Friday, November 07, 2014

ကုရ်အာန်ကျမ်းစာအား မထေမဲ့မြင်ပြုမှုဖြင့် ပါကစ္စတန် ကိုယ်ဝန်ဆောင် ဇနီးသည်နှင့် အမျိုးသား လူအုပ်ဖြင့် သတ်ဖြတ်ခံခဲ့ရ


ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ တော်နဲ့ ၃၇ မိုင်အကွာမှာတည်ရှိတဲ့ Kot Radha Kishan မြို့ မှာ ပြီးခဲ့တဲ့ အဂါင်္နေ့ က ကိုယ်ဝန်ဆောင် ဇနီးသည်နှင့် အမျိုးသားကို ကုရ်အာန်ကျမ်းစာကို မထေမဲ့မြင် ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူဦးရေ အယောက် ၄၀ ကျော်တဲ့ လူအုပ်ကြီးက အုပ်စုဖွဲ့ သတ်ဖြတ်ခဲ့ပါတယ်။ 

ဗလီမှာရှိတဲ့ အသံချဲ့ စက်ကနေ ဗလီဆရာတွေက ဒီခရစ်ယာန်စုံတွဲဟာ ကုရ်အာန်ကျမ်းစာကို မထေမဲ့မြင်ပြု ခဲ့တယ်လို့ ကြေညာခဲ့ပြီးနောက်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ အဆိုပါ စုံတွဲနေအိမ်ကို သွားရောက် ခဲ့ပြီး အိမ်တံခါးတွေကို ချိုးဖျက်ဝင်ရောက်ခဲ့ပါတယ်။ 

လင်မယားနှစ်ယောက်လုံးကို အိမ်ပြင်ရောက်အောင် တရွတ်တိုက်ဆွဲခေါ်ပြီး နောက်မှာ ဝိုင်းဝန်းရိုက်နှက် ကြပြီး လင်မယားနှစ်ယောက်လုံး အလုပ်လုပ်တဲ့ အုတ်ဖုတ်တဲ့မီးဖိုထဲကို ပစ်ထည့်ကာ မီးရှို့ သတ်ပစ်ခဲ့ တာပါ။ 

ပါကစ္စတန်နိုင်ငံ လူ့ အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRCP) ရဲ့  ပြောကြားချက်အရ အုတ်ဖိုရှိရာ သွားခဲ့ကြတဲ့ လူအုပ်ကြီးဟာ အယောက် ၅၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ 

အခင်းဖြစ်ပွားနေတဲ့အချိန်မှာ ပါကစ္စတန် ရဲလေးယောက်က အဆိုပါနေရာကို သွားရောက်ခဲ့ပြီး ကျမ်းစာကို မထေမဲ့မြင်ပြုခဲ့တဲ့ စုံတွဲကို ရဲလက်အပ်ပါလို့  တောင်းဆိုခဲ့ပေမယ့် အုတ်ဖိုပိုင်ရှင်က သူ့ ဝန်ထမ်းတွေကို အဲဒီစုံတွဲကို ရဲလက်မအပ်ဖို့ တားမြစ်ခဲ့တဲ့အပြင် တောင်းဆိုခဲ့တဲ့ ရဲလေးယောက်ကိုပါ ဝိုင်းရိုက်နှက်ခဲ့ ကြတယ်။ 

ကျွန်တော်တို့ အဖွဲ့ က လူလွှတ်ပြီး အသတ်ခံခဲ့ရတဲ့ မိသားစုအကြောင်း စုံစမ်းတဲ့ အခါ အဲဒီ လင်မယားမှာ သားနှစ်ယောက်၊ သမီးတယောက်နဲ့  ရက်ရက်စက် စက်အသတ်ခံခဲ့ရတဲ့ အမျိုးသမီးကလည်း ကိုယ်ဝန်ကြီး နဲ့ ဆိုတာ သိခဲ့ရတယ်လို့  ပြောခဲ့ပါတယ်။

ပါကစ္စတန်ရဲတွေကတော့ “လူသတ်မှုမှာ ပါဝင်တယ်လို့ ယူဆရတဲ့ လူအယောက် ၄၀ လောက် ကျွန်တော် တို့ ဖမ်းဆီးထိန်းသိမ်းထားပါပြီ အုတ်ဖို လင်မယားလည်း ပါပါတယ်”လို့  သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပါကစ္စတန် ဘာသာရေးဥပဒေမှာ ဘာသာရေးကို စော်ကားပြောဆိုတဲ့ အပြော အဆိုအရေးအသားမျိုး ပြုလုပ်ရင် သေဒဏ် သို့ မဟုတ် တသက်တစ်ကျွန်း ကျခံရနိုင်ပါတယ်။ 

ပါကစ္စတန်နိုင်ငံ လူ့ အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRCP) အပါ အဝင် အခြား လူ့ အခွင့်အရေး အဖွဲ့ တွေက ခွဲခြားဆက်ဆံမှု ၊ နှိပ်စက်ညှင်းပန်းမှု၊ ရက်စက်စွာသတ်ဖြတ်မှုတွေကို ဦးတည်နေတဲ့တင်းကြပ် တဲ့ဘာသာရေးစော်ကား မှုဆိုင်ရာ ဥပဒေ တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်။ 

ဒါပေမယ့် ဘာသာရေးယုံကြည်မှုပြင်းထန်တဲ့ ပါကစ္စတန် နိုင်ငံမှာတော့ အထက်ပါ အုပ်စုဖွဲ့ သတ်ဖြတ်မှုတွေ က ဆက်ဖြစ်နေဆဲပါ။ 

Ref: CNN
The Myanma Age

No comments:

Post a Comment

My Blog List