Friday, March 06, 2015

ဝန်ထမ်းလစာ တိုးမည့်နှုန်းကို ပြဿနာအချို့ ဖြစ်လာနိုင်ခြင်းကြောင့် တရားဝင် မကြေညာဟု ဘဏ္ဍာရေးဝန်ကြီး ပြောကြား


ဝန်ထမ်းများ လစာတိုးမည့် နှုန်းထားကျပ်ငွေကို တရားဝင် ကြေညာလိုက်ပါက မလိုလားအပ်သည့် နောက် ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် လက်ရှိအချိန်အထိ တိတိကျကျ ထုတ်ပြန်ကြေညာခြင်း မပြုသေးကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၅ ရက်နေ့က ပြု လုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။


“ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးကိစ္စတွေဟာ ထလွယ်ရှလွယ်တဲ့ ကိစ္စများ ဖြစ်ပါတယ်။ အချိန်ကိုက် အချိန်သင့် အခါသင့် ဆောင်ရွက်နိုင်ဖို့ သတိထားကြရပါတယ်၊ ထင်သာမြင်သာ မဖြစ်လို့ လျှို့ဝှက်ထားတာ မဟုတ်ပါ။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရှောင် ရှားနိုင်ဖို့ ထိန်းသိမ်းဆောင်ရွက်ရခြင်း ဖြစ် ပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ် ဧပြီလကုန်မှစ၍ ဝန်ထမ်းလစာ တိုးမြှင့်ပေးရန်ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ် ခဲ့သော်လည်း မည်မျှတိုးမည်ကို အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် ထည့်သွင်းထားခြင်း မရှိသောကြောင့် တရားဝင်ပြောကြားရန် လိုကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက လွှတ်တော်သို့ တင်ပြမေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးအတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်း တွင် ကျပ် ၂၉၀၁ ဒသမ ၇၆၃ ဘီလီယံကို ထည့်သွင်း၍ တောင်းခံထားပြီး ဖြစ် ၍ ထုတ်ပြန်နိုင်သည့် အချိန်တွင် တရားဝင်ကြေညာချက် ထုတ်ပြန်သွား မည် ဖြစ်ကြောင်း၊ ဝန်ထမ်းလစာသည် နိုင်ငံ၏ ရသုံးမှန်းခြေ၊ အခြေခံ အဆောက်အဦမှစ၍ ဘက်စုံထောင့်စုံသော နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အပါ အဝင် ပြည်ပချေးငွေနှင့် ပြင်ပအခြေခံအလုပ်သမား လုပ်ခ လစာများကိုပါ ထည့်သွင်းစဉ်းစား၍ ညှိနှိုင်းနေရကြောင်း ၎င်းက ပြောကြားသည်။

လစာတိုးမြှင့်ရေး ကိစ္စအပြင် နိုင်ငံ့ဝန်ထမ်းများအတွက် အခမဲ့ဆေးကုသခွင့် ရရှိရန် ကျန်းမာရေး ဝန်ကြီး ဌာန၏ အသုံးစရိတ်တွင် ကျပ် ၃၇ ဒသမ ၄၉၂ ဘီလီယံ ထည့်သွင်းတိုးမြှင့်ထားပြီး လစာ တိုးမြှင့်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခက်အခဲများကို အားလုံးပူးပေါင်းအဖြေရှာ၍ ဖြေရှင်းရ မည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်သို့
ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List