Wednesday, November 05, 2014

အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး မန္တလေးမြို့၌ ဒုတိယအကြိမ် ဆန္ဒပြ



အလွတ်တန်းသတင်းထောက် ကိုပါကြီး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် မန္တလေးမြို့၌ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၄ ရက် ညနေ ၅ နာရီက ၈၄ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ ဈေးချိုနာရီစင်ရှေ့မှ စတင်ကာ ဧရာဝတီမြစ်ဆိပ်အထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
အလွတ်တန်းသတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ နိုင်ငံရေး အင်အားစုများ၊ ကျောင်းသားအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများ၊ အလုပ်သမားနှင့် လယ်သမားများအရေး လှုပ်ရှားနေသူများ၊ အမျိုးသမီးများ အခွင့်အရေးအတွက် လှုပ်ရှားနေသူများ၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေ သူများ အစရှိသည့် နိုင်ငံရေးအင်အားစုများ စုပေါင်း၍ ကိုပါကြီးအမှုမှန် ပေါ်ပေါက်ရေးအတွက် ဖယောင်းတိုင်ထွန်း စီတန်းလှည့်လည်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

နိုဝင်ဘာ ၄ ရက်က မန္တလေးမြို့၌ ကိုပါကြီးသေဆုံးခဲ့မှုအပေါ် ဒုတိယအကြိမ်မြောက်အဖြစ် ဆန္ဒထုတ်ဖော်ပွဲအား မန္တလေးမြို့နှင့် တိုင်းအတွင်းရှိ နိုင်ငံရေးအင်အားစုများနှင့်အတူ စစ်ကိုင်းတိုင်းအတွင်းမှ နိုင်ငံရေးအင်အားစုများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

“ကိုပါကြီးရဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီးပြီဆိုပြီးတော့ ကျွန်တော်တို့ ရပ်တန့်နေလို့ မရပါဘူး။ ကျွန်တော်တို့ ပြည်သူပြည်သားတွေအနေနဲ့ ဆက်လက်စောင့်ကြည့်နေရမှာ ဖြစ်သလို ဆက်လက်တောင်းဆိုနေရမှာလည်း ဖြစ်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုညီညီကျော်က ပြောကြားသည်။

အလွတ်တန်းသတင်းထောက် ကိုပါကြီး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မန္တလေးမြို့၌ နိုင်ငံရေးအင်အားစုများမှ စုပေါင်း ဆန္ဒပြခဲ့ရာတွင် တရားဥပဒေစိုးမိုးရေး ဒို့အရေး၊ မင်းမဲ့စရိုက် ပပျောက်ရေး ဒို့အရေး၊ နိုင်ငံသားအခွင့်အရေးရရှိရေး ဒို့အရေး၊ ကိုပါကြီးအသတ်ခံရမှု ဖော်ထုတ်ပေး၊ ပြစ်မှုကျူးလွန်သူများ အရေးယူပေး၊ ကိုပါကြီးသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ဒို့အရေး၊ ကိုပါကြီးအား အဓမ္မအနိုင်ကျင့် သတ်ဖြတ်သူများအား အရေးယူဆောင်ရွက်ပေးရေး ဒို့အရေး၊ အဓမ္မ၀ါဒီ အလိုမရှိ အစရှိသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်တော့်ကို ကိုပါကြီးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပထမအကြိမ် ဆန္ဒပြခဲ့တာနဲ့ ပတ်သက်လို့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ခံထားရတယ်။ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်အရေးယူခြင်း မယူခြင်းက အဓိကမကျပါဘူး။ တရားဥပဒေ စိုးမိုးရေးနဲ့ ကိုပါကြီး မတရား သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးက အဓိကကျပါတယ်” ဟု အလွတ်တန်းသတင်း ထောက် ကိုပါကြီး အသတ်ခံခဲ့ရခြင်းနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် အောင်မြေ သာစံမြို့နယ် တရားရုံး၌ အမှုရင်ဆိုင်နေရသည့် ကိုသိန်းအောင်မြင့်က ပြောကြားသည်။

အလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ မန္တလေးမြို့တွင် ဒုတိယအကြိမ်မြောက်အဖြစ် ဆန္ဒထုတ်ဖော်မှုတွင် မန္တလေးမြို့ရှိ နိုင်ငံရေးအင်အားစုများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာတစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ကြသည်။

အလွတ်တန်းသတင်းထောက် ကိုပါကြီး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက မန္တလေးမြို့ လမ်း ၈၀ နှင့် ၂၆ လမ်းထောင့် (နန်းမြို့ရိုးကျုံးထောင့်) တွင် နိုင်ငံရေးအင်အားစုများ စုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ရဲစခန်း၏ တရားဝင်ခွင့်ပြုချက် မရှိခြင်းကြောင့်ဟု ဆိုကာ အောင်မြေသာစံမြို့နယ် အမှတ် (၅) ရဲစခန်းမှ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ဦးသိန်းအောင်မြင့်ပါ ၂၀ အား (ပ) ၄၃၁/၂၀၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်း များအရ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List