Thursday, March 05, 2015

ဝန်ကြီးဟောင်း ဦးဆန်းဆင့်အမှု ပြင်ဆင်မှု တင်သွင်းရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်လက်ခံ

 
နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ငွေအလွဲသုံးမှု ပုဒ်မများဖြင့် ထောင်ဒဏ်အပြစ်ပေးခံထားရသော သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် အမှုကို ပြင်ဆင်မှုအယူခံ အဆင့်ဆင့်တင်ပြလျှောက်လဲခဲ့ ရပြီး ဖေဖော်ဝါရီ ၂၄ ရက်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံလိုက်သည်ဟု တရား လွှတ်တော် ရှေ့ နေ ဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။
ဦးဆန်းဆင့်အမှုကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသူ ဦးတင်ထွန်းက “ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉း၃၀ ကျော်ကျော်မှာ ကြားနာတယ်။ ညနေ ၂ နာရီမှာ တရားဝန်ကြီးဦးမြင့်အောင်က ပြင်ဆင်မှုအမှတ် ၃၅ (ခ)/ ၂၀၁၅၊ ၃၆(ခ)/၂၀၁၅ နှစ်မှုစလုံးကို လက်ခံလိုက်တယ်” ဟု တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၉ အတွက် ထောင်ဒဏ် သုံးနှစ်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က) အ တွက် ထောင်ဒဏ် ဆယ်နှစ်၊ ဒဏ်ငွေ တစ်သိန်း ကို နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး မန္တလေးတိုင်းတရား လွှတ်တော် သို့အယူခံဝင်လျှောက်လဲချက် တင်သွင်းရာ အကျဉ်း နည်းဖြင့် အမှု ပလပ်ခံခဲ့ရသည်။

ရှေ့နေဦးတင်ထွန်းက  “မန္တလေးတိုင်း တရားလွှတ်တော်က နှစ်မှုစလုံး အကျဉ်းနည်းနဲ့ ပလပ်လိုက်တယ်။ အဲ့ဒီလို အကျဉ်းနည်းနဲ့ ပလပ်ခံရတဲ့အ တွက် ပြည်ထောင်စုလွှတ်တော် နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ကို ပြင်ဆင်မှုတင်သွင်းတယ်”ဟု ပြောသည်။

ပြင်ဆင်မှုတင်သွင်းသည့် ဦးဆန်းဆင့်အမှုကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်က လက်ခံလိုက်ပြီ ဖြစ် သည့်အတွက် အမှုခေါ်စာရင်း စောင့်  ဆိုင်းရမည်ဖြစ်ပြီး နောက်ဆုံးလျှောက်လဲချက်ကြားနာရန် ရက်ပေါ် သည့်နေ့ တွင် နောက်ဆုံးလျှောက်လဲ ရမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

တပ်မတော်အစိုးရလက်ထက်တွင် စစ်ရာထူးခန့်ချုပ်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူ (ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးဆန်းဆင့်သည် ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် နှစ်နှစ်ခန့်ဆောင်ရွက်ခဲ့ပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် နိုင်ငံတော် သမ္မတကိုယ်တိုင် ရွေးချယ်တာဝန်ပေး အပ်ခံခဲ့ရသူ ဖြစ်သည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ရှစ်လခန့်သာ တာဝန်ထမ်းဆောင်ခဲ့ရပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော် ငွေ အလွဲ သုံးမှုတို့ဖြင့် ဒက္ခိဏခရိုင် တရားရုံးက ထောင်ဒဏ် ၁၃ နှစ် ဒဏ်ငွေ တစ်သိန်း အပြစ်ပေးခဲ့သည့်အတွက် ရမည်းသင်းအကျဉ်းထောင်တွင် အကျဉ်းကျလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List