ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းတင်းကျေးရွာအုပ်စုမှ ကျေးရွာသားအချို့ ကျားဖြူပါတီမှ နှုတ် ထွက်၍ ကျားခေါင်းပါတီသို့ပြောင်းလဲ ၀င်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ကျေးရွာသားများ၏အခက်အခဲ များအား ကျားဖြူပါတီသို့ တင်ပြရာတွင် ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိ၍ ယခုကဲ့သို့ ပါတီပြောင်းလဲ ၀င်ရောက်ရခြင်းဖြစ်ကြောင်း ကျေးရွာသားများက ဆိုသည်။
"ပြဿနာဖြစ်ရင် ပါတီဝင်မဟုတ်ဘူးဆိုရင် ဌာနဆိုင်ရာက အရေးယူဆောင်ရွက် ပေးတာ မရှိဘူး၊ ပါတီရှိတော့ ပြဿနာဖြစ်လာရင် အားကိုးလို့ရတယ်၊ အရင် ကတော့ ကျားဖြူပါတီကပါ၊ ဒါပေမယ့် ပြဿနာဖြစ်လာ တိုင်း ပြေ လည်အောင် မရှင်းပေးလို့အခုလို ကျားခေါင်းပါတီကို ပြောင်းလဲဝင်ရောက်ခဲ့တာ"ဟု မိုင်းတင်းကျေးရွာ၊ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ ချုပ် (ကျားခေါင်း)ပါတီရုံးရှေ့တွင် နေထိုင်သူကျေးရွာသားတစ်ဦးကပြော သည်။
ရွာသားများမှ ၄င်းတို့၏ ပြဿနာများနှင့် အခက်အခဲများအား ကျောက်မဲ ကျားခေါင်းပါတီရုံးသို့ လာရောက်တိုင် ပင် ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း ယခုကဲ့သို့ ရွာလုံးကျွတ်နီးပါး ပါတီကူးပြောင်းခဲ့ခြင်းဖြစ်ကြောင်း ကျောက် မဲမြို့ ကျားခေါင်းပါတီမှ အတွင်းရေးမှူး ကိုထွန်းဥာဏ်က ပြောသည်။
"မိုင်းတင်းကျေးရွာက အိမ်ထောင်ဦးစီးအကုန်လုံး ကျွန်တော်တို့ပါတီထဲကိုပြောင်းလဲဝင်ရောက်လာတာပါ၊ လျှောက်လွှာ တစ်ရာ့ငါးဆယ်ပေးထားတာ မလောက်လို့ ရုံးဖွင့်ချင်တယ်ဆိုလို့လည်း ရုံးဖွင့်ပေးခဲ့ပါတယ်"ဟု ကျောက်မဲမြို့ ကျားခေါင်းပါတီမှ အတွင်းရေးမှူး ကိုထွန်းဥာဏ်က ပြောသည်။
ထိုသို့ ကျေးရွာသားများအနေဖြင့် ပါတီပြောင်းလဲဝင်ရောက်သွားမှုအပေါ် မည်သည့်စိတ်မှမရှိကြောင်း၊ မိမိ တို့ပါတီအနေဖြင့် ကျေးရွာသားများအတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ကျောက် မဲမြို့၊ ကျားဖြူပါတီမှဒုတိယဥက္ကဋ္ဌ ဦးစိုင်းကျော်လင်းက ပြောသည်။
"ကျေးရွာသားတွေက သူတို့ရွာရဲ့မီးလင်းရေးကော်မတီငွေအလွဲသုံးစား လုပ်တယ် ဆိုပြီး တရားစွဲချင်တယ်၊ ကျွန်တော်တို့က မန္တလေးက စာရင်းစစ် တွေနဲ့ သေချာစစ်ဆေးတော့ အလွဲသုံးစားလုပ်တာ မတွေ့ရဘူး၊ သုံးလိုက်တဲ့ ငွေတွေက မီးသတ်အဆောက်အဦးဆောက်တဲ့ နေရာမှာ အနည်းငယ်သုံး လိုက်တာ တွေ့ရ တယ်၊ ဒါကြောင့်မို့လို့ ရွာသားအချင်းချင်း ပြေလည်အောင် ကြားဝင်ညှိနှိုင်း ပေးတာကို မကျေနပ်ကြတာရယ်၊ မြေယာပြဿနာတွေမှာ လည်း ပါတီက အဆင်ပြေအောင် ညှိနှိုင်းပေးခဲ့တာကို မကျေနပ်ကြလို့ ပါတီပြောင်း လဲသွားတာလို့ မြင်တယ်၊ ဒီနေ့ အထိတော့ တရားဝင်နှုတ်ထွက်စာ တင်တဲ့သူ အယောက်နှစ်ဆယ် ကျော်ပဲ ရှိသေးတယ်၊ ပါတီအနေနဲ့ကတော့နှုတ်ထွက်သွားတဲ့ သူတွေအပေါ်မှာ ဘယ်လိုစိတ်မျိုးမှ မထားပါဘူး"ဟု
ကျောက်မဲမြို့၊ ကျားဖြူပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းကျော်လင်းက ပြောသည်။
မိုင်းတင်းကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ရှစ်ရွာ ပါဝင်သည့် ကျေးရွာအုပ်စုကြီး တစ်ခု ဖြစ်ကာ အိမ်ခြေ တစ်ထောင်ကျော်ရှိသဖြင့် ကျောက်မဲမြို့နယ် အတွင်းရှိ ပါတီများအတွက် မဲရရှိရန် အဓိက အားထားရသည့် ကျေးရွာအုပ်စုလည်းဖြစ်ကြောင်း ကျောက်မဲမြို့၊ ဒေသခံများက သုံးသပ်ပြောကြားသည်။
စိုင်းကံသာ(လားရှိုး)
The Myanma Age
No comments:
Post a Comment