Friday, November 07, 2014

ပြန်ပေးငွေ များဖြင့် စစ်သွေးကြွများ လက်နက် ၀ယ်ယူနိုင်ခြင်း အပေါ် ဖိလစ်ပိုင် စစ်တပ် သတိပေး


ဖိလစ်ပိုင်နိုင်ငံတွင် အစ္စလာမစ် သူပုန်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသူများကို လွှတ်ပေးခြင်းဖြင့် ဒေါ်လာငွေ သန်းပေါင်း များစွာ တောင်းခံ ရရှိထားသည်ဟု ဖော်ပြထားသော ဗီဒီယိုဖိုင် တစ်ခုကို အွန်လိုင်းတွင် ပြသခဲ့ပြီးနောက်ပိုင်း အဆိုပါ သူပုန်များသည် ယင်းငွေ များဖြင့် လက်နက် အမြောက်အမြား  ၀ယ်ယူ အသုံးပြု သွားနိုင်သည်ဟု ဖိလစ်ပိုင် စစ်တပ်က နိုဝင်ဘာ ၅ ရက် သတိပေးချက် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

အယ်လ်ကိုင်ဒါနှင့် ဆက်စပ် နေသော အဘူ ဆာရက်ဖ် သူပုန်အဖွဲ့သည် လူမှု ကွန်ရက်တစ်ခုတွင် အထပ်လိုက်စုပုံထားသော ဖိလစ်ပိုင် နိုင်ငံ သုံး ငွေကြေး များနှင့်အတူ ၎င်းတို့၏ အဖွဲ့သားများကို ရိုက်ကူးထားသော ဗီဒီယိုတစ်ခုကို ပြသခဲ့ပြီး ယင်းငွေကြေးများသည် ပြီးခဲ့သည့် လက ဂျာမန်နိုင်ငံသား ဓါးစာခံနှစ်ဦးကို လွတ်ပေးခြင်းဖြင့် ရရှိထားသော ငွေကြေးများဖြစ်သည်ဟု ပြောကြားထားသည်။

အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် ပြသထားသော ငွေများသည် ဖမ်းဆီးထားသူများကို လွတ်မြောက်ရန်အတွက် တောင်းခဲ့ရရှိခဲ့သော ကန်ဒေါ်လာ ၅ ဒဿမ ရသန်း (ဖိလစ်ပိုင် ငွေ ပီဆို သန်း ၂၅၀) ပင် ဖြစ်သည်ဟု အဆိုပါ အဘူ ဆာရက်ဖ် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူ ရာမီ က ပြောကြားသည်။

“ ဒီငွေတွေက ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့အတွက် ပေးထားတဲ့ ငွေတွေဆိုတာ တကယ်အမှန် ဖြစ်နေမယ်ဆိုရင်တော့ သူတို့တွေဟာ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အဲဒီငွေတွေကို လက်နက်တွေ ၀ယ်ယူတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်” ဟု ဖိလစ်ပိုင် စစ်ဘက်မှ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး ဟာရို ကာဘူနော့က တ ပြောသည်။

ထို့ပြင် ထိုကဲ့သို့ ငွေအမြောက်အမြားကို ထုတ်ဖော်ပြသခြင်းသည် အခြားသော ပြန်ပေးဆွဲမှု ကိစ္စရပ်များ
ဖြစ်ပေါ်စေရန် အားပေးသကဲ့ သို့ ဖြစ်စေနိုင်သည်ဟု ဖိလစ်ပိုင် စစ်ဘက် အကြီးအကဲ တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဂရီဂိုရီယို ကာတာပန်က သတိပေးခဲ့သော်လည်း သူပုန်အဖွဲ့ ပြသခဲ့သည့် ယင်းငွေများမှာ အမှန်စစ်စစ် မဟုတ်နိုင်ဟု ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် ဂျာမန် နိုင်ငံသားများ လွတ်မြောက်ရန် အတွက် အဆိုပါ ငွေကြေးများ ပေးအပ်ခဲ့ရခြင်း ရှိမရှိကို ဖော်ထုတ်ရန် ကိစ္စကို ဂျာမဏီနှင့် ဖိလစ်ပိုင် အာဏာပိုင်များက ပယ်ချထားခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List