Tuesday, November 04, 2014

ဘာကီနာဖာဆို နိုင်ငံရေး အကျပ်အတည်းအတွက် အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့မည်ဟု အာဏာသိမ်း စစ်တပ်ကြေညာ


နိုင်ငံရေး အလှုပ်အယမ်းများ ဖြစ်ပေါ်နေသည့် အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်သော ဘာကီနာဖာဆို၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုများ လွယ်ကူချောမွေ့စေရေးအတွက် ညီညွတ်သော အစိုးရတစ်ရပ်ကို အမြန် ဆုံး ဖွဲ့စည်းပေးမည် ဖြစ်သည်ဟု အာဏာသိမ်း စစ်တပ်က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း VOA သတင်း ဌာနက ရေးသားဖော်ပြသည်။ 

ဘာကီနာဖာဆို၏ သက်တမ်းရှည် သမ္မတ ဘာစီကွန်ပါအိုရီကို ဆန့်ကျင်သည့် အတိုက်အခံ အင်အားစု များက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆူပူအုံကြွမှုများ ပြုလုပ်ကာ သမ္မတကို ရာထူးစွန့်လွှတ်ရန် ဖိအားပေးခဲ့ပြီးနောက် သောကြာနေ့ တွင် စစ်တပ်က အာဏာသိမ်းပိုက်လိုက်သည်။ 

အာဏာသိမ်းစစ်တပ်က အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ကို အများသဘော ဆန္ဒနှင့် ကိုက်ညီစွာ ဖွဲ့စည်းပေးသွားမည်ဟု ဆိုသော်လည်း အစီအစဉ် အသေးစိတ်ကိုမူ ထုတ်ဖော်ခြင်းမရှိပေ။

အခြားသော သတင်းများအရ ယင်းအသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ ထိပ်ပိုင်းရာထူးများကို စစ်ဘက် ခေါင်းဆောင်များက ရယူမည်ဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်မှူးကြီးယာကို ဘာအီဇက်ဇီဒါက အကြီးအကဲအဖြစ် တာဝန်ယူမည်ဟု ဆိုသည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် မြို့တော် အော်ဂါဒိုဂိုရှိ နိုင်ငံပိုင်ရုပ်သံဌာနကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းသော ဆန္ဒပြသူများအား သမ္မတအစောင့်တပ်ဖွဲ့မှ တပ်သားများက သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြကြောင်း၊ ယင်းရုပ်သံဌာနသို့ အတိုက်အခံခေါင်းဆောင် ဆာရာဆီရီမီ ရောက်ရှိလာပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြကြောင်း အာဏာပိုင်တို့က ဆိုသည်။

တစ်ချိန်က ပြင်သစ်ကိုလိုနီ လက်အောက်သို့ ရောက်ရှိခဲ့သည့် ဘာကီနာဖာဆိုနိုင်ငံကို ၂၇ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် သမ္မတ ဘလာစီကွန်ပါအိုရီသည် တတိယအကြိမ် သမ္မတရာထူး ရယူနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းစဉ် လူထုအုံကြွမှုကြီးနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။ 

ဆန္ဒပြသူများက ပါလီမန်ကို မီးရှို့ရန်ကြိုးပမ်းခြင်း၊ အကြမ်းဖက်မှုများ ပြုလုပ်ခြင်းကြောင့် ၎င်းသည် အိုင်ဗရီကို့စ်သို့ ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်တပ်က အာဏာသိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ 

ရာပေါင်းများစွာသော အကြမ်းဖက် ဆန္ဒပြသူများက ပါလီမန်လွှတ်တော် အပါအဝင် အစိုးရရုံးများကိုလည်း ဝင်ရောက်စီးနင်းကာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ ဘာကီနာဖာဆို ရဲတပ်ဖွဲ့နှင့် စစ်တပ်က အင်အားသုံးကာ နှိမ်နင်းဖြိုခွင်းခဲ့သည်။ 

အာဏာသိမ်း စစ်တပ်ကမူ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ပထမဦးစားပေး လုပ်ကိုင်သွားမည် ဖြစ်ကြောင်း အာဏာသိမ်းပြီးလျှင် ပြီးချင်း သတိပေးပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List