Tuesday, November 04, 2014

ကော်သူးလေတပ်မတော် မည်သည့်အဖွဲ့အစည်း၏ နိုင်ငံရေး ဦးဆောင်မှု အောက်တွင်မျှ မရှိဟုဆို


ကော်သူးလေတပ်မတော်သည် မည်သည့်အဖွဲ့အစည်း၏ နိုင်ငံရေးဦးဆောင်မှု အောက်တွင်မျှ မရှိကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုးရှေးက ပြောကြားသည်။နိုဝင်ဘာ ၂ ရက်နေ့တွင် ကော်သူးလေတပ်မတော်(KAF)အဖွဲ့ဝင် DKBA ၏သဘောထား ရပ်တည်ထုတ်ပြန် ချက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ကော်သူးလေတပ်မတော်သည် မည်သည့်ပါတီ အဖွဲ့အစည်း၏ နိုင်ငံရေး ဦးဆောင်ဝါးမျိုမှုအောက်တွင်မျှ မရှိဘဲ ကရင်လူမျိုးတို့၏ လိုလားတောင်းတမှုနှင့် ပြည်သူ့ဆန္ဒအရ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာနေသော ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကို ပြန်လည် ပေါင်းစည်းပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်တည်းအောက်တွင် ကရင်လူမျိုးတို့၏ လုံခြုံရေး၊ ဖိနှိပ်မှုများ အောက်မှ လွတ်မြောက်ရေးအတွက် ကော်သူးလေတပ်မတော် (KAF) ကို ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း ပါရှိသည်။

ကရင်လက်နက်ကိုင်လေးဖွဲ့ ပေါင်းစည်းပြီး ကော်သူးလေတပ်မတော် ဖွဲ့စည်းမည် ဖြစ်ကြောင်း အောက်တို ဘာလ ဒုတိယပတ်အတွင်း DKBA၊ KUN/KNLA-PC၊ KNDO၊ KNU/KNLA စစ်ဦးစီးချုပ်များ၊ ဗိုလ်ချုပ်များက သဘောတူ လက်မှတ်ရေးထိုးပြီး ထုတ်ပြန် ကြေညာထားသည်။

ကရင်လက်နက်ကိုင် အဖွဲ့ကြီးဖြစ်သော ကရင့်အမျိုးသားအစည်းအရုံး KNU ကမူ ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းကို မူအရ လက်ခံသော်လည်း ဖွဲ့စည်းပုံ၊ စည်းမျဉ်းစည်းကမ်းများကို ၂၀၁၆ ခုနှစ်တွင် ပြုလုပ်မည့် KNU ကွန်ဂရက် အစည်းအဝေးတွင် ဆုံးဖြတ်ရမည် ဖြစ်ကြောင်း အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ပြုလုပ်သည့် KNU အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးတွင် ထုတ်ပြန် ကြေညာထားသည်။

သို့သော်လည်း ကြားကာလ ၂ နှစ်အတွင်း နိုင်ငံရေးတည်ငြိမ်မှုကို မယုံကြည်နိုင်သောကြောင့် KNU ကွန်ဂရက်ကို ယခုနှစ်အတွင်း ပြုလုပ်ရန် တိုက်တွန်းကြောင်း DKBA က ထုတ်ပြန် ပြောကြားထားသည်။

ယင်းနောက် ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးပွဲကို အောက်တိုဘာလ နောက်ဆုံး ပတ်အတွင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ်တွင် နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး ဒုတိယ အကြိမ် ဆွေးနွေးပွဲကို KNU တပ်မဟာ (၇) အခြေစိုက် လေးဝါးဒေသတွင် နိုဝင်ဘာ ၁၉ ရက်နေ့မှ စတင်ကာ သုံးရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း DKBA ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List