Friday, November 07, 2014

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး၏ မိဘများကို ရန်ကုန်သို့ လိုက်ပို့သူ အမည်ပျက်စာရင်း သွင်းခံထားရ



ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး၏ မိဘများကို ရန်ကုန်မြို့တော်သို့ လိုက်ပါ ပို့ဆောင်ပေးသည့် မြန်မာသံရုံး၏ ကိုယ်စားလှယ် ဦးကျော်သောင်း အမည်ပျက်စာရင်း အသွင်းခံထားရသည်ကို တွေ့ရှိခဲ့ ရကြောင်း ကာယကံရှင်က The Voice သို့ ပြောကြားသည်။
ဖမ်းဆီးခံ မြန်မာနှစ်ဦး၏ မိဘများကို နိုဝင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့တော် သို့ လိုက်ပါပို့ဆောင်ပေးပြီး နိုဝင်ဘာလ ၆ ရက်နေ့က ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရာတွင် အမည်ပျက်(Black List)အသွင်းခံထားရသည်ဟု သိရှိခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အမည်ပျက်စာရင်း သွင်းခံထားရသည်ဟု ဆိုကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်ခွင့်မပြုခဲ့ဘဲ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ ကြောင်းဦးကျော်သောင်း က ပြောဆိုသည်။

အမည်ပျက်စာရင်း သွင်းရသည့် အကြောင်းရင်း မေးမြန်းရာတွင် မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) က ပေးပို့ထားသောစာကို ပြသခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။



“ဒါပေမဲ့ အဲဒီစာမှာ ဘာတွေပါလဲ မဖတ်ခဲ့ရဘူး” ဟု ဦးကျော်သောင်းက ပြောဆိုသည်။

သို့သော်လည်း လေယာဉ်ထွက်ခွာခါနီး အချိန်တွင် ထိုင်းနိုင်ငံသို သွားရောက်ခွင့် ပြုလိုက်၍ လက်ရှိတွင် ဘန်ကောက်မြို့ တော်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဦးကျော်သောင်းသည် မြန်မာနိုင်ငံကူးလက်မှတ်၊ ထိုင်းရောက် မြန်မာအလုပ် သမားများ ကိုင်ဆောင်သည့် ယာယီနိုင်ငံကူး လက်မှတ်၊ အထောက်အထားမဲ့ မြန်မာများ ကိုင်ဆောင်သည့် စာအုပ်သုံးမျိုးစလုံးကို ကိုင်ဆောင်ထားသည့် သတင်းအခိုင် အမာ ရရှိထားသဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနကို လွန်ခဲ့သည့် တစ်လခန့်က တင်ပြထားခြင်း ဖြစ်ကြောင်း MOEAF မှ အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ပြောဆိုသည်။

သို့သော်လည်း ဦးကျော်သောင်းကမူ ၎င်းတွင် အလုပ်သမားများ ကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ်တစ်ခုသာ ကိုင်ဆောင်ထားခြင်း ဖြစ်ပြီး ယင်းစာအုပ်မှာလည်း သက်တမ်းကုန်ဆုံးနေပြီ ဖြစ်၍ သံရုံးကို တင်ပြထားကြောင်း ပြန်လည်ပြောဆိုသည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် နိုဝင်ဘာလ ၆ ရက်နေ့ (ယနေ့)တွင် အစည်း အဝေးရှိပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင်လည်း ထိုင်းရှေ့နေများကောင်စီတွင် ရှေ့နေ ၂၀ ဦးနှင့် ဒုတိယအကြိမ် အစည်း အဝေးရှိကြောင်း ဦးကျော်သောင်းနှင့် နီးစပ်သူ ဦးစောမောင်က ဆိုသည်။

ဦးကျော်သောင်းသည် လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအရေး လိုက်ပါဆောင်ရွက်ပေးရန် မြန်မာသံရုံးက ဖွဲ့စည်းထားသည့် အထူးစုံစမ်းစစ်ဆေးရေး ကော်မတီတွင် ပါဝင်သူဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့တွင် ဒါရိုက်တာအဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်ကို တိတိကျကျ သိရှိနိုင်စေရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လ.ဝ.က အရာရှိများကို ဆက်သွယ်မေးမြန်းသော်လည်း ရုံးပိတ်ရက် ဖြစ်နေသဖြင့် တာဝန်ရှိသူ မရှိကြောင်းသာ ပြန်လည်ဖြေကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List