Wednesday, November 05, 2014

ယူနိုက်တက်အမရဘဏ်အား ဦးအောင်သောင်း၏သား ဦးနေအောင်က ရာခိုင်နှုန်း ၉၀ အထိ ပိုင်ဆိုင်ထားပြီး ပြည်သူများ၏အပ်ငွေများ မဆုံးရှုံးနိုင်ကြောင်း UAB နှင့် ဗဟိုဘဏ်က အာမခံဟု ရှင်းလင်း



အမေရိကန်ပြည်ထောင်စုမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ (ယခင်စက်မှု(၁) ဝန်ကြီးဟောင်း) ဖြစ်သူ ဦးအောင်သောင်းအား Sanction Blacklist စာရင်းတွင် ထည့်သွင်းပြီးနောက် ဦးအောင်သောင်း၏သားဖြစ်သူ ဦးနေအောင် ရှယ်ယာရာခိုင်နှုန်း ၉ဝ အထိ အဓိကပိုင်ဆိုင်သည့် UAB ဘဏ်တွင် အပ်နှံထားသော ငွေများအား ပြည်သူများ ပြန်လည်ထုတ်ယူနေကြသည်ဟူသော သတင်းများနှင့်ပတ် သက်၍ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့ရှိ UAB ဘဏ်ရုံး၌ ပြုလုပ်ခဲ့ပြီး ပြည်သူများ၏ အပ်နှံငွေများ ဆုံးရှုံးမှုမရှိရန် အာမခံကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်နှင့် UAB ဘဏ် အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းဆွေတို့က ပြောကြားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ အဓိကရှယ်ယာရှင်ဖြစ်သူ ဦးနေအောင်မှာ ပြည်ပခရီး သွားရောက်နေသည်ဟုဆိုကာ တက်ရောက်ခဲ့ခြင်း မရှိသလို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှလည်း တက်ရောက်ခဲ့ခြင်း မဟုတ်ဘဲ ဖုန်းဖြင့်သာ ဆက် သွယ်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် UAB ဘဏ်၏ အပ်ငွေစုစုပေါင်းမှာ ကျပ် ၄၄ဝ ဘီလျံအထိ ရှိနေပြီး ချေးငွေစုစုပေါင်းမှာ ကျပ် ၂၃၁ ဘီလျံအထိ ရှိနေကြောင်း ဦးသန်းဝင်းဆွေက ဆိုသည်။ ဦးအောင်သောင်းအား Sanction Blacklist စာရင်းတွင် ထည့်သွင်းကြောင်း သတင်းထွက်ပေါ်ပြီးနောက် နိုဝင်ဘာ ၃ ရက်က ပြည်သူများအပ်ငွေပေါင်း ၄၄ ဘီလျံအထိရှိပြီး ထုတ်ငွေ ၄၁ ဘီလျံအထိ ရှိခဲ့သော်လည်း နိုဝင်ဘာ ၄ ရက်မှာမူ ထုတ်ငွေ ၂၆ ဘီလျံနှင့် အပ်ငွေ ၁၆ ဘီလျံအထိ အပ်ငွေနှင့် ထုတ်ငွေနှစ်ရပ်စလုံးတွင် ကျဆင်းမှုဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ကျဆင်းမှုမှာလည်း ကောလာဟလကြောင့် သာဖြစ်ပြီး ထုတ်ငွေပမာဏ များပြားလာသည် ဆိုရာတွင်လည်း ၁ဝ ဘီလျံခန့်သာ ကွာဟခြင်းဖြစ်ကြောင်း ဦးသန်း ဝင်းဆွေက ဆိုသည်။ အဆိုပါပမာဏမှာ ကြီးမားသည့်ကွာဟမှုမဟုတ်ဘဲ မြန်မာနိုင်ငံ ဗဟိုဘဏ်တွင် UAB ဘဏ်၏ မ,တည်အပ်ငွေပေါင်း ကျပ်ဘီလျံ ၄ဝ အထိရှိနေကြောင်း ဦးသန်းဝင်းဆွေက ဆက်လက်ပြောကြားသည်။

“ဘဏ်ကို ဝင်လာတဲ့ငွေနဲ့ ထွက်လာတဲ့ငွေဟာ ဘဏ်တိုင်းဘဏ်တိုင်းမှာ ပျှမ်းမျှ-တစ်ခါတလေ များတဲ့ရက်ဆိုရင် လေးဘီလျံ ငါးဘီလျံ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ၄ဝ နဲ့ ၄၅ ဘီလျံကြားဝင်တာ ရှိပါတယ်။ ထွက်တာရှိပါတယ်။ ဒါကြောင့်မို့လို့ မနေ့ကဆိုရင် ကျွန်တော်တို့ဆီမှာဆိုရင် ၄၄ ဘီလျံက ဝင်လာပါတယ်။ ၄၁ ဘီလျံက ထွက်သွားပါတယ်။ ဒါပုံမှန် အခြေအနေပါ။ ဒီနေ့ကျတော့ ဒီလိုကိစ္စလေးတွေ ရှိလာတဲ့ အခါကျတော့ ဝင်လာတာက ၁၆ ဘီလျံ ထွက်သွားတာက ၂၆ ဘီလျံ ဖြစ်ပါတယ်။ ခြားနားချက် ၁ဝ ဘီလျံပဲ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ Liquidity Ratio ကို Confidence ရှိရှိနဲ့ ပေးနိုင်ပါတယ်။ အာမခံရှိရှိနဲ့ ပေးနိုင်ပါတယ်။ နောက်အပြင်က လူတွေရဲ့ စိုးရိမ်စိတ်ကြောင့် ထုတ်ယူခြင်း ဖြစ်ပါတယ်။ ဗဟိုဘဏ်ကလည်း လိုအပ်ရင် ကူညီဖို့စောင့်ကြည့်နေပါတယ်” ဟု ဦးသန်းဝင်းဆွေက ပြောကြားသည်။

ဦးအောင်သောင်းအား တစ်သီးပုဂ္ဂလအနေဖြင့် အမေရိကန်နိုင်ငံက Sanction Blacklist စာရင်းတွင် ထည့်သွင်း ထားခြင်းဖြစ်ပြီး ဦးအောင်သောင်း၏သားဖြစ်သူ ဦးနေအောင်မှာ အမေရိကန် Sanction Blacklist စာရင်းတွင် ထည့်သွင်းခံထားရမှု မရှိကြောင်း ဦးသန်းဝင်းဆွေက ရှင်းလင်းသည်။

မြန်မာနိုင်ငံရှိ ဘဏ်များအနက် အမေရိကန်အစိုးရ၏ Sanction Blacklist စာရင်းတွင် ပါဝင်နေသည့် ဘဏ်များမှာ နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် တပ်မတော်နှင့် ဆက်နွှယ်နေသည့် အင်းဝဘဏ်၊ မြဝတီဘဏ်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များတွင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်တို့ဖြစ်ပြီး UAB ဘဏ်သည် အမေရိကန်နိုင်ငံ၏ Sanction Blacklist စာရင်းတွင် ပါဝင်မှုမရှိကြောင်း UAB ဘဏ်မှ သတင်းစာရှင်းလင်း ပွဲတွင် မီဒီယာများသို့ပေးအပ်သည့် ရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။ 

UAB ဘဏ်သည် မြန်မာနိုင်ငံရှိ ဘဏ်များနည်းတူ အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် အမေရိကန်နိုင်ငံ ဘဏ်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ခွင့် မရှိသော်လည်း ဥရောပမှ အကြီးဆုံးဘဏ်ဖြစ်သည့် Commerz ဘဏ်နှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရရှိသည့် မြန်မာနိုင်ငံရှိ ဘဏ်သုံးခုအနက် တစ်ခုဖြစ်ပြီး ဥရောပ၊ အရှေ့ အလယ်ပိုင်းနှင့် အာရှနိုင်ငံများဖြစ်သည့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ဘဏ်လုပ်ငန်းစု ၇၁ ခုနှင့် ပူးပေါင်းလုပ်ကိုင်နေကြောင်း ဦးသန်းဝင်းဆွေက ရှင်းလင်းသည်။ ထိုသို့လုပ်ဆောင်နိုင်ခြင်းမှာ UAB ဘဏ်အနေနှင့် အမေရိကန်နိုင်ငံက Sanction Blacklist စာရင်းတွင် ထည့်သွင်းခံရမှု မရှိခြင်းကြောင့် ဖြစ်ကြောင်းနှင့် ပြည်သူများအနေနှင့် အထက်ပါ အချက်အလက် များကြောင့် မိမိတို့ဘဏ်တွင် အပ်နှံထားသော ငွေကြေးများ ဆုံးရှုံးမည်ကို စိုးရိမ်ရန်မလိုအပ်ကြောင်း ဦးသန်းဝင်းဆွေက ဆိုသည်။

ဗဟိုဘဏ်အနေနှင့် လက်ရှိအချိန်တွင် UAB ဘဏ်နှင့်ပတ်သက်၍ ရှင်းလင်းမှုပြုလုပ်မည် မဟုတ်ကြောင်း၊ ထိုသို့ ရှင်းလင်းမည် မဟုတ်ခြင်းမှာလည်း တစ်သီးပုဂ္ဂလဖြစ်သူ ဦးအောင်သောင်းအား Sanction Blacklist စာရင်းတွင် အမေရိကန်က ထည့်သွင်းလိုက်သည့် ကောလာဟလကြောင့်သာဖြစ်ကြောင်း အကယ်၍ ပြည်သူများအတွက် လိုအပ်ပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့် ကြားဝင်ဖြေရှင်းမည်ဖြစ်ကြောင်း၊ UAB ဘဏ်အနေနှင့် ဗဟိုဘဏ် သတ်မှတ်ထားသည့် အခွန်ဆောင်ပြီး ငွေဖြူများအား လိုအပ်ပါက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်နေရာများမှ ထုတ်ပေးရန် ပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဆက်သွယ်ပြော ဆိုသည်။

“ဦးအောင်သောင်းကို ဆန်ရှင်လုပ်တာနဲ့ UAB မှာ ငွေထုတ်တာက ဘာမှမဆိုင်ဘူး။ UAB မှာ ဦးအောင်သောင်း Board of Directors အနေနဲ့ မပါဘူး။ UAB ရဲ့ အစုရှယ်ယာရှင်တွေထဲမှာလည်း ဦးအောင်သောင်းမပါဘူး။ ဘယ်နိုင်ငံဖြစ်ဖြစ် သတင်းထွက်ရင်တော့ အခုမျိုး လှုပ်လှုပ်ရှားရှား ဖြစ်တတ်တာပါပဲ။ မြန်မာနိုင်ငံတင် မဟုတ်ပါဘူး။ ဗဟိုဘဏ် အနေနဲ့ ကတော့ အဲဒီလို ရုတ်ရုတ်သဲသဲ ဖြစ်လာလို့ရှိရင် လိုအပ်တာ မှန်သမျှကို ဥပဒေနှင့်အညီ ကာကွယ်ပေးဖို့အတွက် အသင့်ရှိပါတယ်။ အဝင်နဲ့အထွက် မမျှတော့ဘူး ဆိုတဲ့အခါမှာ သူတို့ဗဟိုဘဏ်မှာ အပ်ထားတဲ့ငွေတွေ ရှိပါတယ်။ အဲဒီငွေတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ ချက်ချင်းထုတ်ပေးဖို့ အသင့်ရှိပါတယ်။ နောက်ဆုံးအခြေအနေမှာ ဆိုရင် လိုအပ်တဲ့အပေါ်မှာ မူတည်ပြီးတော့ လိုအပ်ချက်ကိုပြည့်မီအောင် ထုတ်ပေးသွားမှာပါ” ဟု ဦးဝင်းသော်က ပြောကြားသည်။

ဦးနေအောင်သည် ရေအားလျှပ်စစ် စီမံကိန်းပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိ ထားပြီး မဂ္ဂါဝပ် ၇၁၁ဝ အထိ ထွက်ရှိမည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် စီစဉ်ထားသော အထက်သံလွင် (မိုင်းတုံ) ရေအားလျှပ်စစ် စီမံကိန်းကဲ့သို့ ကြီးမားသည့်စီမံကိန်းကိုပင် တရုတ်ကုမ္ပဏီတစ်ခုဖြင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိထားသည်။

ကချင်ပြည်နယ်အတွင်း နော်ချမ်းခမြစ်ပေါ်တွင်လည်း ရေအားလျှပ်စစ် စီမံကိန်းလေးခုအထိ လုပ်ကိုင်ခွင့်ရရှိထားသည်။

စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်လုပ်ကိုင်သည့်ကဏ္ဍကို ကြည့်လျှင်လည်း ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ဆင်ဖြူရှင်ရိပ်သာနေရာတွင် စီးပွားဖြစ်အဆောက်အအုံ တည်ဆောက်လုပ်ကိုင်မည့် စီမံကိန်းကိုလည်း ရရှိထားသည်။

ဦးနေအောင်အနေဖြင့် ၎င်းလုပ်ငန်းများအပြင် သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ပစ္စည်းများ တင်သွင်းရောင်းချခြင်းလုပ်ငန်း အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ကျောက်မျက် လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်း များ၊ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ စသည်ဖြင့် ကဏ္ဍစုံလုပ်ငန်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားသူဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List