Tuesday, November 04, 2014

လိပ်ကျွန်းလူသတ်မှု သဲလွန်စများ ဆွဲထုတ်နေသော ဖေ့စ်ဘုတ်စုံထောက် ကိုယ်ရောင်ပြပြီ


ထိုင်းတောင်ပိုင်း လိပ်ကျွန်းက လူသတ်မှုနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ၊ သတင်းတွေ အဆက်မပြတ် တင်ပြပြီးတဲ့နောက် သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ ၀င်ဖတ်သူ၊ နှစ်သက်သူ ဦးရေပေါင်း ၄ သိန်းနီးပါးရှိသွားပြီဖြစ်တဲ့ စီအက်စ်အိုင်အယ်လ်အေ CSI LA ဆိုတဲ့ အကောင့် ပိုင်ရှင်ဟာ သူဘယ်သူလဲ ဆိုတာကို ဖော်ထုတ်ပြသလိုက်ပြီ ဖြစ်ပါတယ်။

သူ့ကို ထိုင်းရဲတပ်ဖွဲ့က ကွန်ပြူတာ အီလက်ထရောနစ်ဥပဒေ၊ တာဝန် ၀တ္တရားနှောင့်ယှက်မှုတွေနဲ့ ဖော် ထုတ်အရေးယူသွားမယ်လို့ ပြောထားသလို လူမှုကွန်ရက်မှာလည်း သူ့ရဲ့ အကောင့် နာမည်ကို ယူသုံးပြီး အခြားပရို ဖိုင်းပုံတွေနဲ့ နာမည်ပျက်အောင် တိုက်ခိုက် ရေးသားလာကြတဲ့ အတွက် သူက “ရွှေသားစစ်ရင် မီးလောင်မှာမကြောက်”လို့ ဆိုပြီး သူ့ဓာတ်ပုံအစစ်နဲ့ ကိုယ်ရေး ရာဇ၀င်တွေ ကို နိုဝင်ဘာလ ၄ ရက်နေ့မှာ ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။

သူ့ရဲ့ အမည်ရင်းဟာ ဒေးဗစ် ခေါ် ပရမုခ် အနန္တဆင်လ် ဖြစ်ပြီး အသက် ၃၆ ရှိပြီဖြစ်ကြောင်း၊ ဇာတိမွေး ရပ်မြေမှာ ထိုင်းနိုင်ငံ အလယ်ပိုင်း ချွန်းပူးရီးခရိုင်ကဖြစ်ပြီး အသက် ၁၈ နှစ် ကစလို့ နိုင်ငံခြားမှာ ပညာသင်ခဲ့တာမှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျစ်တက္ကသိုလ်ကနေ အပြည်ပြည် ဆိုင်ရာ စီးပွားရေးဘာသာရပ်နဲ့ ကျောင်းပြီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ အလုပ်အကိုင်မှာ ကျောက်မျက်ရတနာ ဒီဇိုင်းနာနဲ့ ရောင်းဝယ်ရေးလုပ်ငန်းရှင်ဖြစ်ပြီး Rotary Club လူမှုအသင်း ဥက္ကဋ္ဌဖြစ်ကြောင်း၊ သူဟာ လူမှုရေးကူညီမှုလုပ်ငန်းကို စိတ်ဝင်စားပြီး တရားမျှတမှုနဲ့ အမှန် တရားကို မြတ်နိုးတယ်တယ်လို့ ထိုင်းရုပ်သံလိုင်း အင်တာဗျူး တခုမှာ ဖြေကြားထားပါတယ်။

Critical ဝေဘန်ပိုင်းခြားစဉ်းစားခြင်း၊ Skeptics – သံသယဖြစ်ခြင်း၊ Investigation – စုံစမ်းခြင်း လို့ အဓိပ္ပါယ်ရှိတဲ့ စီအက်စ်အိုင်အယ်အေ (CSI LA) ဖေ့စ်ဘုတ်စာမျက်နှာကို ၂၀၁၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စဖွင့်ခဲ့ပြီး အစပိုင်းမှာ ကြိုက်သူပေါင်း ထောင်ဂဏန်းသာရှိပေမယ့် လိပ်ကျွန်းလူသတ်မှု အကြောင်း ပို့စ်တင်ပြီးတဲ့နောက် ပရိသတ်တွေ သိန်းချီရှိလာတာ ဖြစ်ပါတယ်။

လိပ်ကျွန်းလူသတ်မှုမှာ မြန်မာလူငယ် ၂ ဦးဟာ တရားခံအစစ်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်နဲ့ ထိုင်း ရဲချုပ်ကြီးက ပြောဆိုပြီး လူမှုကွန်ရက်တွေက သံသယနဲ့အမျိုးမျိုး ပြောဆိုနေကြတာဟာ စိတ်ကူနဲ့ မှန်းဆပုံဖော်တာတွေသာ ဖြစ်တဲ့အတွက် ထိုင်းရဲတပ်ဖွဲ့နဲ့ ဆောင်ရွက်ချက်တွေအပေါ် ဝေဖန်တာ ဘဲဖြစ်ဖြစ်၊ ထပ်ပြီးမျှဝေ (Share) တာဘဲဖြစ်ဖြစ် အရေးယူခံရမယ်လို့ သတိပေးထား ပါတယ်။

စီအဲက်စ်အိုင်အယ်လ်အေ ပိုင်ရှင် ဒေးဗစ်ကတော့ သူဟာ ဘာမှ အမှားလုပ် ထားတာ မဟုတ်တဲ့ အတွက် ကြောက်ရွံ့မှု မရှိကြောင်း၊ အမေရိကန်ရဲ့ သတင်းလွတ်လပ်ခွင့်ဥပဒေကလည်း သူ့ကို ကာကွယ်ပေးထား တဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က သူ့ကိုဘာမှ မလုပ်နိုင်ကြောင်း၊ ထိုင်းရဲချုပ်ရော၊ ကော့တောင်ကျွန်းသူကြီးနဲ့ သူကြီးသားပါ သူ့နဲ့ မီဒီယာမှာ ရင်ဆိုင်တွေ့ ဆုံနိုင်ကြောင်း စိမ်ခေါ်ထားပါတယ်။

စီအက်စ်အိုင်အယ်လ်အေဟာ ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်တဲ့ သဲလွန်စ ဓာတ်ပုံ၊ အထောက်အထားတွေ၊ သတင်းအချက် အလက်တွေကို စုစည်းဖော်ပြပြီး ထိုင်းရဲတပ် ဖို့ကို သံသယ မေးခွန်းပေါင်း ၅၀ ကျော် ပြန်ထုတ်ခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကလည်း စီအက်စ်အိုင်အယ်လ်အေ အပါအ၀င် ထိုင်းပြည်သူ အများစုက မေးခွန်းတွေကို တိတိကျကျ ဖြေမပေးနိုင်တဲ့အတွက် မယုံကြည်မှု၊ ဝေဖန်မှုတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List