Thursday, March 05, 2015

ကျောင်းသားတွေကို Hijack လုပ်ပြီး လွှတ်တော်ကို Chanllenge လုပ်လိုက်တဲ့ NNER






NNER ရဲ့ မတ်လ ၄ ရက်နေ့ ကြေညာချက် ထွက်လာတာ တွေ့ရှိရပါတယ်။ စိတ်မကောင်းဖွယ်ရာ ဆုံးဖြတ် ချက် တစ်ရပ်လို့ပဲ ဆိုပါရစေ။

ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ကောင်းစွာ ဆောင်ရွက်နေတဲ့ ဥပဒေပြုလွှတ်တော်ရဲ့ အခန်းကဏ္ဍကို မျက်ကွယ် ပြုလိုက်ခြင်းဟာ ဘယ်သူမှ အကျိုးဖြစ်ထွန်းမှု မရှိတဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်တာလို့ ဆိုနိုင်ပါတယ်။

ဒါဟာ NNER အနေနဲ့ ကျောင်းသားအစစ်တွေကို ဓါးစာခံပြပြီး လွှတ်တော်ကို Challenge လုပ်လိုက်တဲ့ သဘော ဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေးကိုဒီမိုကရေစီနည်းနဲ့ ပြင်ဆင်ရမယ့်အစား တော်လှန်ရေး နဲ့ ပြင်ချင်တဲ့သဘောပါပဲ။ ဒီလိုပဲ နားလည်မိပါတယ်။

ဗကသ ၆ ယောက် ကြားနာပွဲ မတက်တာ နားလည်လို့ ရပါတယ်။ လွှတ်တော်မှာ ရှင်းလင်းနိုင်ဖို့ ပညာရေး ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေ အများကြီး လိုပါတယ်။ ဒီအပေါ်မှာ ယုံကြည်မှု ရှိရှိ ဆွေးနွေးနိုင်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်တွေ လက်ခံလာအောင် ရှင်းလင်းနိုင်ဖို့ လိုအပ်ချက် တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့် သူတို့ မတက်ဘူး ဆိုတာကို လက်ခံနိုင်ပါတယ်။

ဒါပေမယ့် NNER မှာ ပညာရေးနယ်ပယ်က ကျွမ်းကျင်သူတွေ ပါဝင်နေပါတယ်။ ဒီပုဂ္ဂိုလ်တွေက လက်ရှိ ပြင် ဆင်ချက်ကို စတင်ရေးဆွဲခဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ ပြင်ဆင်ချက်တွေ ဘာကြောင့် ဘယ်လို ဆိုတာက ဥပဒေပြုပေးမယ့် လွှတ်တော်ကို မဖြစ်မနေ ရှင်းကို ရှင်းရမှာ ဖြစ်ပါတယ်။

NNER ဘယ်လို ဖြစ်ပေါ်လာတယ် ဆိုတာ ပြန်ကြည့်ရင် -

(၁) ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် CSO တစ်ရပ်အနေနဲ့ စုစည်းခဲ့တယ်။
(၂) တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။
(၃) အစိုးရက ပြုလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု အစည်းအဝေးတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ လွှတ်တော်ကော်မတီတွေနဲ့ တွေ့ဆုံခဲ့တယ်။အမျိုးသားပညာရေးမူဝါဒ (မူကြမ်း)ကို ပြည်သူ့လွှတ်တော်ကို တင်သွင်းခဲ့တယ်။
(၄) အစိုးရက ဖွဲ့စည်းပေးထားတဲ့ "လက်တွေ့ကျသောပညာရေးမြှင့်တင်မှုအကောင်အထည် ဖော်ရေးကော်မတီ" က မူကြမ်းတစ်ခု ထွက်ခဲ့ တယ်။ လွှတ်တော်ပညာရေးကော်မတီက မူကြမ်းတစ်ခုထွက်ခဲ့တယ်။ (မူကြမ်း ၃ ခု ဖြစ်နေတယ်)
(၅) တစ်ခုတည်းသော မူကြမ်း ဖြစ်လာစေဖို့ အားလုံးပါဝင်တဲ့ ပညာရေးမျက်နှာစုံညီအစည်းအဝေး တစ်ရပ် ပြုလုပ်ဖို့ သဘောတူညီခဲ့တယ်။
(၆) ဒါပေမယ့် အဲဒီမျက်နှာစုံညီအစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခြင်း မခံရဘဲ လျစ်လျူရှုခြင်း ခံခဲ့ရတယ်။ (နေပြည်တော် သွားဖို့ ကားတွေ၊ လူတွေ စီစဉ်ပြီးကာမှ ငြင်းပယ်ခြင်း ခံခဲ့ရတဲ့အပေါ်မှာ မခံမရပ်နိုင် ဖြစ်ခဲ့ရတယ်)
(၇) ဒီအချိန်မှာပဲ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဖို့ NNER အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါ တယ်။ ကျောင်းသားတွေက ဥပဒေ ဘာ-ဘယ်လို ဆိုတာ အဲဒီအချိန်မှာ ကောင်းကောင်း သိနိုင်ခဲ့တာ မဟုတ်ပါဘူး။ (ရှင်းရှင်းလင်းလင်း ဖြစ်အောင် ထပ်မံ အသိပေးလိုတာက ဒီအစည်းအဝေးကို NNER မတက်ဖို့ ဆုံးဖြတ်ခဲ့တာ ပညာရေးဝန်ကြီးဌာန မဟုတ်ဘူး ဆိုတာပါပဲ။)
(၈) လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ပတ်သက်ပြီး NNER ရဲ့ ဆန့်ကျင်မှု သဘောထားအမြင်တွေကို ပြည်နယ်-တိုင်းဒေသကြီးအချို့မှာ ရှိတဲ့ ကျောင်းသား သမဂ္ဂတွေ၊ ဆရာ သမဂ္ဂတွေကို လိုက်လံ ရှင်းလင်းခဲ့ပါတယ်။ (အားလုံးက ဆန့်ကျင်လာအောင် စည်းရုံးတဲ့ ခရီးစဉ်တွေပါပဲ)
(၉) အဲဒီက စလို့ ဗကသရဲ့ ဆန္ဒပြမှု ဖြစ်ပေါ်လာခဲ့ပါတယ်။ (ဆန္ဒပြကျောင်းသားတွေအနေနဲ့ NNER က ကန့်ကွက်လို့သာ ဆန္ဒပြခဲ့ရတာ ဖြစ်ပြီး သေသေချာချာ သိရှိမထားဘူး ဆိုတာ လက်ပံတန်းမှာ အခြေပြုနေတဲ့ ပင်မ လမ်းလျှောက်စစ်ကြောင်းဆီကို NNER ပညာရှင်တွေ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာသွားရောက်ပြီး ပြင် ဆင်သည့်ဥပဒေကြမ်းအကြောင်း အသေးစိတ် ရှင်းလင်းခဲ့ရတာက သက်သေပါပဲ။ 

အဲဒီအချိန်အထိ ဆန္ဒပြကျောင်းသားတွေ ကောင်းကောင်း မသိသေးတဲ့ အနေအထားဆိုတာ တွေ့နိုင်ပါ တယ်။)

ဒါကြောင့် ဒီပြဿနာတွေ စတင်ဖြစ်ပေါ်လာခဲ့ရခြင်းမှာ NNER ရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမား ပါဝင်ခဲ့တာ ထင်ရှားပါတယ်။ အခုအချိန်မှာ ကိုယ်စခဲ့တဲ့ ဇာတ်လမ်း ကိုယ်ပြန်ပြီးသိမ်းနိုင်ဖို့ လွှတ်တော်မှာ မဖြစ် မနေ ဆွေးနွေးရမှာပဲ ဖြစ်ပါတယ်။ CSO တစ်ခုကို ဒီလောက်အထိ အခွင့် အရေးပေးနေတာဟာ မသိနား မလည်တဲ့ အစစ်အမှန် ကျောင်းသားတွေကို မထိခိုက်စေချင်တာရယ်၊ ပညာရေးဥပဒေပြင်ဆင်ဖို့ လိုတယ် ဆိုရင် ပြင်ဆင်ဖို့ အသင့်ရှိနေတယ် ဆိုတာရယ် ဒါတွေကြောင့်ပဲ ဖြစ်ပါတယ်။

သို့သော် လွှတ်တော်နဲ့ မဆွေးနွေးဘူး ဆိုတဲ့ ကြေညာချက် ထုတ်လာတဲ့အချိန်မှာ မေးစရာ ရှိတာက NNER အနေနဲ့ -
(၁) လွှတ်တော်မှာ ခိုင်ခိုင်မာမာ ရှင်းလင်းဖို့ အထောက်အထားတွေ မရှိလို့လား၊ မိမိတို့ရဲ့ ပြင်ဆင်ချက်တွေဟာ မဖြစ်မနေ လိုအပ်ချက်တွေ ဖြစ်တယ် ဆိုတာကို အားလုံး လက်ခံနိုင်အောင် ရှင်းပြနိုင်မယ် လို့ ယုံကြည်ချက် မရှိလို့လား။
(၂) ပြေလည်ရေးလမ်းကြောင်းကို သွားချင်နေတဲ့ ကျောင်းသားတွေ နောက်မဆုတ်နိုင်အောင် ထိပ်တိုက်ဆန့် ကျင်ရေး ကျောင်းသားတွေက ရပ်တည်ပြီး သံပတ် တင်းပေးလိုက်တာလား၊
(၃) အမျိုးသား ပညာရေးဥပဒေကို ပြင်ချင်တာလား၊ ဒါမဟုတ် ပဋိပက္ခတွေ မပြီးပြတ်ဘဲ ဆက်လက် တောက်လောင်စေချင်တာလား စဉ်းစားဖို့ လိုပါတယ်။
ဥပဒေပြင်ဆင်ချင်တယ် ဆိုရင်တော့ လွှတ်တော်ကို သွားရမှာပါပဲ။ လွှတ်တော်ကို မသွားဘူး ဆိုတော့ကာ NNER ဘာလိုချင်နေတာလဲ။ ဘာဖြစ်စေချင်နေတာလဲ အားလုံးက စဉ်းစားဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။
ကိုးကား
(၁) NNER ၏ ၂၀၁၅ ခုနှစ် မတ်လ ၄ ရက်နေ့ ကြေညာချက်၊
(၂) ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ NNER ရဲ့ Contact Person အမည် စာရင်း၊
(၃) ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ထုတ် "7Day Daily" သတင်းစာပါ ပညာရေးမျက်နှာစုံညီအစည်းအဝေး ကျင်းပပြုလုပ်မည့် သတင်းဖော်ပြချက်၊
(၄) NNER ၏ ၂၀၁၄ ခုနှစ် မတ်လ ၄ ရက်နေ့ ကြေညာချက်။

Hmuu Zaw

No comments:

Post a Comment

My Blog List