Thursday, November 06, 2014

ပါကစ္စတန်တွင် ခရစ်ယာန်စုံတွဲကို မီးရှို့ မှုနှင့် ပတ်သက်ကာ ရွာသား ၅၀ ကိုဖမ်းဆီး


ပါကစ္စတန်နိုင်ငံ ကော့ရက်ဟာကစ်ရှန်းအရပ်တွင် ကိုရန်ကျမ်းကို မလေးမစားပြုသည်ဟုဆိုကာ ခရစ္စယာန် စုံတွဲကို အရှင်လတ်လတ် အုတ်ဖုတ်တွင် မီးရှို့သတ်ဖြတ်မှုတွင် ပါဝင်သူများအဖြစ် ရွာသား ၅၀ ကို ရဲက အောက်တိုဘာ ၅ ရက်က ဖမ်းဆီးခဲ့သည်။

မီးရှို့သတ်ခံရသည့် အမျိုးသမီးသည် ကလေးသုံးဦးမိခင် ကိုယ်ဝန်ဆောင်ထား သူတစ်ဦး လည်းဖြစ်ကြောင်း သိရသည်။ ယခု ဖမ်းဆီးထားမှုကို ကာဆာ ခရိုင် ရဲအရာရှိ ဂျာဝတ်ကာမာ က အတည်ပြုပြီး ဒေသဘာသာ ရေး ခေါင်းဆောင်၏ သွေးထိုးလှုံ့ ဆော်မှုကြောင့် ဖြစ်ရသည်ဟု ပြောသည်။ သို့သော်လည်း သွေးထိုးလှုံ့ ဆော်သူ ဘာသာရေးခေါင်းဆောင်၏ အမည်ကို ထုတ်ဖော်ပြောခြင်း မရှိပေ။

မီးရှို့သတ်ခံရသူ အသက်၂၅နှစ်ရှိ ရှာမာနှင့် ခင်ပွန်းဖြစ်သူရှာဇတ်မာဆစ်တို့ အလုပ်လုပ်ကိုင်နေရာ ယူဆဖ် အုတ်ဖိုသို့ ရွာသားများကို သွားရောက်ရန် ဗလီကျောင်းများမှ ကြေညာချက်ထုတ်ခဲ့ကြောင်း ရဲနှင့် မျက်မြင် များက ပြောသည်။

ယခုအမှုနှင့် ပတ်သက်ကာ ကျေးရွာသုံးရွာမှ ရွာသူရွာသား တစ်ထောင်ကျော်ကို စစ်ဆေးခဲ့သည်။ အဆိုပါ စုံတွဲကို မသတ်မီး လူအုပ်ကြီးက ညှည်းပမ်းနှိက်စက်ကာ အုတ်ဖုတ်ဖိုအတွင်းသွင်း၍ အရှင်လတ်လတ်မီးရှို့ ခဲ့ခြင်းဖြစ်သည်။

လူအုပ်ကြီးက စုံတွဲကို မီးရှို့ ရာတွင် ကယ်တင်ရန်ကြိုးစားသည့် ရဲအရာရှိ ငါးဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းထားခဲ့သည့် အပြင် မီဒီယာသမားများကိုလည်း ထိုးကြိတ်ကန်ကျောက်ကာ ကင်မရာများကို ဖျက်ဆီး ပစ်သည်။

ဝန်ကြီးချုပ်နာဝတ်ရှရစ်နှင့် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် ရှာဘတ်ရှရစ်တို့က ယင်းအမှုကို ဖြေရှင်းရန် လူနည်းစုရေးရာ အတွင်းဝန်၊ CM စစ်ကြောရေး အဖွဲ့အကြီးအကဲနှင့် IG အဖွဲ့အကြီးအကဲတို့ သုံးဦး ပါကော်မရှင်ကို ဖွဲ့စည်းစုံစမ်းစေသည်။

ယင်းဖြစ်ရပ် ဖြစ်ပွားသည့်နေရာမှ သုံးကီလိုမီတာအကွာရှိ ခရစ္စယာန်လူများ စုနေထိုင်ရာ ကျေးရွာများကို ပြည်နယ်ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့အား လုံခြုံရေး တိုးမြှင့်ချထားစေသည်။

အမှုနှင့်ပတ်သက်ပြီး ရဲမှတ်တမ်းဝင် လူ ၆၀ အပါအဝင် ရွာသား ၆၆၀ ကို ရဲက စာရင်းသွင်းထားသည်။ ထိုပြင် အခင်းဖြစ်ပွားရာသွားသည့် လမ်းများကိုလည်း ရဲအစောင့်အကြပ်ဖြင့် ပိတ်ဆို့ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List