ကရင်လက်နက်ကိုင်တပ်များကို ကော်သူးလေ တပ်မတော်အဖြစ် ပူးပေါင်း နိုင်ရေး လက်နက်ကိုင်လေးဖွဲ့၏ စစ်ဦးစီးချုပ်များ ဆွေးနွေးပွဲကို ဒုတိယအကြိမ် ပြုလုပ်မည် ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ် မတော် DKBA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုးရှေးက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) အခြေစိုက် လေးဝါးဒေသတွင် နိုဝင်ဘာ ၁၉ ရက်နေ့မှ စတင်ပြုလုပ်မည် ဖြစ်ပြီး သုံးရက် ကြာမြင့်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “KNLA က ဦးစီးပြီးလုပ်မှာ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးမယ်” ဟု ၎င်းကဆိုသည်။
ယင်းဆွေးနွေးပွဲသို့ KNU/KNLA၊ DKBA၊ KNU/KNLA-PC၊ KNDO အဖွဲ့မှ စစ်ဦးစီးချုပ်များ တပ်မှူးများ တက်ရောက်မည်ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးပွဲ ဆုံးဖြတ်ချက်များကို ထပ်မံညှိနှိုင်းမည် ဖြစ်ကြောင်း DKBA ထံမှ သိရသည်။
ပထမအကြိမ် ကော်သူးလေ တပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးပွဲကို အောက်တိုဘာလ နောက်ဆုံး ပတ်အတွင်း DKBA ဌာနချုပ်တွင် နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲမှ ကော်သူးလေ တပ်မတော်သည် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးအတွက် တိုင်းရင်းသား ပြည်သူလူထုများ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်း လုပ်ဆောင်သွားရန် သဘောတူ ဆုံးဖြတ်ကြောင်း ပါရှိသည်။
သို့သော်လည်း ပထမအကြိမ် ကော်သူးလေ တပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးပွဲသို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်ချမ်းရေး ကောင်စီ (KNU/KNLA-PC) နှင့် ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO) တို့မှ တက်ရောက်ဆွေးနွေးခြင်း မရှိခဲ့ပေ။
ကရင်လက်နက်ကိုင်လေးဖွဲ့ ပေါင်းစည်းပြီး ကော်သူးလေတပ်မတော် ဖွဲ့စည်းမည် ဖြစ်ကြောင်း အောက်တို ဘာ ၁၃ ရက်နေ့တွင် DKBA၊ KUN/KNLA-PC၊ KNDO၊ KNU/KNLA စစ်ဦးစီးချုပ်များ၊ ဗိုလ်ချုပ်များက သဘောတူ လက်မှတ်ရေးထိုးပြီး ထုတ်ပြန် ကြေညာထားသည်။
The Voice Weekly
No comments:
Post a Comment