Wednesday, November 05, 2014

လိပ်ကျွန်းအမှု ထိုင်းအထူးစုံစမ်းရေး ပြန်စစ်မည်


ထိုင်းနိုင်ငံ၊ ကော့သောင်ကျွန်း (လိပ်ကျွန်း)တွင် ဗြိတိန်စုံတွဲကို သတ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မြန်မာ နိုင်ငံသား နှစ်ဦး၏အမှုကို ထိုင်းအထူးစုံစမ်းစစ်ရေးအဖွဲ့က ပြန်လည်စစ်ဆေးတော့မည်ဟု ယင်း အရေး လိုက်ပါဆောင်ရွက်နေသည့် မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က နိုဝင်ဘာ ၄ ရက်တွင် ပြောသည်။

ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားနှစ်ဦး၏ မိသားစုဝင်များနှင့် အတူ ဘန်ကောက်လေဆိပ် မှတစ်ဆင့် ပြန်လာပြီးနောက် ရန်ကုန်လေဆိပ်အရောက် ညပိုင်းတွင် ယင်းသို့ မီဒီယာများကို အသိပေးခြင်း ဖြစ်သည်။

“နိုဝင်ဘာ ၆ ရက်နေ့က စပြီး ထိုင်းအထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ လုပ်ငန်းတွေစပါမယ်၊ ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းထားတဲ့ သက်သေခံ ပစ္စည်းတွေက အစ စစ်ဆေးပါလိမ့်မယ်”ဟု ဦးအောင်မျိုးသန့်က ပြော သည်။

ယင်းသို့ လုပ်ဆောင်ပေးရန် နိုဝင်ဘာ ၃ရက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ မြန်မာသံရုံးအထူးအဖွဲ့၊ ထိုင်း ရှေ့နေများကောင်စီ၊ ထိုင်း လူ့အခွင့်အရေး ကော်မရှင်တို့ တွေ့ဆုံဆွေးနွေးအပြီး ကာယကံရှင်တို့၏ မိဘ များ လက်မှတ်ဖြင့် ထိုင်းအစိုးရကို တောင်းဆိုထားခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါ အမှုကို မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော် လင်းဦးတို့ ကျူးလွန်သည်ဟု အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ သို့သော် ထိုင်းအစိုးရ ဥပဒေရုံးက ထိုင်းရဲတို့ တင်ပြလာသည့် အမှုတွဲ ပြည့်စုံမှုမရှိဟုဆိုကာ တစ်လအတွင်း ပြန်လည်စစ်ဆေးရန် အောက်တိုဘာ ၈ ရက်တွင် ညွှန်ကြားထားသည်။

ထို့ပြင် အမှုအတည်ပြုရာတွင် အဓိက သက်သေဖြစ်သည့် မျိုးရိုးဗီဇ (ဒီအန်အေ)စစ်ဆေးရာတွင် လုပ်ထုံး လုပ်နည်းများနှင့် မညီဟု ဆိုကာ ပြန်လည်စစ်ဆေးရန် ထိုင်းဝန်ကြီးချုပ်က ရဲတပ်ဖွဲ့က ညွှန်ကြားထားသည်။ သို့သော် မြန်မာ သံရုံး အထူးအဖွဲ့နှင့် အမှုအတွက် အာဏာ လွှဲအပ်ထားသည့် ထိုင်းရှေ့နေများ ကောင်စီဝင် တစ်ဦးက ၎င်းတို့၏ ခွင့်ပြုချက်ဖြင့်သာ မျက်မှောက်တွင် စစ်ဆေးရန် တောင်းဆိုထားပြီး ယနေ့တိုင် ပြန် လည်စစ်ဆေးခြင်းမရှိသေးပေ။

ထိုင်းနိုင်ငံ ကော့စမွေကျွန်းတွင် ထိန်းသိမ်းခံထားရသည့် ကိုဝင်းဇော်ထွန်းကို သွားရောက်တွေ့ဆုံသည့် ဖခင် ဦးထွန်းထွန်းထိုက်က “အမှုသွား အမှုလာ အရတော့ ၅၀ ရာခိုင်နှုန်း နိုင်ဖို့ မျှော်လင့်ချက်ရှိပါတယ်။ ကျွန်တော့်သား သတ်တယ်ဆိုတာ အစကတည်းက မယုံပါဘူး။ လောလောဆယ်တော့ ပြန်သွားဖို့ အစီစဉ်မရှိပါဘူး”ဟု ရန်ကုန်လေဆိပ်တွင် မဇ္ဈိမကို ပြောသည်။

စက်တင်ဘာ ၁၄ ရက် လိပ်ကျွန်းတွင် ပြုလုပ်သည့် လပြည့်ညပွဲတော်အတွင်း ဗြိတိန်စုံတွဲသေဆုံးမှုကို မြန်မာနှစ်ဦး ကျူးလွန်သည်ဟု ဆိုကာ ထိုင်းရဲတို့ ဖမ်းဆီးထားခြင်းဖြစ်သည်။ ၎င်းတို့၏ မိဘများသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အတွင်း နေထိုင်ကြသူများဖြစ်ပြီး ရခိုင်အရပ်ဖက် လူမှုအဖွဲ့အစည်းတို့၏ ကူညီမှုဖြင့် ထိုင်းနိုင်ငံသို့ အောက်တိုဘာ ၂၂ ရက်တွင် သွားရောက်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List