်နှင့် အခွန်တိမ်းရှောင်သူတွေကို စိစစ် ကောက်ခံတဲ့ နည်းလမ်းများ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောသည်။

ပြည်ပမှတင်သွင်းသည့် အခြေခံစားကုန်၊ လူသုံးကုန်များသည် ပြည်ပတွင် ဖြစ်ပေါ်နေသည့် ကုန် ပစ္စည်းဈေးနှုန်း အခြေအနေနှင့် ပြည်တွင်း ဝယ်လိုအားပေါ်မူတည်၍ ကုန်ဈေးနှုန်းအတက် အကျ ဖြစ်ပေါ်နိုင်ပြီး တစ်ခါတစ်ရံ ကောလာဟာလ သတင်းများ၊ မမှန်မကန် သတင်းများကြောင့်လည်း ကုန်ဈေးနှုန်းများ ရုတ်တရက် အတက်အကျ ဖြစ်ပေါ်နိုင်ကြောင်လည်း ဒု-ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ရှင်းပြသည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက “ ပုဂ္ဂလိကလစာဟာ နိုင်ငံဝန်ထမ်းတွေလစာထက် များပြီး သား ဖြစ်ပါတယ်၊ နိုင်ငံဝန်ထမ်းတွေ လစာတိုးတဲ့အတွက် ဥပမာပြောရရင် တက္ကစီမောင်းသူ တစ်ဦးဟာ ဝန်ထမ်းတွေ လစာတိုးတဲ့အတွက် သူတို့ကလည်း ကားခ ပိုတောင်းလာချင်တဲ့ စိတ်သဘောထားရှိပါတယ်” ဟု ဝန်ထမ်းများ လစာတိုးပါက နောက်ဆက်တွဲကိစ္စရပ်များ ရှိလာနိုင်သည်ဟု ဆိုသည်။

လက်ရှိညွန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွန်ကြားရေးမှူးများ၏ လစာသည် ကျပ်နှစ်သိန်းကျော်သာရှိသည့် အတွက် ပြင်ပကုမ္ပဏီများတွင် အလုပ်လုပ်နေသော သာမာန်ဝန်ထမ်းများ၊ တက္ကစီယာဉ်မောင်းများသည်ပင် တစ်လ သုံးသိန်းကျပ် ဝန်းကျင် ရရှိနေသည့်အတွက် လစာနှုန်းထားတိုးပေးပြီး အတတ်နိုင်ဆုံးညီမျှခံစားနိုင် ရန် ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

၎င်းက “ကုမ္ပဏီတွေမှာလုပ်နေတဲ့ အဆင့်အတန်းမှီတဲ့ အထွေထွေမန်နေဂျာအဆင့်ဆိုရင် ကျပ် ဆယ်သိန်းလောက် ရနေပါတယ်။ လက်ရှိနိုင်ငံဝန်ထမ်းတွေရဲ့ နည်းပါးနေတဲ့လစာကို အပြင်မှာ အလုပ်လုပ်နေတဲ့သူတွေရဲ့လစာနဲ့ တူညီနိုင်အောင်လို့ ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ပြင်ပတွင် အလုပ်လုပ်ကိုင်နေသူများ ဝင်ငွေထက် နိုင်ငံဝန်ထမ်းများလစာကို ပိုမိုတိုးမြှင့်စေရန် တောင်း ခံခြင်းမျိုး မဟုတ်ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။ ထို့အပြင် ဒေါက်တာဝင်းမြင့်က “စိန်တွေ၊ ပတ္တမြားတွေ ဈေးတက်တာ အကြောင်း မဟုတ်ပါဘူး၊ အခြေခံစား သောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်စတဲ့ စားသောက်ကုန်တွေ ဈေးမတက်ဖို့က သာ အရေးကြီးပါတယ်” ဟု ဆွေးနွေးခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List