Friday, November 07, 2014

ဥပဒေအရာရှိ (အစိုးရရှေ့နေ) များကို တိုင်ကြားသည့် တိုင်ကြားစာများအပါအ၀င် ၂၀၁၄ ခုနှစ် သြဂုတ်လကုန်အထိ ပြည်သူများထံမှ တိုင်ကြားစာပေါင်း ၁၀၃၀၀ ကျော် ရောက်ရှိခဲ့ကြောင်း တရားစီရင်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြောကြား



ပြည်သူ့လွှတ်တော်ရှိ တရားစီရင်ရေးဆိုင်ရာကော်မတီသို့ ကော်မတီစတင်ဖွဲ့စည်းချိန်မှ ၂ဝ၁၄ ခုနှစ် ဩဂုတ်လကုန် အထိ ပြည်သူများထံမှ ဥပဒေအရာရှိများ (အစိုးရရှေ့နေ) ကို တိုင်ကြားသည့်တိုင်ကြားစာများအပါအဝင် တိုင်ကြား စာပေါင်း ၁ဝ၃ဝဝ ကျော် ရောက်ရှိခဲ့ကြောင်း တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီဥက္ကဠ သူရဦးအောင်ကိုက ပြောကြားသည်။
“တရားစီရင်ရေးကဏ္ဍမှာ ငွေများတရားနိုင်ဖြစ်နေတာတွေ မတရားစီရင်ခြင်းခံရလို့ တိုင်တာတွေများတယ်။ နောက်ပိုင်း ဥပဒေအရာရှိတွေကိုပါ တိုင်ကြားလာကြတာတွေရှိတယ်။ ဥပမာပြောရရင် လာဘ်ယူပြီး လူသတ်မှု ၃ဝ၂ ကို လူသေမှု ၃ဝ၄ ပြောင်းတပ်ပေးတာမျိုးတွေ။ အာမခံမပေးရတဲ့အမှုတွေကို အာမခံပေးလို့ရတဲ့ ပုဒ်မပြောင်းတပ်တာမျိုးတွေ။ အဲဒါမျိုးတွေနဲ့ ပတ်သက်ပြီး တရားသူကြီးတွေကို တိုင်တယ်။ တချို့တိုင်စာတွေမှာ တရားသူကြီးတွေနဲ့ ရဲနဲ့ပေါင်းပြီး မတရားလုပ်တယ်ဆိုတာတွေ တိုင်တယ်။ ကျွန်တော်တို့ တိုင်ကြားစာတွေကို ပြန်လည်စိစစ်ပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးနေပါတယ်”ဟု ပြည်သူ့လွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီဥက္ကဠ သူရဦးအောင်ကိုက ပြောကြားသည်။

သူရဦးအောင်ကိုက“ကော်မတီ စတင်ဖွဲ့စည်းချိန်ကနေ ၂ဝ၁၄ ခုနှစ် ဩဂုတ်လကုန်အထိ အမှုတွဲနဲ့ တိုင်ကြားစာပေါင်း ၁ဝ၃ဝဝ ကျော်ရှိတယ်။ အကြမ်းဖျင်းဆောင်ရွက်နိုင်မှုအခြေအနေကတာ့ ပြည်ထောင်စုအစိုးရအဖွဲ့သို့ လွှဲပြောင်းပေး ပို့တာ ၆၃၃ စောင်၊ သမ္မတရုံးသို့ လွှဲပြောင်းပေးပို့တာ ၁၇၇ စောင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့တာ ၃၅၈ စောင်၊ ပြည်နယ်/တိုင်း တရားလွှတ်တော်များသို့ လွှဲပြောင်းပေးပို့တာ ၈၇၈ စောင် နဲ့ အခြားသက်ဆိုင်သော အခြားကော်မတီများသို့ လွှဲပြောင်းပေးပို့ ၃၃၉ စောင်တို့ ဖြစ်ပါတယ်”ဟု ဆက်လက်ပြောကြားသည်။

ထိုသို့ ပေးပို့ခဲ့ပြီးနောက် အရေးယူဆောင်ရွက်ခဲ့မှုများအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ အကြောင်းပြန်စာ ၃၃ စောင်၊ ပြည်ထောင်စုတရားလွှတ်တော်မှ ပြန်စာ ၂၈၇ စောင်၊ ပြည်နယ်/တိုင်း တရားလွှတ်တော်များပြန်ကြားချက် ၅၂၆ စောင်၊ ကော်မတီမှ တိုင်ကြားသူ၊ ကာယကံရှင်ထံသို့ အကြောင်းပြန်ကြားချက် ၂၇၈ စောင်ရှိခဲ့ကြောင်း သူရဦးအောင်ကိုက ဆိုသည်။

“ကော်မတီကိုပေးအပ်ထားတဲ့ လုပ်ငန်းတာဝန်တွေအပေါ် ရာခိုင်နှုန်း ၉ဝ မအောင်မြင်ဘူးလို့ ဝန်ခံပြောကြားရမှာပါ။ တရားရေးနယ်ပယ်မှာ ပါဝင်လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေထဲမှာ တချို့က လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှုထဲမှာ ပျော်မွေ့နေတယ်လို့ ပြောရမလိုဖြစ်နေတယ်။ တရားရုံးအဆင့်ဆင့်ကလည်း အထက်အောက် အပြန်အလှန်ချိတ်ဆက်ပြီး အကာအကွယ်ပေးနေကြတယ်”ဟု သူရဦးအောင်ကိုက ပြောကြားသည်။

တရားရုံးစီရင်ချက်များအား ရုပ်/သံ CCTV မှတ်တမ်းရယူကာ တရားမျှတမှု ရှိ မရှိ သက်ဆိုင်ရာဌာနများသို့ တင်ပြနိုင် မည့် တရားရုံးများ စောင့်ကြည့်ရေးဥပဒေမူကြမ်းအား လွှတ်တော်သို့ တင်ပြထားကြောင်း ပြည်သူ့လွှတ်တော် တရား စီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီဥက္ကဠ သူရဦးအောင်ကို က ပြောကြားသည်။

တရားရုံးများ မထီမဲ့မြင်ပြုမှု အပါအဝင် တရားရုံးများ၊ တရားသူကြီးများကို ကာကွယ်ပေးသည့် တည်ဆဲဥပဒေများ များပြားလွန်းနေကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီဥက္ကဠ သူရဦးအောင်ကိုက ဆက်လတ် ပြောကြားသည်။

မဏ္ဍိုင်ကြီးသုံးရပ်အကြား တိုးတက်မှုကို ဆုတ်ယုတ်စေမည့် အားပြိုင်မှုများကို ရှောင်ရှားရန်လိုပြီး တရားစီရင်ရေး မဏ္ဍိုင်အနေဖြင့် မှန်မှန်နှင့် မြန်မြန်ဆန်ဆန် စီရင်ဆုံးဖြတ်ပေးခြင်းကို ယခုထက်ပိုမို တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က အစီရင်ခံတင်ပြထားသည်။

ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သူရဦးအောင်ကို ဆွေးနွေးစဉ်
Eleven Media Group

No comments:

Post a Comment

My Blog List