Wednesday, November 05, 2014

ပျောက်ဆုံး တောင်တက်သမားနှစ်ဦးကို ကျပ်သိန်း ၁၅၀ စီဖြင့် ဂုဏ်ပြု



ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်ထိပ်သို့ ရောက်ရှိခဲ့ပြီး တောင်အဆင်းတွင် ပျောက်ဆုံးခဲ့သည့် တောင်တက်သမား နှစ်ဦးအတွက် တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းက ကျပ်သိန်း ၁၅၀ စီ အပါအဝင် ဂုဏ်ပြုဆုများဖြင့် ဂုဏ်ပြုခဲ့ကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ သိရှိရသည်။
နိုဝင်ဘာလ ၂ ရက်က ရန်ကုန်မြို့ UMFCCI ခန်းမတွင် ကျင်းပသော ခါကာဘိုရာဇီ သူရဲကောင်းများ ဂုဏ်ပြုပွဲ၌ တောင်တက်သမားနှစ်ဦး ဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့အပြင် အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့ သည့် တောင်တက်သမား ခြောက်ဦးကို ကျပ် ၁၀ သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး တွင် ပါဝင်ရင်း ရဟတ်ယာဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူ ထူးဖောင်ဒေးရှင်းမှ ကပ္ပတိန် အောင်မြတ်တိုး အတွက် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့သည်။

တောင်တက်သမားနှစ်ဦး အတွက် ဂုဏ်ပြုငွေများကို ပရီမီယားကော်ဖီကုမ္ပဏီမှ ကျပ်ငွေသိန်း ၁၀၀ စီနှင့် အသင်းမှ ကျပ်ငွေ သိန်း ၅၀ စီ ထည့်ဝင်ခဲ့ကြောင်း၊ ဂုဏ်ပြုပွဲအတွက် ဝေဖန်သူအချို့ ရှိခဲ့သော်လည်း လုပ်သင့် လုပ်ထိုက်သည့် အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ အသင်းအနေနှင့် တောင်တက်ခရီးစဉ်များကိုလည်း ဆက်လက်ထွက်ခွာသွားမည် ဖြစ်ကြောင်း တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်း ပြန်ကြားရေးတာဝန်ခံ ဦးကျော်နိုင်က ပြောကြားသည်။

“ကျွန်မအတွက်ကတော့ သူ အသက်ရှင်လိမ့်မယ်လို့ မျှော်လင့်နေတုန်းပါပဲ” ဟု အဆိုပါ အခမ်းအနားကို တက်ရောက်ခဲ့ သည့် ကိုဝေယံမင်းသူ၏ မိခင်ဖြစ်သူက ဆိုသည်။

ပျောက်ဆုံးခဲ့သူ နှစ်ဦးသည် သြဂုတ်လ ၃၁ ရက် ညနေပိုင်းက တောင်ထိပ်သို့ ရောက်ရှိခဲ့ကာ တောင်ခြေစခန်းရှိသူ များနှင့် နိုင်ငံတော်သီချင်းကို ပြိုင်တူဆိုခဲ့ကြပြီးနောက်တွင် အဆက်အသွယ် ပြတ်သွားခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်အထိ အသက်ရှင်ရန် မျှော်လင့်ကြောင်း တောင်တက်အဖွဲ့တွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားသည်။

“ဆုံးသွားတဲ့အတွက် ဖြေမဆည်အောင် ခံစားရပေမယ့် ပြည်သူ့အတွက်၊ ထူးဖောင်ဒေးရှင်းအတွက် တာဝန်ကျေ ပွန်အောင် ထမ်းဆောင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်” ဟု ကပ္ပတိန် အောင်မြတ်တိုး၏ ဇနီး ဒေါ်လှိုင်မြတ်တင့်က ဆိုသည်။

ဇူလိုင်လ ၂၆ ရက်က တောင်တက်သမားရှစ်ဦး ပါဝင်သည့်အဖွဲ့မှာ ခါကာကာဘို ရာဇီတောင်ကို တက်ရောက်ရန် ထွက်ခွာခဲ့ပြီး ခါကာဘိုရာဇီတောင်ထိပ်ကို နှစ်ဦးရောက်ရှိခဲ့ကာ ကျန်ခြောက်ဦးမှာ Base Camp တွင် ကျန်ရစ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List