Friday, November 07, 2014

ဟောင်ကောင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား


ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီ လိုလားသော ဟောင်ကောင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား နိုဝင်ဘာလ ၆ ရက်နေ့အစောပိုင်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည် သိရသည်။

ဒေသစံတော်ချိန် နံနက် ၂ နာရီနောက်ပိုင်း မောင်ကော့အရပ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး မျက်နှာဖုံး တပ်ဆင်ထားသူ ၃၀ကျော်အပါအ၀င် ဆန္ဒပြသူ ရာပေါင်းများစွာ စုဝေးနေသော နေရာတွင် နံပါတ်တုတ်များ ကိုင်ဆောင်ထားသော ရဲတပ်ဖွဲ့ဝင် ဒါဇင်ပေါင်း များစွာနှင့် ဆန္ဒပြသူများ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူ ဒါဇင်ပေါင်း များစွာကို ရဲတပ်ဖွဲ့ဝင်များက ငရုတ်ကောင်း အရည်များဖြင့် ပက်ကာ လူစု ခွဲခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး  လူသုံးဦးကို ရဲများက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှု ဖြစ်ပွား ရခြင်းမှာ ရဲအရာရှိ တစ်ဦးကို ရန်စရန် ကင်မရာ ဖလက်ရှ်မီးကို အသုံးပြုခဲ့သည့် အမျိုးသား တစ်ဦးကြောင့် ဖြစ်ကြောင်း သိရသည်။ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရာထူးအတွက် ယှဉ်ပြိုင်အရွေးခံမည့် သူများကို ကော်မတီ တစ်ရပ်က စိစစ်ပေးရမည်ဟု ပေကျင်းက ဇူလိုင်လက ပြဋ္ဌာန်းခဲ့ရာ ယင်းမှာ ဒီမိုကရေစီ အတုဟု ဆန္ဒပြသူ များက ခေါ်ဆိုခဲ့သည်။

ဆန္ဒပြသူ အရေအတွက် အများဆုံး ၁၀၀၀၀၀ အထိ ရောက်ရှိ ခဲ့ပြီး အက်ဒ်မိုင်ရယ်လ်တီနှင့် မောင်ကော့ အပါအ၀င် နေရာအချို့သို့ ဆန္ဒပြမှုများ ပျံ့နှံ့သွားခဲ့ သည်။

နိုဝင်ဘာလ ၅ ရက်က ဒီမိုကရေစီ လိုလားသော လှုပ်ရှားတက်ကြွသူ ၂၀ ခန့်သည် လွန်ခဲ့သည့် လက ပြည်မကြီးက ထိန်းသိမ်း ထားသော ဆန္ဒပြသူ ၁၀၀ နီးပါးကို လွှတ်ပေးရန် ချီတက် တောင်းဆိုခဲ့သည်။ ပေကျင်း၌ နိုဝင်ဘာလ ၁၀ ရက်မှ ၁၁ ရက် အထိ ကျင်းပမည့် အာရှ-ပစိ ဖိတ် စီးပွားရေး ပူးပေါင်း လုပ်ဆောင်ရေး ဖိုရမ်သို့ အမေရိကန် သမ္မတနှင့် အခြား ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ချိန် ပေကျင်း အထိ သွားရောက် တောင်းဆိုရန်ဆန္ဒပြသူ များက စဉ်းစား နေကြောင်း သိရသည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List